ရဲဘော်အပေါင်းတို့ -
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံရေးဗျူရိုရဲ့ တာဝန်အပ်နှင်းမှုအရ ကျွန်တော်က “ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေး၊ တရုတ်အသွင်ပုံစံခေတ်မီမှု မြှင့်တင်ရေး တို့နှင့်စပ်လျဉ်း၍ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်” မူကြမ်းရေးဆွဲမှုဆိုင်ရာ အခြေအနေများကို စုံညီအစည်းအဝေးထံ ရှင်းလင်းတင်ပြပေးသွား ပါမယ်။
၁။ စုံညီအစည်းအဝေးတွင်ဆွေးနွေးမည့်အကြောင်းအရာများ အတည်ပြုခြင်းဆိုင်ရာ ထည့်သွင်းစဉ်းစားမှု
ပါတီရဲ့ ဗဟိုလုပ်ငန်းတာဝန်များကို အခြေခံပြီး ပြုပြင်ပြောင်းလဲရေးအတွက် စီစဉ်ရေးဆွဲ၊ နေရာချထားခြင်းဟာ ပါတီက ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုကို ဦးဆောင်ရာမှာ အောင်မြင်တဲ့အတွေ့အကြုံပဲ ဖြစ်ပါတယ်။ လက်တွေ့အတွေ့အကြုံနဲ့ လက်တွေ့လိုအပ်ချက်များအရ ဗဟိုနိုင်ငံရေးဗျူရိုက ပါတီရဲ့ ၂၀ ကြိမ်မြောက်ဗဟိုကော်မတီ တတိယအကြိမ်စုံညီအစည်းအဝေးမှာ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေး၊ တရုတ်အသွင်ပုံစံခေတ်မီမှု မြှင့်တင်ရေး အကြောင်းအရာကို လေ့လာရန် ဆုံးဖြတ်ခဲ့ပါတယ်။ အဓိကအားဖြင့် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားခဲ့ပါတယ်။
ပထမအချက်အနေနဲ့ ဒါဟာ စိတ်နှလုံးနဲ့ ခွန်အားများကို စုစည်းမှုဖြစ်ပြီး ခေတ်သစ် ခရီးစဉ်သစ်မှာ ပါတီရဲ့ဗဟိုလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် အရေးတကြီးလိုအပ်ချက် ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှု၊ တံခါးဖွင့်လှစ်မှုနဲ့ ခေတ်မီ ဆိုရှယ်လစ်စနစ် တည်ဆောက်မှု ကာလသစ်မှာ မိမိတို့နိုင်ငံက ကြီးမားတဲ့ခြေလှမ်းများဖြင့် ခေတ်နဲ့အမီလိုက်နိုင်ခြင်းဟာ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုကြောင့်ဖြစ်တယ်ဆိုတာကို လက်တွေ့လုပ်ဆောင်မှုများက အပြည့်အဝ သက်သေထူနေပါတယ်။ ပါတီရဲ့ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာပါတီညီလာခံ ကျင်းပခဲ့ချိန်မှစပြီး ပါတီနဲ့ နိုင်ငံတော်ရဲ့ လုပ်ငန်းတွေမှာ သမိုင်းဝင်အောင်မြင်မှုများ ရရှိခဲ့ကာ သမိုင်းဝင်အပြောင်းအလဲများလည်း ဖြစ်ခဲ့ပါတယ်။ ဒါဟာလည်း ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုကြောင့် ဖြစ်ပါတယ်။ ခေတ်သစ် ခရီးစဉ်သစ်မှာ တရုတ်အသွင်ပုံစံခေတ်မီမှု