CGTN စစ်တမ်း - ဂျပန်နဲ့အမေရိကန်အကြား စစ်ရေးချိတ်ဆက်မှုများ တိုးမြှင့်လုပ်ဆောင်နေခြင်းကို ကမ္ဘာတစ်ဝန်းမှ စစ်တမ်းဖြေဆိုသူ ၈၁.၆၉% က စိုးရိမ်ပူပန်နေကြ

(GMT+08:00)2024-08-02 13:34:22  

မကြာသေးမီက ဂျပန် နဲ့ အမေရိကန် နှစ်နိုင်ငံက နိုင်ငံခြားရေးနှင့်ကာကွယ်ရေးဝန်ကြီးများ “၂+၂” ဆွေးနွေးပွဲအပြီးမှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဂျပန်အခြေစိုက် အမေရိကန်စစ်တပ်က “ပေါင်းစပ်တပ်ဌာနချုပ်” ဖွဲ့စည်းမယ်လို့ နှစ်နိုင်ငံက အတည်ပြုခဲ့ပါတယ်။ ဂျပန်အခြေစိုက် အမေရိကန်တပ်စခန်းဌာနချုပ်ကို တပ်အမျိုးအစားအားလုံး ဒါမှမဟုတ် “ပူးပေါင်းတပ်ဖွဲ့” ဌာနချုပ်အဖြစ် အဆင့်မြှင့်တင်ပြီး ဂျပန်နိုင်ငံနဲ့အတူ အကြီးစားလှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခြင်းခံခဲ့ရပါတယ်။ China Media Group CGTN က ကမ္ဘာတစ်ဝန်းမှ အင်တာနက်အသုံးပြုသူများကို ကောက်ယူထားတဲ့ စစ်တမ်းမှာ ဖြေဆိုသူ ၈၁.၆၉% က ဂျပန်နဲ့အမေရိကန် ထူထောင်ထားတဲ့ စစ်ရေးလုံခြုံရေး “အသိုင်းအဝိုင်းငယ်” က ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို သက်ရောက်မှုရှိတဲ့ ခြိမ်းခြောက်မှုအသစ်ဖြစ်တယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းက အလေးထားသတိပြုသင့်တယ်လို့ ယူဆကြပါတယ်။

ဝန်ကြီးချုပ် Fumio Kishida တာဝန်ထမ်းဆောင်ခဲ့ချိန်မှစပြီး ဂျပန်ဟာ ဂျပန်-အမေရိကန် မဟာမိတ်ဖွဲ့မှုကို အဆက်မပြတ် တိုးမြှင့်လုပ်ဆောင်လာခဲ့ပြီး အမေရိကန်ရဲ့ “အင်ဒိုပစိဖိတ်မဟာဗျူဟာ” ကို ထောက်ခံခြင်းဖြင့် “စစ်ရေးဖြေလျှော့မှု” ကို ရယူနိုင်ရန် ကြိုးပမ်းလာခဲ့ပါတယ်။ အမေရိကန်က မချုပ်ချယ်ဘဲခွင့်ပြုပေးထားတာကြောင့် ဂျပန်က ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ယန်း ၇.၉၄၉၆ ထရီလီယံအထိ တိုးမြှင့်ခဲ့ပြီး စံချိန်တင်မြင့်မားခဲ့ပါတယ်။ ဂျပန်က ငြိမ်းချမ်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွေဖယ်နေတဲ့ အန္တရာယ်ရှိတဲ့လမ်းကြောင်းပေါ်မှာ တော်တော်လေးခရီးရောက်နေပြီလို့ ကမ္ဘာတစ်ဝန်းမှ စစ်တမ်း ဖြေဆိုသူ ၉၀.၃၃% က ယူဆကြပါတယ်။ ဂျပန်က ဆင်ခြင်တုံတရားမဲ့စွာ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းကို ဖြေဆိုသူ ၈၇.၄၆% က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပြီး များပြားလွန်းတဲ့ ကာကွယ်ရေးအသုံးစရိတ်က ပြည်သူ့အကျိုးပြုလုပ်ငန်းနဲ့သက်ဆိုင်တဲ့ ငွေကြေးအသုံးစရိတ်တွေနေရာမှာ နေရာယူလာကာ ပြည်သူလူထုဘဝ တိုးတက်ကောင်းမွန်မှုကို ထိခိုက်စေမယ်လို့ ယူဆကြပါတယ်။ နောက်ထပ် ဖြေဆိုသူ ၈၇.၇၅% ကလည်း သံတမန်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အမေရိကန်ဦးဆောင်တဲ့ ဂျပန်နိုင်ငံရဲ့ လုပ်နည်းလုပ်ဟန်တွေကို များစွာစိုးရိမ်ပူပန်ကြပြီး ဒီလိုလုပ်ဆောင်မှုက အာရှ-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေပြီး ဒေသတွင်းအဖွဲ့များ ထိပ်တိုက်ရင်ဆိုင်မှု ပြင်းထန်လာမှာကို စိုးရိမ်နေကြပါတယ်။

