ဇူလိုင်လ ၂၆ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ပါတီဝင် မဟုတ်သော ပုဂ္ဂိုလ်များ ဆွေးနွေးပွဲကို ဘေကျင်း ကျုံးနန်ဟိုင်၌ ကျင်းပခဲ့ပြီး မျက်မှောက် စီးပွားရေး အခြေအနေနှင့် ယခုနှစ် ဒုတိယ နှစ်ဝက်ပိုင်း စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ဒီမိုကရေစီ ပါတီများမှ ဗဟိုကော်မတီများ၊ ပြည်လုံးဆိုင်ရာ စက်မှုနှင့် ကုန်သွယ်မှုအသင်းချုပ်မှ တာဝန်ခံများနှင့် တစ်သီးပုဂ္ဂလများမှ ကိုယ်စားလှယ်များ၏ ထင်မြင်ချက်၊ အကြံပြုချက်များကို ကြားနာခဲ့ပါသည်။
ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ယခုအကြိမ် ဆွေးနွေးပွဲကို ကြီးမှူး ကျင်းပခဲ့ပါသည်။
ရှီကျင့်ဖိန်က ယခုနှစ် ဒုတိယ နှစ်ဝက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းကို ကောင်းမွန်စွာ ဆောင်ရွက်လိုပါက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံနှင့် အကြိမ် ၂၀ မြောက် ဒုတိယနှင့် တတိယ အကြိမ် စုံညီ အစည်းအဝေးများ၏ ရည်မှန်းချက် အကြောင်းအရာများကို ဘက်စုံ အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ တည်ငြိမ်မှု ထဲတွင် တိုးတက်မှု ရှာကြံရေး ဖြစ်သည့် အခြေခံမူကို စွဲကိုင်ပြီး ဖွံ့ဖြိုး တိုးတက်ရေး အယူအဆသစ်ကို ပြည့်စုံ၊ တိကျ၊ ဘက်စုံ ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ဒေသ အခြေအနေအရ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား တိုးတက်ရေးကို ဖော်ဆောင်ရမည် ဖြစ်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ပြည်သူလူထု နေထိုင်မှုဘဝကို ထိရောက်စွာ အာမခံပေးကာ တစ်နှစ်တာ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် တာဝန်များကို ဦးလည်မသုန် အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က မျက်မှောက်အချိန်တွင် တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အခက်အခဲနှင့် ပြဿနာ အချို့ ကြုံတွေ့နေရကြောင်း၊ ယင်းသည် ဖွံ့ဖြိုးတိုးတက်စဉ်နှင့် အသွင်ပုံစံ ကူးပြောင်းစဉ်၌ ကြုံတွေ့ရသော ပြဿနာတွေ ဖြစ်ပြီး ကြိုးပမ်းပြီးနောက် လုံးဝ ကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့သည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ယုံကြည်စိတ်ကို ခိုင်ခံ့စေရမည် ဖြစ်ပြီး မဟာဗျူဟာ ခိုင်ခံ့မှုကို ထိန်းသိမ်းထား၍ ပြဿနာများနှင့် စိန်ခေါ်မှုများကို တက်ကြွစွာ ရင်ဆိုင်ဖြေရှင်း၍ ထိထိရောက်ရောက် ဖြစ်သည့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုရလဒ်များဖြင့် တရုတ်ပြည် စီးပွားရေး ထွန်းလင်းမှုများကို ဖော်ဆောင်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။