တည်ဆောက်ရေးအခင်းအကျင်းကို ဖန်တီးရာမှာလည်း ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုကိုပဲ အားကိုးရမှာဖြစ်ပါတယ်။ ပါတီရဲ့ ၂၀ ကြိမ်မြောက် ပြည်လုံးဆိုင်ရာပါတီညီလာခံမှာ ဆိုရှယ်လစ်စနစ် ခေတ်မီ အင်အားတောင့်တင်းတဲ့နိုင်ငံအဖြစ် ဘက်စုံတည်ဆောက်ရေး၊ ဒုတိယမြောက် နှစ်တစ်ရာရည်မှန်းချက်ကို အကောင်အထည်ဖော်ရေး တို့ကို အတည်ပြုခဲ့ပြီး တရုတ်အသွင်ပုံစံခေတ်မီမှုဖြင့် တရုတ်လူမျိုးများ မွန်မြတ်စွာ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ အဓိကတာဝန်ကို ဘက်စုံမြှင့်တင်အကောင်အထည်ဖော်ပါတယ်။ တရုတ်အသွင်ပုံစံ ခေတ်မီမှုရဲ့ တရုတ်ဝိသေသလက္ခဏာများ၊ မရှိမဖြစ်လိုအပ်ချက်များ၊ အရေးပါတဲ့ အခြေခံမူများ စတာတွေကို ရှင်းလင်းဖော်ပြခဲ့ပြီး တရုတ်အသွင်ပုံစံခေတ်မီမှုကို မြှင့်တင်ရေး အတွက် မဟာဗျူဟာကျကျ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ဒီမဟာဗျူဟာမြောက်တဲ့ စီစဉ်ဆောင်ရွက်မှုတွေကို လက်တွေ့ထိရောက်မှုရှိစေပြီး တရုတ်အသွင်ပုံစံခေတ်မီမှု လမ်းပြမြေပုံကို လက်တွေ့အဖြစ်ပြောင်းလဲနိုင်ရန်အတွက် ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးက အခြေခံကျပါတယ်။ ကဏ္ဍအသီးသီးရဲ့ စနစ်ယန္တရားတွေကို ပြည့်စုံမှုရှိစေရန် အဆက်မပြတ်လုပ်ဆောင်ပြီး တရုတ်အသွင်ပုံစံခေတ်မီမှုအတွက် စနစ်အာမခံချက်များ ရှိစေပါတယ်။
ဒုတိယအချက်အနေနဲ့ ဒါဟာ တရုတ်ဝိသေသဆောင်တဲ့ ဆိုရှယ်လစ်စနစ် ပြည့်စုံမှုရှိစေရန်နဲ့ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးစနစ်နဲ့ စီမံအုပ်ချုပ်ရေးစွမ်းရည် ခေတ်မီတိုးတက်စေရန်အတွက် အရေးတကြီးလိုအပ်ချက် ဖြစ်ပါတယ်။ ပါတီရဲ့ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာပါတီညီလာခံ ကျင်းပခဲ့ချိန်မှစပြီး ကျွန်တော်တို့က စနစ်တည်ဆောက်ရေးဆိုတဲ့ ဒီအဓိကလမ်းကြောင်းကို ပေါ်လွင်စေခဲ့ ပါတယ်။ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲခြင်းဖြင့် ကဏ္ဍအသီးသီးရဲ့စနစ်တွေကို ပြည့်စုံမှုရှိစေပြီး တရုတ်ဝိသေသဆောင်တဲ့ ဆိုရှယ်လစ်စနစ် ပိုမိုရင့်ကျက်တည်ငြိမ်မှုရှိစေရန် တွန်းအားပေးလုပ်ဆောင်ပါတယ်။ ဒါကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးစနစ်နဲ့ စီမံအုပ်ချုပ်ရေးစွမ်းရည်ရဲ့ ခေတ်မီတိုးတက်မှုအဆင့်အတန်း သိသိသာသာမြင့်မားလာခဲ့ပြီး အသင့်အတင့်ချမ်းသာတဲ့လူ့အဖွဲ့အစည်း