ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် အီတလီ ဝန်ကြီးချုပ် Giorgia Meloni တို့သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပသော တရုတ်-အီတလီ လုပ်ငန်းရှင်များ ကော်မတီ သတ္တမ အကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခန်းပြောကြားခဲ့သည်။ တရုတ်နှင့် အီတလီ နှစ်နိုင်ငံမှ လုပ်ငန်းရှင် ၁၅၀ ကျော်တို့သည် ယင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
လီချန်က တရုတ်-အီတလီ လုပ်ငန်းရှင်များ ကော်မတီ တည်ထောင်ခဲ့သည့် ၁၀ နှစ်ကျော်အတွင်း နှစ်နိုင်ငံအကြား စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်ဖက် ဆက်ဆံမှုကို တွန်းအားပေးရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူမှု အားနည်းနေသည့် လက်ရှိအခြေအနေတွင် တရုတ်နှင့် အီတလီ နှစ်နိုင်ငံတို့သည် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစွာ ဆောင်ရွက်ပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမို တွန်းအားပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Meloni က ရှုပ်ထွေးပြီး အပြောင်းလဲကြီး ပြောင်းလဲနေသော လက်ရှိ ကမ္ဘာ့အခြေအနေများကို ရင်ဆိုင်ရာတွင် အီတလီနှင့် တရုတ်တို့သည် ၎င်းတို့၏ ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို အားကောင်းစေပြီး ၎င်းတို့၏ အားသာချက်များကို အသုံးချကာ စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်သင့်ကြောင်း၊ အီတလီဘက်သည် တရုတ်ဘက်နှင့်အတူ အပြန်အလှန် လေးစားပြီး အပြန်အလှန် ယုံကြည်ကာ တရားမျှတပြီး အပြန်အလှန် အကျိုး ရှိစေသော အခြေခံပေါ်တွင် စီးပွားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဉာဏ်ရည်တု စသည့်နယ်ပယ်များတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဆောင်ရွက်ရန်၊ ပူးပေါင်းဆောင်ရွက်မှု ပုံစံများကို ဆန်းသစ်တီထွင်ရန်၊ လုပ်ငန်းကုမ္ပဏီများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် ကမ္ဘာ့လုံးဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်ကြရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။