“ပြုပြင်ပြောင်းလဲမှုများနှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်း” ပညာရှင်စကားဝိုင်း အောင်မြင်စွာ ကျင်းပပြီးစီး

(GMT+08:00)2024-07-28 13:04:05  

China Media Group မှ ကြီးမှူးကျင်းပသည့် “ပြုပြင်ပြောင်းလဲမှုများနှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်း” ပညာရှင်စကားဝိုင်းကို ဒေသစံတော်ချိန် ဇူလိုင်လ ၂၇ နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Mr. Shen Haixiong က ဗီဒီယိုမိန့်ခွန်း ပြောကြားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ပိုးလမ်းမစီမံကိန်း သုတေသနကွန်ရက် အဖွဲ့ဝင် ဦးခင်မောင်စိုး၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ဇော်၊ မြန်မာနိုင်ငံ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦး အပါအဝင် မြန်မာနိုင်ငံ Think Tank တတ်သိပညာရှင်များနှင့် အထင်ကရပညာရှင်များက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက်ပါတီကော်မတီ၏ တတိယအကြိမ်စုံညီအစည်းအဝေးက ကမ္ဘာကြီးအတွက် နက်နက်ရှိုင်းရှိုင်းအရေးပါမှု၊ တရုတ်နိုင်ငံ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးက တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအပေါ် ယူဆောင်လာပေးသည့်အခွင့်အလမ်းသစ်များ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

Mr. Shen Haixiong က ကမ္ဘာတစ်ဝန်း၏ အာရုံစိုက်မှုကိုရရှိခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက်ပါတီကော်မတီ၏ တတိယအကြိမ်စုံညီအစည်းအဝေးကို ပေကျင်း၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ယင်းသည် ခေတ်ကာလသစ်တွင် တရုတ်နိုင်ငံ၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ “ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်မှု ဆိုသည့် တရုတ်နိုင်ငံ၏ ဒုတိယအကြိမ်တော်လှန်ရေးသည် တရုတ်နိုင်ငံကို နက်နက်ရှိုင်းရှိုင်း ပြောင်းလဲပေးလိုက်ရုံသာမကဘဲ ကမ္ဘာကြီးကိုလည်း နက်နက်ရှိုင်းရှိုင်း အကျိုးသက်ရောက်မှုရှိခဲ့သည်”ဟု သမ္မတရှီကျင့်ဖိန်က ထောက်ပြပြောကြားခဲ့ကြောင်း၊ ခေတ်သစ်တွင် တရုတ်နိုင်ငံ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးသည် တရုတ်အသွင်ပုံစံခေတ်မီမှုဖြင့် အမျိုးသားပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၊ အင်အားတောင့်တင်းသောနိုင်ငံတည်ဆောက်ရေး ဟူသည့် မွန်မြတ်သောလုပ်ငန်းများကို ဘက်စုံမြှင့်တင်ဆောင်ရွက်သော အဓိကနည်းလမ်းတစ်ရပ်ဖြစ်ကြောင်း၊ ယင်းသည် ခေတ်မီတိုးတက်သောလမ်းကြောင်းနှင့် ပိုမိုကောင်းမွန်သောလူမှုရေးစနစ်ကို လူသားများ စူးစမ်းရှာဖွေနိုင်ရေးအတွက် အထောက်အပံ့သစ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်များပေးအပ်ကာ ခွန်အားသစ်များ ဖြည့်သွင်းပေးနေကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ Mr. Shen Haixiong က ယနေ့ကမ္ဘာပေါ်တွင် ပမာဏအကြီးဆုံး၊ လုပ်ငန်းပုံစံအများဆုံးနှင့် လွှမ်းခြုံနိုင်မှုအကျယ်ပြန့်ဆုံး အထွေထွေ နိုင်ငံတကာမီဒီယာလုပ်ငန်းကြီးဖြစ်သည့် China Media Group သည် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်မှုဆိုင်ရာ အကြောင်းအရာများ၊ တရုတ်အသွင်ပုံစံ ခေတ်မီမှုဆိုင်ရာ အကြောင်းအရာများကို ကောင်းမွန်စွာ မိတ်ဆက်ဖော်ပြနိုင်ရန် အမြဲကြိုးပမ်းလျက်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့် ကမ္ဘာကြီးအကြား ကူးလူးဖလှယ်ရန်နှင့် အပြန်အလှန်လေ့လာသင်ယူနိုင်ရန်အတွက် ပေါင်းကူးတံတားနှင့် ချိတ်ဆက်မှုများကို တက်တက်ကြွကြွ သွယ်တန်းပေးကြောင်း၊ မိမိတို့သည် မီဒီယာတာဝန်များကို တက်တက်ကြွကြွ ထမ်းရွက်လျက်ရှိပြီး လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို တက်တက်ကြွကြွ တိုးမြှင့်လုပ်ဆောင်ကာ နိုင်ငံတကာ “မိတ်ဆွေအသိုင်းအဝိုင်း” ကျယ်ပြန့်လာစေရန် တက်တက်ကြွကြွလုပ်ဆောင်လျက်ရှိကြောင်း၊ ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံအသီးသီးမှ တတ်သိပညာရှင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြောင်း၊ ခေတ်သစ်တွင် တရုတ်နိုင်ငံ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးက ကမ္ဘာကြီးအတွက် ဆောင်ကြဉ်းပေးလာနိုင်သည့် အခွင့်အလမ်းများကို အတူဆွေးနွေး မျှဝေပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုရှိသည့်၊ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်သည့်၊ အတူတကွသာယာဝပြောသည့် ခေတ်မီတိုးတက်သောကမ္ဘာကြီး ဖြစ်ပေါ်လာစေရေးအတွက် ခွန်အားများ ပိုမိုပံ့ပိုးပေးကြောင်း ပြောကြားခဲ့သည်။


