လီချန်နှင့် အီတလီ ဝန်ကြီးချုပ် Meloni တို့ တွေ့ဆုံ ဆွေးနွေး

(GMT+08:00)2024-07-29 13:06:04  

ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ် ရောက်ရှိ နေ သော အီတလီ ဝန်ကြီးချုပ် Giorgia Meloni နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် လီချန်က ယခုနှစ်သည် တရုတ်နှင့် အီတလီ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ထားရှိသည့် နှစ် ၂၀ ပြည့်မြောက်နှစ် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ် ၂၀ အတွင်း နှစ်ဖက်တို့သည် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ဆက်တိုက် ခိုင်မာလာပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အောင်ကျိုးရလဒ် များစွာ ရရှိကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ အဆက်မပြတ် တိုးများလာသဖြင့် နှစ်နိုင်ငံ ပြည်သူများကို လက်တွေ့ကျကျ အကျိုးရှိစေကြောင်း၊ တရုတ်ဘက်သည် အီတလီဘက်နှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုများကို အကောင်အထည်ဖော်ဆောင်ရန်၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အစဉ်အလာကို ဆက်ခံရန်၊ နယ်ပယ်အသီးသီးမှ ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ဘက်စုံမှ တွန်းအားပေးရန်၊ နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုအကျိုးဆောင်ပေးရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမို အကျိုးဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

Meloni က လွန်ခဲ့သည့် နှစ်များအတွင်း နှစ်နိုင်ငံမှ အဆင့်မြင့် ခေါင်းဆောင်များနှင့် နယ်ပယ်အသီးသီးမှ ရင်းနှီးသော ဆက်ဆံမှုများသည် အီတလီ-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစွာ တွန်းအားပေးခဲ့ကြောင်း၊ အီတလီဘက်သည် ရေရှည် တည်ငြိမ်ပြီး ကောင်းမွန်သော အီတလီ-တရုတ် ဆက်ဆံရေးကို တွန်းအားပေးရန် ဆောင်ရွက် နေကြောင်း၊ စီးပွားကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ စက်မှုလုပ်ငန်း၊ သိပ္ပံနည်းပညာနှင့် လူမှု ယဉ် ကျေး မှု စသည့် နယ်ပယ်များတွင် တရုတ်ဘက်နှင့် လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများကို နက်ရှိုင်းစွာ လုပ်ဆောင်ရန်နှင့် နှစ်နိုင်ငံအကြား ဘက်စုံ မဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း၊ အီတလီဘက်သည် ဥရောပနှင့် တရုတ် နိုင်ငံကြား ပွင့်လင်းစွာ ဆွေးနွေးရန်နှင့်  ပိုမိုတည်ငြိမ်သော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံ ရေးကို တည်ဆောက်ရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆောင်ရွက်ရန် ဆန္ဒရှိ ကြောင်း ပြောကြားခဲ့ သည်။