တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် ဇူလိုင်လ ၃၀ ရက်နေ့ ညနေပိုင်းက နယ်စပ်ဒေသ ခေတ်မီ ပင်လယ်နှင့် လေကြောင်း ကာကွယ်ရေးကို တွန်းအားပေးရေးဆိုင်ရာ ၁၆ ကြိမ်မြောက် စုပေါင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆွေးနွေးပွဲကို ကြီးမှူး ကျင်းပပြီး အရေးကြီးမိန့်ခွန်းပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို လမ်းညွှန်ချက်အဖြစ် ထားပြီး နိုင်ငံတော် လုံခြုံရေး မဟာဗျူဟာနှင့် စစ်ရေး မဟာဗျူဟာအပေါ် မူတည်ကာ ပြည်တွင်းပြည်ပ အခြေအနေ အကြောင်းအရာများကို တစ် ပြိုင်နက် စီမံခန့်ခွဲရမည် ဖြစ်ကြောင်း၊ နယ်စပ်ဒေသ ခေတ်မီ ပင်လယ်နှင့် လေကြောင်း ကာကွယ်ရေးဆိုင်ရာ ထူးခြားချက်နှင့် လိုအပ်ချက်သစ်များကို ဆုပ်ကိုင်ပြီး တာဝန်ဝတ္တရားများကို ပိုမို ကျေပွန်စွာ ထမ်းဆောင်၍ အတွေးအခေါ် အစီအမံနှင့် ဆောင်ရွက်ချက်များကို ဆန်းသစ်တီထွင်ကာ လုပ်ငန်းများ ထိထိရောက်ရောက် ဖော်ဆောင် စေပြီး အားကောင်း ခိုင်ခံ့သော နယ်စပ်ဒေသ ခေတ်မီ ပင်လယ်နှင့် လေကြောင်း ကာကွယ် ရေးကို အစွမ်းကုန် ကြိုးပမ်း တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ယခုအကြိမ် ဆွေးနွေးပွဲကို သြဂုတ်လ ၁ ရက်နေ့ တပ်မတော်နေ့ ရောက်ခါနီး အချိန်တွင် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ ရှီကျင့်ဖိန်သည် ပါတီဗဟိုကော်မတီနှင့် ဗဟို စစ်ရေးကော်မရှင် ကိုယ်စား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ စစ်မှုထမ်း၊ လက်နက်ကိုင် ရဲတပ်ဖွဲ့မှ စစ်မှုထမ်း၊ တပ်ဖွဲ့များမှ ဝန်ထမ်းများ၊ ပြည်သူ့တပ်ဖွဲ့မှ အရံ စစ်မှုထမ်းအားလုံးအား တပ်တော်နေ့အတွက် ဂုဏ်ပြု ထောမနာ ပြုခဲ့ပါသည်။