တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အစည်းအဝေး ကျင်းပ၊ မျက်မှောက် စီးပွားရေး အခြေအနေနှင့် စီးပွားရေးလုပ်ငန်းများကို လေ့လာသုံးသပ်

(GMT+08:00)2024-07-30 17:05:31  

    တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် ဇူလိုင်လ ၃၀ ရက်နေ့တွင် အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့သည်။ အစည်းအဝေးတွင် မျက်မှောက် စီးပွားရေး အခြေအနေကို လေ့လာ သုံးသပ်ပြီး ယခုနှစ် ဒုတိယ နှစ်ဝက်ပိုင်းတွင် စီးပွားရေး လုပ်ငန်းများကို စီမံခန့်ခွဲကာ "အပေါ်ယံ ပုံစံကျရေးဝါဒကို ပြုပြင်ပြီး အခြေခံ ဌာနများ အတွက် ဝန်ထုပ်ဝန်ပိုးများ လျှော့ချရေးဆိုင်ရာ သတ်မှတ်ချက်များ" ကို စိစစ် ဆွေးနွေးခဲ့ ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ပါသည်။

    အစည်းအဝေးတွင် ယခုနှစ်အတွင်း ရဲဘော် ရှီကျင့်ဖိန်က အမြုတေအဖြစ်ထားသည့် ပါတီဗဟိုကော်မတီ၏ အားကောင်းသော ဦးဆောင်မှုဖြင့် ဒေသအရပ်ရပ်မှ ဌာန အသီးသီး တို့သည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးကို နက်ရှိုင်းစွာ ဆောင်ရွက်ပြီး မက်ခရို စီးပွား ရေး စီမံခန့်ခွဲမှုကို တိုးမြှင့်ကာ စိန်ခေါ်မှု အန္တရာယ်များကို ထိရောက်စွာ ရင်ဆိုင် ဖြေရှင်း နိုင်ခဲ့ကြောင်း၊ စီးပွားရေး လည်ပတ်မှု အခြေအနေ ခြုံပြီးကြည့်လျှင် တည်ငြိမ်ပြီး တည် ငြိမ်မှု ထဲတွင် တိုးတက်မှု ရရှိနိုင်ခဲ့ကြောင်း၊ တွန်းအားသစ်နှင့် အားသာချက်သစ်များကို လျင်မြန်စွာ မွေးထုတ်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို တည်ငြိမ်စွာ မြှင့်တင်ကာ ရပ်ရွာ အေးချမ်း တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

     အစည်းအဝေးတွင် လာမည့် နှစ်ဝက်ပိုင်းတွင် ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ တာဝန်များ ကြီးလေးနေသေးကြောင်း၊ တည်ငြိမ်မှု ထဲတွင် တိုးတက်မှု ရှာကြံရေး ဖြစ်သည့် အခြေခံမူကို စွဲကိုင်ပြီး ဖွံ့ဖြိုး တိုးတက်ရေး အယူအဆသစ်ကို ပြည့်စုံ၊ တိကျ၊ ဘက်စုံ ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ဒေသ အခြေအနေအရ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား တိုးတက်ရေးကို ဖော်ဆောင်ရမည် ဖြစ်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ တရုတ်အသွင်ပုံစံ ခေတ်မီရေးကို ဝိုင်းဝန်းပြီး ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ စီးပွားရေး ဆက်တိုက် နာလန်ပြန်ထူရေး အရှိန်အဟုန်ကို အားကောင်းစေပြီး ပြည်သူလူထု နေထိုင်မှုဘဝကို ထိရောက်စွာ အာမခံပေးကာ တစ်နှစ်တာ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် တာဝန်များကို ဦးလည်မသုန် အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    အစည်းအဝေးတွင် အပေါ်ယံပုံစံကျရေးဝါဒနှင့် အရာရှိကြီး ဝါဒ ပြုပြင်ရေးကို အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အပေါ်ယံပုံစံကျရေးဝါဒ ပြုပြင်ပြီး အခြေခံ ဌာနများအတွက် ဝန်ထုပ်ဝန်ပိုး လျှော့ချရေးဆိုင်ရာ ဗဟိုအဆင့်မှ သီးသန့်လုပ်ငန်း စနစ်ကို အချိန်မှန် ကြပ်မတ် စစ်ဆေးရမည် ဖြစ်ကြောင်း ထောက်ပြထားပါသည်။