တရုတ်နှင့် အနောက်နိုင်ငံများ ကူးလူးဆက်ဆံရေး သမိုင်းတွင် အီတလီ၏ အခန်းကဏ္ဍသည် အလွန် ထူးခြားပါသည်။ ရှေးဟောင်း ပိုးလမ်းမသည် ရှေးဟောင်း ယဉ်ကျေးမှုနိုင်ငံ ဖြစ်သည့် တရုတ်နှင့် အီတလီ နှစ်နိုင်ငံကို ချိတ်ဆက်ပေးထားခဲ့သည်။ လွန်ခဲ့သည့် နှစ် ၇၀၀ ကျော်တုန်းက အီတလီ နာမည်ကြီးပုဂ္ဂိုလ် Marco Polo သည် တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်ခဲ့ပြီး အနောက်နိုင်ငံများက တရုတ်နိုင်ငံအား နားလည်သိရှိသည့် ပြတင်းပေါက် တစ်ချပ်ကို ဖွင့်လှစ်ပေးခဲ့သည်။ Marco Polo ၏ အကြောင်းအရာတွေကို တရုတ်နိုင်ငံ၌ လူတိုင်း သိကြပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး၏ လက္ခဏာ ဖြစ်လာပါပြီ။
ယခုနှစ်သည် တရုတ်နှင့် အီတလီ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့သည့် နှစ် ၂၀ ပြည့်မြောက်သည့်နှစ် ဖြစ်သည်။ မကြာမီက အီတလီ ဝန်ကြီးချုပ် Meloni သည် ၎င်း၏ တာဝန်သက်တမ်းအတွင်း ပထမဆုံးအကြိမ် တရုတ်နိုင်ငံ ခရီးစဉ်ကို စတင်ခဲ့သည်။ ဇူလိုင်လ ၂၉ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း၌ Meloni နှင့် တွေ့ဆုံခဲ့ရာ ခေါင်းဆောင် နှစ်ဦးစလုံးသည် "ပိုးလမ်းမ စိတ်ဓာတ်" ကို ပြောမိခဲ့ကြသည်။ ရှီကျင့်ဖိန်က ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ တံခါးဖွင့်ပြီး ဘက်ပေါင်းစုံ ပါဝင်ခြင်း၊ အပြန်အလှန် သင်ယူလေ့လာခြင်းနှင့် အပြန်အလှန် အကျိုးရှိစေခြင်းကို အမြုတေအဖြစ်ထားသည့် ပိုးလမ်းမစိတ်ဓာတ်သည် နှစ်နိုင်ငံ၏ ဘုံဓန ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Meloni ကလည်း သမိုင်းသက်တမ်း ကြာမြင့်သော ပိုးလမ်းမ စိတ်ဓာတ်ကို ဆက်ခံပြီး နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်လိုကြောင်း ပြောကြားခဲ့သည်။
တရုတ်နှင့် အီတလီတို့ အဘယ်ကြောင့် "ပိုးလမ်းမ စိတ်ဓာတ်"ကို ဤသို့ အလေးထားနေ ကြသနည်း။ အကြောင်းရင်းကတော့ "ပိုးလမ်းမ စိတ်ဓာတ်"သည် တရုတ်နှင့် အီတလီ နှစ်နိုင်ငံ ပြည်သူများ၏ ဘုံသမိုင်းအမှတ်အသားနှင့် ယဉ်ကျေးမှု ပေါင်းကူးတံတား ဖြစ်ပြီး စိတ်ဓာတ်ပါ ငြိမ်းချမ်းရေး၊ တံခါးဖွင့်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး အယူအဆများသည် ခေတ်ရေစီးကြောင်းနှင့် ကိုက်ညီ၍ ခေတ်တန်ဖိုးကို ပေါ်လွင်လာစေခြင်းကြောင့် ဖြစ်ပါသည်။
"ပိုးလမ်းမ စိတ်ဓာတ်"ကို စွဲကိုင်ပြီး သမိုင်း၏ ဉာဏ်ပညာကို ဖော်ဆောင်၍ ခေတ်နှင့် တစ်ပြေးညီ ဆောင်ရွက်ပါက တရုတ်နှင့် အီတလီ ပူးပေါင်းဆောင်ရွက်မှုသည် တစ်ဆင့်တိုး နက်ရှိုင်းသွားမည် ဖြစ်ကာ ဥရောပအပါအဝင် ကမ္ဘာကြီးအတွက် အကျိုး ဆောင်ကြဉ်း ပေးသွားပါမည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသား ဖော်ပြထားပါသည်။