သူတို့ ဘာကြောင့် ရှီးဇန့်ကို သွားရောက် လုပ်ငန်းထူထောင်ကြတာလဲ

(GMT+08:00)2024-07-30 10:42:15  

ဇန့်လူမျိုး မိန်းကလေး ဆိုမူရဲ့ ဖခင်ဟာ ရှီးဇန့်(တိဘက်)ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ရွှေကာရွာမှာ မှိုစိုက်ပျိုးခြင်းကို အဓိကထားတဲ့ မိသားစု သိပ္ပံနည်း စံပြ စိုက်ပျိုးခြံ တစ်ခုကို ဖွင့်လှစ်ထားခဲ့ပါတယ်။ ဆိုမူက ဘေကျင်းရှိ နာမည်ကြီး တက္ကသိုလ် တစ်ခုမှ ဘွဲ့ရခဲ့ပြီးနောက် မြို့ကြီးမှာ ကောင်းမွန်တဲ့ အလုပ်အကိုင်တွေကို မရွေးချယ်ဘဲ သူ့ဖေဖေရဲ့ စိုက်ပျိုးခြံကို ပြန်လာပြီး အလုပ်လုပ်ကိုင်ခဲ့တယ်။ သူမဟာ စိုက်ပျိုးခြံမှာ e ကုန်စည်ရောင်းချမှုကို ပြုလုပ်ပြီး ဝင်ငွေ အမြောက်အမြား တိုးလာတဲ့အပြင် ဒေသခံများကိုပါ ဦးဆောင်၍ အတူ ကြီးပွားချမ်းသာလာခဲ့ကြတယ်။

ဆိုမူရဲ့ ဖြစ်ရပ်တွေဟာ ယခုနှစ်များအတွင်း ရှီးဇန့် လူငယ်များ နေထိုင်မှုဘဝ တိုးတက် ပြောင်းလဲခြင်းရဲ့ ရုပ်ပုံငယ်တစ်ခု ဖြစ်ပါတယ်။ ရှီးဇန့်ဒေသရှိ လာဆာမြို့၊ လင်ကြည်မြို့ စတဲ့ နေရာများမှာ ဆိုမူလို လူငယ်များစွာတို့က ရှီးဇန့်ကို သွားရောက် လုပ်ငန်းများ ထူထောင်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ သူတို့ထဲမှာ တချို့က ရှီးဇန့်မှာ မွေးဖွားသူတွေ ဖြစ်ပြီး တချို့ကတော့ ရှီဇန့်ရဲ့ အလားအလာအပေါ် အကောင်းဘက်မြင်လိုတာကြောင့် ဒီနေရာကို သွားပြီး လုပ်ငန်းများ ထူထောင် ဆောင်ရွက်ခဲ့ကြတာပဲ ဖြစ်တယ်။

သူတို့ ဘာကြောင့် ရှီးဇန့်ကို သွားရောက် လုပ်ငန်းထူထောင်ကြတာလဲ။ အကြောင်းရင်း များစွာ ရှိပါတယ်။ ရှီးဇန့်ဒေသ စီးပွားရေး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာနေတာဟာ အဓိက အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။ အရင်တုန်းက ရှီးဇန့်ဒေသဟာ ဆင်းရဲမှုနှုန်းနဲ့ ဆင်းရဲမှု ပပျောက်ရန် ခက်ခဲမှုနှုန်း အမြင့်ဆုံးသော ဒေသ ဖြစ်ခဲ့တယ်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက ရှီးဇန့်ဒေသမှာ အလွန်အကျွံ ဆင်းရဲမှု ပပျောက်နိုင်ခဲ့တယ်။ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းအတွင်း ရှီးဇန့်ဒေသရဲ့ ဂျီဒီပီဟာ စုစုပေါင်း ယွမ် ၁၁၈.၉၄၅ ဘီလီယံ ရှိပြီး ပြီးခဲ့တဲ့နှစ် အလားတူ အချိန်ပိုင်းကထက် ၆.၁ ရာခိုင်နှုန်း တိုးလာကာ တိုးတက်မှုနှုန်းဟာ တစ်ပြည်လုံးမှာ ဒုတိယနေရာမှာ တည်ရှိနိုင်ခဲ့တယ်။ အဲဒါဟာ လူငယ်များ ဒီနေရာကို သွားရောက် လုပ်ငန်းထူထောင်လာကြတဲ့ အဓိက တွန်းအားတစ်ခု ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ ရှီးဇန့်အစိုးရရဲ့ လုပ်ငန်းထူထောင်မှု ထောက်ခံရေး မူဝါဒများလည်း အလွန် အားကောင်းပါတယ်။ လူငယ်များ လုပ်ငန်း ထူထောင်ခြင်းကို ထောက်ခံနိုင်ဖို့ အတွက် ဒေသခံအစိုးရဟာ ရှီးဇန့်ဒေသ တာလတ် တာရှည် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကိုလည်း သီးသန့် ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဇောက်ချ ပြုလုပ်လာတာနဲ့အမျှ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားလည်း ခွန်အားသစ်များကို ဆောင်ကြဉ်းပေးလာမှာ ဖြစ်ပြီး အဲဒါတွေဟာ ရှီးဇန့်ရဲ့ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှင်သန်စွမ်းအားသစ်များ ထည့်သွင်းပေးသွားပါမယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါတယ်။