ဝမ်ယိသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် နှင့် တွေ့ဆုံ

(GMT+08:00)2024-07-28 13:06:43  

ဇူလိုင်လ ၂၇ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ဗီယင်ကျန်း၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် တွေ့ဆုံခဲ့သည်။ နှစ်ဖက်တို့သည် လက်ရှိ တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး အဆင့်ပေါင်းစုံတွင် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ဆန်ဖရန်စစ္စကိုတွင် နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံမှုမှ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုကို ဆက်လက်အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြသည်။

ဝမ်ယိက လွန်ခဲ့သည့်သုံးလအတွင်း နှစ်ဖက်သံတမန်ရေး၊ ဘဏ္ဍာရေး၊ ဥပဒေစိုးမိုးရေး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအဖွဲ့များနှင့် တပ်မတော်နှစ်ရပ်တို့သည် ဆက်သွယ်ရေးကို ထိန်းသိမ်းထားပြီး နှစ်နိုင်ငံအကြား အရပ်ဖက် ဖလှယ်မှုများလည်း တိုးမြင့်လာခဲ့ကြောင်း ၊ သို့သော်လည်း အမေရိကန်သည် တရုတ်နိုင်ငံအား ဟန့်တားဖိနှိပ်မှုများကို မရပ်တန့်ဘဲ ပို၍ ပြင်းထန်ဆိုးရွားလာသည်ကို   ထောက်ပြရမည်ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ရင်ဆိုင်နေရသော ဘေးအန္တရာယ်များ တိုးလာနေဆဲဖြစ်ပြီး ဦးတည်ချက်ကို အဆက်မပြတ် ချိန်ညှိရန်၊ ဘေးအန္တရာယ်များကို စီမံခန့်ခွဲရန်နှင့် သဘောကွဲလွဲမှုများကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း ပြောကြားပါသည်။

ဘလင်ကန်က အမေရိကန်သည် တရုတ်-အမေရိကန် ဆက်ဆံရေးကို တည်ငြိမ်စေရန် တက်ကြွစွာ အားဖြည့်ဆောင်ရွက်ခဲ့ပြီး  တရုတ်တစ်နိုင်ငံတည်းသာရှိရေးမူဝါဒကို စွဲကိုင်ကာ တရုတ်နိုင်ငံနှင့် ပုံမှန်ဆက်သွယ်မှုကို ထိန်းသိမ်းကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ဉာဏ်ရည်တုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည်တို့ကို ဆက်လက်လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ၊ နှစ်ဖက်ကြားရှိ သဘောကွဲလွဲမှုများကို ထိန်းချုပ်ရန်နှင့် နားလည်မှုလွဲမှားခြင်းများကို ရှောင်ရှားရန် ဆောင်ရွက်လိုကြောင်း ပြောကြားပါသည်။

ဂါဇာကမ်းမြောင်ဒေသအခြေအနေ၊ ကိုရီးယားကျွန်းဆွယ်အခြေအနေနှင့် မြန်မာနိုင်ငံအရေးတို့ကိုလည်း နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။