ဘက်စုံတည်ဆောက်ရေးအတွက် အားကောင်းတဲ့ စနစ်အာမခံချက်များ ပံ့ပိုးပေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်း တရုတ်ဝိသေသဆောင်တဲ့ ဆိုရှယ်လစ်စနစ် ပြီးပြည့်စုံမှုရှိစေရေးဆိုတာ ရွေ့လျားနေတဲ့လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး လက်တွေ့ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အညီ ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် အဆက်မပြတ် လုပ်ဆောင်ရမယ်ဆိုတာကို ရှင်းလင်းစွာသိရှိထားရပါမယ်။ ရှိရင်းစွဲစနစ်တွေကို ခိုင်မာပြည့်စုံမှုရှိစေရန် စဉ်ဆက်မပြတ်လုပ်ဆောင်ရန်လိုအပ်ပြီး နယ်ပယ်သစ်၊ လက်တွေ့လုပ်ဆောင်မှုအသစ်မှာ စနစ် ဆန်းသစ်တီထွင်မှုများ တိုးမြှင့်လုပ်ဆောင်ရန်၊ စနစ်လစ်လပ်နေတဲ့နေရာတွေကို ဖြည့်ဆည်းပေးရန် လိုအပ်ပါတယ်။ အနေအထားသစ်နဲ့ တာဝန်သစ်တွေကို ကြုံတွေ့ရချိန်မှာ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပြီး ကဏ္ဍအသီးသီးရဲ့ စနစ်ယန္တရားတွေကို ပြည့်စုံမှုရှိစေရန် ဆက်လက်လုပ်ဆောင်ရပါမယ်။ အခြေခိုင်အောင်ဆောင်ရွက်ခြင်း၊ အားသာချက်များကို ဖော်ထုတ်ခြင်း၊ လိုအပ်ချက်များကိုဖြည့်ဆည်းခြင်း၊ အားနည်းချက်များကို အားကောင်းစေခြင်း စသဖြင့် လုပ်ဆောင်ရင်း မိမိနိုင်ငံရဲ့ စနစ်အားသာချက်ကို ထိရောက်မှုရှိတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးအဖြစ် ပိုမိုကောင်းမွန်စွာ ပြောင်းလဲလာစေရပါမယ်။
တတိယအချက်အနေနဲ့ ဒါဟာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ မိမိတို့နိုင်ငံ လူ့အဖွဲ့အစည်းရှိ အဓိကကွဲလွဲမှုများရဲ့ အပြောင်းအလဲများကို ပိုမိုကောင်းမွန်စွာ အသားကျစေရန်အတွက် အရေးတကြီးလိုအပ်ချက် ဖြစ်ပါတယ်။ လက်ရှိမှာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာမှာ ကြုံတွေ့နေရတဲ့ ထင်ရှားတဲ့ ပြဿနာမှာ ဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်မညီခြင်း၊ မပြည့်ဝခြင်းတို့ ဖြစ်နေဆဲပါပဲ။ ဥပမာအားဖြင့် စျေးကွက်စနစ် မပြည့်စုံသေးခြင်း၊ စျေးကွက်ကြီးထွားမှု မပြည့်ဝသေးခြင်း၊ အစိုးရနဲ့ စျေးကွက်အကြား ဆက်ဆံရေး လုံးဝဖြောင့်ဖြူးမှု မရှိသေးခြင်း၊ ဆန်းသစ်တီထွင်မှုစွမ်းရည်က အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လိုအပ်ချက်များနဲ့ အသားမကျခြင်း၊ ထုတ်လုပ်ရေးလုပ်ငန်းစနစ် အလုံးစုံကြီးထွားလာသော်လည်း