အခမ်းအနားတွင် မြန်မာနိုင်ငံ Think Tank တတ်သိပညာရှင်များက ရှန်ဟိုင်း ဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ်သို့ ပညာတော်သင်သွားရောက်တော့မည့် ၂၀၂၄ ခုနှစ် “Chinese Bridge” ပြိုင်ပွဲဝင်ကျောင်းသား မောင်ဟိဏ်းဝဏ္ဏလျှံ ၊ China Unicom (မြန်မာ) မှ အရောင်းမန်နေဂျာ မခြူးအိန္ဒြေ ၊ ပီကင်းတက္ကသိုလ်မှ ဘွဲ့နှစ်ဘွဲ့ရရှိထားသူ၊ LeHua International Education ကျောင်းအုပ်ဆရာမကြီး ဒေါက်တာယဉ်ယဉ်ဝင်း တို့က မြန်မာလူငယ်ကိုယ်စားလှယ်များနှင့် တက်တက်ကြွကြွ ကူးလူးဖလှယ်ခဲ့ကြပြီး တရုတ်နိုင်ငံ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲမှုက မြန်မာလူငယ်များအတွက် ယူဆောင်လာပေးသည့် အခွင့်အလမ်းသစ်များအကြောင်း အတူတကွ ဆွေးနွေးခဲ့ကြသည်။ 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ၊ မြန်မာနိုင်ငံ SKYNET ရုပ်သံလွှင့်ဌာန စသည့် မြန်မာနိုင်ငံမှ သတင်းမီဒီယာများက အခမ်းအနားအကြောင်း သတင်းဖော်ပြခဲ့ကြသည်။ မြန်မာနိုင်ငံ SKYNET ရုပ်သံလွှင့်ဌာန One News ချန်နယ်မှ ယခုဆွေးနွေးပွဲ၏ အထူးအစီအစဉ် “ပြုပြင်ပြောင်းလဲမှုများနှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်း” ပညာရှင်စကားဝိုင်းကို ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။