ရှီကျင့်ဖိန်သည် အရှေ့တီမော သမ္မတ José Manuel Ramos-Horta နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-07-29 15:53:24  

   ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်လာသော အရှေ့တီမောနိုင်ငံ သမ္မတ José Manuel Ramos-Horta နှင့် တွေ့ဆုံခဲ့ပါသည်။

   ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် အရှေ့တီမော နှစ်နိုင်ငံ ချစ်ကြည်ရေး အစဉ်အလာ သမိုင်း ကြာမြင့်ပြီး တရုတ်နိုင်ငံသည် အစောဆုံးသော အရှေ့တီမော လွတ်လပ်ရေးကို အသိအမှတ်ပြုပြီး အရှေ့တီမောနှင့် သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့်နိုင်ငံ ဖြစ်ကြောင်း၊ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့်နောက်ပိုင်း နှစ်နိုင်ငံ တို့သည် အစိုက်တစိုက် ရိုးသားဖြူစင်စွာ ဆက်ဆံပြီး အပြန်အလှန် ထောက်ပံ့ကူညီကာ နိုင်ငံရေးစနစ်၊ ဖွံ့ဖြိုးရေးအဆင့်အတန်း၊ သမိုင်းနှင့် ယဉ်ကျေးမှု မတူခြားနားသော နိုင်ငံများအကြား အပြန်အလှန် လေးစားသည့်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သည့်၊ အကျိုးတူ ဖွံ့ဖြိုးတိုးတက်သည့် စံနမူနာပင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အရှေ့ တီမောနှင့်အတူ နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု အဆင့် သစ်သို့ အဆက်မပြတ် မြှင့်တင်သွားရန်၊ နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြုသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

  José Manuel Ramos-Horta က တရုတ်နိုင်ငံနှင့် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု တစ်ဆင့်တိုး ခိုင်ခံ့ တိုးတက်စေရန်၊ စားနပ်ရိက္ခာ လုံခြုံရေး၊ အခြေခံ အဆောက်အအုံများ ဆောက်လုပ်ရေး စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

  တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့၏ ရှေ့မှောက်၌ Belt and Road လက်တွဲ တည်ဆောက်မှု ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းနှင့် လယ်ယာစိုက်ပျိုးရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ လေကြောင်းပို့ဆောင်ရေး စသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်ရေး စာတမ်းများကို ချုပ်ဆိုခဲ့ကြပါသည်။

  နှစ်ဖက်တို့သည် တရုတ်နှင့် အရှေ့တီမော နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု နက်ရှိုင်းစေရေးဆိုင်ရာ ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။