အားမကောင်းခြင်း၊ ပြည့်စုံသော်လည်း ထူးချွန်မှုမရှိခြင်း၊ အဓိကနည်းပညာများကို တစ်ခြားလူကထိန်းချုပ်ထားတဲ့အခြေအနေ အခြေခံကျကျ ပြောင်းလဲမှုမရှိခြင်း၊ စိုက်ပျိုးရေးလုပ်ငန်း အခြေခံ မခိုင်မာသေးခြင်း၊ မြို့ပြကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဝင်ငွေ ခွဲဝေမှု ကွာဟချက် ဆက်လက်ကြီးမားနေခြင်း၊ ပြည်သူလူထုဘဝ အာမခံချက်ရှိစေရေး၊ ဂေဟစနစ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့မှာ အားနည်းချက်ရှိနေဆဲဖြစ်ခြင်း စတာတွေ ဖြစ်ပါတယ်။ ခြုံငုံကြည့်လိုက်ရင် ဒီပြဿနာတွေအားလုံးဟာ လူ့အဖွဲ့အစည်းအတွင်း အဓိကကွဲလွဲမှုများရဲ့ အပြောင်းအလဲများကို လှစ်ဟပြနေပြီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြဿနာတွေဖြစ်ပါတယ်။ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေ လုပ်ဆောင်ပြီး စနစ်ယန္တရားမှတစ်ဆင့် တွန်းအားပေးဖြေရှင်းရမှာဖြစ်ပါတယ်။
စတုတ္ထအချက်အနေနဲ့ ဒါဟာ ကြီးမားတဲ့ အန္တရာယ်များနဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ရန်၊ ပါတီနဲ့ နိုင်ငံတော်ရဲ့လုပ်ငန်း ရေရှည်တည်ငြိမ်စွာဆောင်ရွက်နိုင်စေရန်အတွက် အရေးတကြီးလိုအပ်ချက် ဖြစ်ပါတယ်။ တရုတ်အသွင်ပုံစံခေတ်မီမှုကို မြှင့်တင်ခြင်းဟာ လုံးဝသစ်လွင်တဲ့လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ရှေ့ခရီးလမ်းပေါ်မှာ ပဋိပက္ခများ၊ အန္တရာယ်များနဲ့ စိန်ခေါ်မှုများ မျိုးစုံကြုံတွေ့ရပါလိမ့်မယ်။ အထူးသဖြင့် လက်ရှိကမ္ဘာပေါ်မှာ ရာစုနှစ်တစ်ခုအတွင်း မကြုံဖူးခဲ့ဖူးတဲ့ အပြောင်းအလဲကြီးတွေ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်နေချိန်၊ ဒေသအချို့မှာ ပဋိပက္ခနဲ့ မငြိမ်မသက်မှုများ မကြာခဏဖြစ်ပွားနေချိန်၊ ကမ္ဘာလုံးဆိုင်ရာပြဿနာများ ပြင်းထန်နေချိန်၊ ပြင်ပရဲ့ ဖိနှိပ်ချုပ်ချယ်မှုများ အဆက်မပြတ် မြင့်မားလာချိန်၊ မိမိတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းက မဟာဗျူဟာမြောက် အခွင့်အလမ်းများနဲ့ အန္တရာယ်များ၊ စိန်ခေါ်မှုများ ဒွန်တွဲနေတဲ့၊ မသေချာမရေရာတဲ့၊ မှန်းဆရခက်တဲ့အကြောင်းရင်းများ များပြားလာတဲ့ အချိန်ကာလကို ဝင်ရောက်လာချိန် တို့မှာ black swan ဖြစ်ရပ်၊ gray rhino ဖြစ်ရပ်တို့ အမျိုးမျိုး အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီအန္တရာယ်များနဲ့ စိန်ခေါ်မှုများကို ထိရောက်စွာ တုံ့ပြန်နိုင်ရန်၊ တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာတဲ့ နိုင်ငံတကာပြိုင်ဆိုင်မှုများအတွင်း မဟာဗျူဟာမြောက် ပဏာမခြေလှမ်းများ လှမ်းနိုင်ရန်အတွက် ကျွန်တော်တို့အနေနဲ့ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ရန်လိုအပ်ပြီး ပြည့်စုံတဲ့စနစ်များကို ကျင့်သုံးကာ အန္တရာယ်များကို ကာကွယ်ဖြေရှင်းပြီး စိန်ခေါ်မှုများကို ထိရောက်စွာတုံ့ပြန်ရမှာ ဖြစ်ပါတယ်။ အကျပ်အတည်းများအတွင်း အခွင့်အလမ်းသစ်များ မွေးထုတ်ပြီး ပြောင်းလဲမှုများအတွင်း အနေအထားသစ်ကို ဖော်ဆောင်ရမှာဖြစ်ပါတယ်။
၂။ “ဆုံးဖြတ်ချက်” မူကြမ်းရေးဆွဲမှုဖြစ်စဉ်
ပါတီရဲ့ ၂၀ ကြိမ်မြောက်ဗဟိုကော်မတီ တတိယအကြိမ်စုံညီအစည်းအဝေး စာရွက်စာတမ်းမူကြမ်းရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းရန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ဗဟိုနိုင်ငံရေးဗျူရိုက ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန် တို့က ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ကာ ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီရဲ့ဦးဆောင်မှုအောက်မှာ စာရွက်စာတမ်းမူကြမ်းရေးဆွဲမှုလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့မှာ စာရွက်စာတမ်းမူကြမ်းရေးဆွဲရေးအဖွဲ့က ပထမအကြိမ်စုံညီအစည်းအဝေးကို ကျင်းပခဲ့ပြီး စာရွက်စာတမ်းမူကြမ်းရေးဆွဲမှုလုပ်ငန်းကို တရားဝင်စတင်ခဲ့ပါတယ်။ အချိန် ၇ လကျော်အတွင်းမှာ စာရွက်စာတမ်းမူကြမ်းရေးဆွဲရေးအဖွဲ့က နက်နက်ရှိုင်းရှိုင်း လေ့လာသုတေသနပြုလုပ်ခဲ့ပြီး သဘောထားများ ကျယ်ကျယ်ပြန့်ပြန့် တောင်းခံခဲ့ကာ သီးသန့်ခေါင်းစဉ် ဆွေးနွေးအတည်ပြုမှုများ လုပ်ဆောင်ခဲ့ပြီး ထပ်ခါတလဲလဲ ဆွေးနွေးပြင်ဆင်ခဲ့ပါတယ်။
“ဆုံးဖြတ်ချက်” မူကြမ်းရေးဆွဲမှုလုပ်ငန်းစဉ်အတွင်း ကျွန်တော်တို့က အောက်ပါအချက်များကို အဓိကလက်ကိုင်ထားခဲ့ပါတယ်။ (၁) ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှု စတင်လုပ်ဆောင်ခဲ့ချိန်မှစ၍၊ အထူးသဖြင့် ခေတ်သစ် ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးရဲ့ အဖိုးတန်အတွေ့အကြုံများကို ခြုံငုံသုံးသပ်ပြီး အခြေခံမူများကို အတည်ပြု၊ လိုက်နာကာ မှန်ကန်တဲ့ နိုင်ငံရေးဦးတည်ချက်ကို လက်ကိုင်ထားခြင်း ဖြစ်ပါတယ်။ (၂) တရုတ်အသွင်ပုံစံခေတ်မီမှု မြှင့်တင်ခြင်း၊ ပါတီရဲ့ ၂၀ ကြိမ်မြောက် ပြည်လုံးဆိုင်ရာပါတီညီလာခံရဲ့ မဟာဗျူဟာမြောက်အစီအမံများကို အကောင်အထည်ဖော်ခြင်း တို့ကိုအခြေခံပြီး ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးကို စီစဉ်ဆောင်ရွက်ကာ ပြဿနာကိုဦးတည်တဲ့ချဉ်းကပ်မှုကို စွဲစွဲမြဲမြဲလုပ်ဆောင်ပါတယ်။ (၃) အဓိကအချက်ကို ဆုပ်ကိုင်ပြီး စနစ်ယန္တရားပြုပြင်ပြောင်းလဲမှုများ၊ မဟာဗျူဟာမြောက်တဲ့၊ အလုံးစုံ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုများကို အသားပေးလုပ်ဆောင်ပြီး စီးပွားရေးစနစ်ပြုပြင်ပြောင်းလဲမှုရဲ့ တွန်းအားပေးမှုအခန်းကဏ္ဍကို ပေါ်လွင်စေကာ ပြုပြင်ပြောင်းလဲရေးရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ထင်ရှားစေပါတယ်။ (၄) ပြည်သူကို အဓိကထားပြီး ပြည်သူလူထုရဲ့ အလုံးစုံအကျိုးစီးပွား၊ အခြေခံအကျိုးစီးပွား၊ ရေရှည်အကျိုးစီးပွားတို့ကို အခြေခံကာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို စီစဉ်ရေးဆွဲကာ တိုးမြှင့်လုပ်ဆောင်ပါတယ်။ (၅) စနစ်စုစည်းမှုကို အားကောင်းစေပြီး ပြုပြင်ပြောင်းလဲရေး အတွက် အလုံးစုံစီစဉ်ရေးဆွဲခြင်း၊ စနစ်တကျနေရာချထားခြင်း တို့ကို မြှင့်တင်ကာ ဘက်ပေါင်းစုံပြုပြင်ပြောင်းလဲမှုများကို အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၊ ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်မှု ရှိစေပါတယ်။
ယခုအကြိမ် စုံညီအစည်းအဝေးနဲ့ပတ်သက်တဲ့စာရွက်စာတမ်းများ မူကြမ်းရေးဆွဲရာမှာ ဒီမိုကရေစီပြန့်ပွားစေခြင်း၊ လူထုရဲ့ အကျိုးရှိတဲ့သဘောထားအမြင်များ ကျယ်ကျယ်ပြန့်ပြန့် စုဆောင်းခြင်း တို့ကို လုပ်ငန်းစဉ်တစ်ရပ်လုံးမှာ ထည့်သွင်းလုပ်ဆောင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ပါတီဗဟိုကော်မတီက အကြောင်းကြားချက်ထုတ်ပြန်ခဲ့ပြီး ပါတီရဲ့ ၂၀ ကြိမ်မြောက်ဗဟိုကော်မတီရဲ့ တတိယအကြိမ်စုံညီအစည်းအဝေးမှာ ဆွေးနွေးကြမယ့် အကြောင်းအရာများနဲ့စပ်လျဉ်းပြီး ဒေသအသီးသီး၊ ဌာနအသီးသီး၊ ကဏ္ဍအသီးသီး၊ ကေဒါဝန်ထမ်းအချို့နဲ့ လူထုရဲ့ သဘောထားအမြင်များကို တောင်းခံခဲ့ပါတယ်။ ၂၀ ကြိမ်မြောက်ဗဟိုကော်မတီရဲ့ တတိယအကြိမ်စုံညီအစည်းအဝေးမှာ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေး၊ တရုတ်အသွင်ပုံစံခေတ်မီမှု မြှင့်တင်ရေး ကိစ္စရပ်များကို အလေးပေး