ဒါ့အပြင် ဂျပန်နဲ့အမေရိကန်ရဲ့ ယခုအကြိမ်ဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာ “တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှု” ဆိုပြီး ဆက်လက်ချဲ့ကားပြောဆို ဖို့လည်း မမေ့ခဲ့ပါဘူး။ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒက “သူတစ်ပါးကိုစတေးပြီး ကိုယ်ပိုင်အကျိုးစီးပွားကို ဖန်တီးဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတကာအစီအစဉ်ကို ပြန်လည်ပုံဖော်ရန် ကြိုးပမ်းနေတယ်” လို့ ပြောကြားခဲ့ပြီး တောင်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ရပ်တည်မှုနဲ့ “ခြိမ်းခြောက်မှုနဲ့ ရန်စမှုများ” ကို “ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပါတယ်။” ဒါကို စစ်တမ်းဖြေဆိုသူ ၈၇.၉၈% က သဘောမတူကြဘဲ ဒေသပြင်ပကနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံက တောင်ပင်လယ်အရေးမှာ ပေါ်ပေါ်ထင်ထင် ပါဝင်နေခြင်းက ဒေသတွင်းအခြေအနေကို ပိုမိုရှုပ်ထွေးစေပြီး ပြဿနာဖြေရှင်းဖို့အတွက် အထောက်အကူမပြုဘူးလို့ ယူဆကြပါတယ်။

သမိုင်းကြောင်းဆိုတာ အကောင်းဆုံးသင်ရိုးညွှန်းတမ်းဖြစ်ပြီး အကောင်းဆုံး နိုးကြားစေတဲ့ဆေးလည်း ဖြစ်ပါတယ်။ အာရှတိုက်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျပန်က အမေရိကန်ရဲ့ ပြိုင်ဖက်တွေကို ဖိနှိပ်ဖို့အတွက် ကျားကွက်တစ်ကွက် မဖြစ်သင့်ပါဘူး။ ဒါကို စစ်တမ်းဖြေဆိုသူ ၈၇.၉၃% က တူညီတဲ့သဘောထားရှိပြီး ဂျပန်အစိုးရက ရှိသင့်ရှိထိုက်တဲ့ မဟာဗျူဟာမြောက် အမှီအခိုကင်းမှုကို ထုတ်ဖော်ပြသသင့်တယ်၊ ဂျပန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ အမှန်တကယ်ကိုက်ညီတဲ့ သံတမန်ဆက်ဆံရေးမူဝါဒကို ချမှတ်ပြီး လက်တွေ့ဆောင်ရွက်ချက်များဖြင့် အာရှတိုက်ရှိ အိမ်နီးချင်းနိုင်ငံများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကို ရယူသင့်တယ်လို့ တိုက်တွန်းကြပါတယ်။ 

ဒီစစ်တမ်းကို CGTN ရဲ့ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ အာရပ် နဲ့ ရုရှား ဘာသာစကားပလက်ဖောင်းတွေမှာ ထုတ်ပြန်ခဲ့ရာ ၂၄ နာရီအတွင်း အင်တာနက်အသုံးပြုသူ ၇၂၅၄ ဦး ပါဝင်မဲပေးခဲ့ပြီး သဘောထားအမြင်များ ဖော်ပြခဲ့ပါတယ်။