လေ့လာဆွေးနွေးမယ်ဆိုတဲ့ ပါတီဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်က ပြုပြင်ပြောင်းလဲရေးကို အဆုံးအထိဆောင်ရွက်သွားမယ့် ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှုနဲ့ ပြင်းပြတဲ့ တာဝန်ဝတ္တရား သိတတ်မှုတို့ကို ဖော်ညွှန်းနေကြောင်း၊ ခေတ်သစ် ခရီးစဉ်သစ်မှာ ဘယ်အလံကိုင်ဆောင်ပြီး ဘယ်လမ်းကြောင်းလျှောက်လှမ်းမလဲဆိုတာကို ထပ်မံဖော်ထုတ်ပြသလိုက်ခြင်းဖြစ်ကြောင်း၊ တရုတ်အသွင်ပုံစံခေတ်မီမှုဖြင့် အင်အားတောင့်တင်းတဲ့နိုင်ငံတော်တည်ဆောက်ရေး၊ အမျိုသားပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး စတဲ့မွန်မြတ်တဲ့လုပ်ငန်းတို့ကို ဘက်စုံမြှင့်တင် ဆောင်ရွက်ရန် တို့အတွက် ကြီးမားနက်ရှိုင်းစွာ အရေးပါနေကြောင်း အားလုံးက တညီတညွတ်တည်း ယူဆကြပါတယ်။ ဒေသအသီးသီး၊ ဌာနအသီးသီး၊ ကဏ္ဍအသီးသီးက စာရွက်စာတမ်းရဲ့အဓိကအကြောင်းအရာ၊ မူဘောင်၊ အရေးပါတဲ့စီမံဆောင်ရွက်မှုများ စတာတွေအတွက် တန်ဖိုးရှိတဲ့အကြံဉာဏ်များစွာ ပေးအပ်ခဲ့ပြီး “ဆုံးဖြတ်ချက်” မူကြမ်းရေးဆွဲရေးအတွက် အရေးပါတဲ့မှီငြမ်းကိုးကားမှု ဖြစ်စေခဲ့ပါတယ်။
၂၀၂၄ ခုနှစ် မေလ ၇ ရက်နေ့မှာ “ဆုံးဖြတ်ချက်” မူကြမ်းကို ပါတီအတွင်းဖြန့်ဝေပြီး သဘောထားတောင်းခံခဲ့ပါတယ်။ ပါတီတွင်းရှိ ရဲဘော်ကြီးများရဲ့သဘောထားတွေကို တောင်းခံခဲ့ပြီး ဒီမိုကရေစီပါတီအဖွဲ့အစည်းအသီးသီးရဲ့ ဗဟိုကော်မတီများ၊ နိုင်ငံလုံးဆိုင်ရာ စက်မှုလုပ်ငန်းနဲ့ကူးသန်းရောင်းဝယ်ရေးအဖွဲ့ချုပ် တာဝန်ခံနဲ့ ပါတီမဲ့ပုဂ္ဂိုလ် ကိုယ်စားလှယ်များရဲ့ သဘောထားအမြင်များကို အထူးနားထောင်ခဲ့ကာ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများနဲ့ ကျွမ်းကျင်ပညာရှင်များရဲ့ သဘောထားအမြင်များကို နားထောင်ခဲ့ပါတယ်။ တုံ့ပြန်မှုအခြေအနေအရကြည့်ပါက “ဆုံးဖြတ်ချက်” မူကြမ်းမှာ တရုတ်အသွင်ပုံစံခေတ်မီမှု မြှင့်တင်ရေးဆိုတဲ့ အဓိကအကြောင်းအရာကို အနီးကပ်ချဉ်းကပ်ပြီး ဘက်စုံနက်ရှိုင်းစွာပြုပြင်ပြောင်းလဲရေးဆိုင်ရာ မဟာဗျူဟာမြောက် အစီအမံများကို ရေးဆွဲထားကြောင်း၊ မှန်ကန်တဲ့ နိုင်ငံရေးဦးတည်ချက်ကို လက်ကိုင်စွဲပြီး တရုတ်အသွင်ပုံစံခေတ်မီမှု မြှင့်တင်ရေး ဆောင်ရွက်ရာမှာ ဖြေရှင်းရမယ့် ကြီးမားတဲ့ စနစ်ယန္တရားပြဿနာများအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို စီစဉ်ရေးဆွဲကြောင်း၊ ခေါင်းစဉ် ရှင်းရှင်းလင်းလင်းရှိခြင်း၊ အဓိကအချက်ကိုပေါ်လွင်စေခြင်း၊ အစီအမံများကို လက်တွေ့ဆောင်ရွက်နိုင်ခြင်း တို့ဟာ ခေတ်သစ် ခရီးစဉ်သစ်မှာ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးကို ပိုမိုကျယ်ပြန့်နက်ရှိုင်းစွာ ဆောင်ရွက်နိုင်စေတဲ့ အထွေထွေနှိုးဆော်မှု၊ အထွေထွေနေရာချထားမှုတို့ဖြစ်ကြောင်း၊ တရုတ်ဝိသေသဆောင်တဲ့ ဆိုရှယ်လစ်စနစ်ကို ပြည့်စုံ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးစနစ်နဲ့ စီမံအုပ်ချုပ်ရေးစွမ်းရည် ခေတ်မီတိုးတက်မှုရှိစေရန် တက်တက်ကြွကြွမြှင့်တင်ခြင်း တို့ကိုအပြည့်အဝ ဖော်ပြနေပြီး တရုတ်အသွင်ပုံစံခေတ်မီမှုအတွက် အားကောင်းတဲ့ခွန်အားနဲ့ စနစ်အာမခံချက်များ သေချာပေါက် ပံ့ပိုးပေးလိမ့်မည်ဖြစ်ကြောင်း အားလုံးက တညီတညွတ်တည်း ယူဆကြပါတယ်။ တစ်ချိန်တည်းမှာလည်း သက်ဆိုင်သူများက ပြင်ဆင်ချက်သဘောထားနဲ့ အကြံပြုချက် ၁၉၁၁ ချက်ကို တင်ပြခဲ့ပါတယ်။ စာရွက်စာတမ်းမူကြမ်းရေးဆွဲရေးအဖွဲ့က ဒီသဘောထားနဲ့ အကြံပြုချက်များကို သေသေချာချာ လေ့လာခဲ့ပြီး လက်ခံနိုင်တာတွေကို အတတ်နိုင်ဆုံးလက်ခံခဲ့ကာ ၂၂၁ နေရာကို ပြင်ဆင်ခဲ့ပါတယ်။
မူကြမ်းရေးဆွဲမှုလုပ်ငန်းစဉ်အတွင်း ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီက အစည်းအဝေး ၃ ကြိမ်၊ ဗဟိုနိုင်ငံရေးဗျူရိုက အစည်းအဝေး ၂ ကြိမ် ကျင်းပခဲ့ပြီး ဆွေးနွေးမှု၊ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရာ ယခုအကြိမ် စုံညီအစည်းအဝေးမှာ စိစစ်ဆွေးနွေးရန် တင်ပြခဲ့တဲ့ “ဆုံးဖြတ်ချက်” မူကြမ်း ဖြစ်လာခဲ့ပါတယ်။
၃။ “ဆုံးဖြတ်ချက်” မူကြမ်း၏ အခြေခံမူဘောင်နှင့် အဓိကအကြောင်းအရာများ
“ဆုံးဖြတ်ချက်” မူကြမ်းမှာ အမှာစာနဲ့ နိဂုံးချုပ်စကား မှလွဲပြီး အပိုင်း ၁၅ ပိုင်းရှိပြီး ကဏ္ဍကြီး ၃ ခု ခွဲထားပါတယ်။ အပိုင်းတစ်မှာ ပထမကဏ္ဍဖြစ်ပြီး အထွေထွေသုံးသပ်မှု ဖြစ်ပါတယ်။ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေး၊ တရုတ်အသွင်ပုံစံခေတ်မီမှု မြှင့်တင်ရေးရဲ့ ကြီးမားတဲ့အရေးပါမှုနဲ့ အထွေထွေတောင်းဆိုချက်များကို အဓိက ဖော်ပြထားတာ ဖြစ်ပါတယ်။ အပိုင်း ၂ ကနေ အပိုင်း ၁၄ အထိက ဒုတိယကဏ္ဍ ဖြစ်ပြီး ခွဲခြားသုံးသပ်မှု ဖြစ်ပါတယ်။ အဓိကအားဖြင့် စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ ဂေဟစနစ်ယဉ်ကျေးမှု၊ နိုင်ငံလုံခြုံရေး၊ ကာကွယ်ရေး၊ တပ်မတော် စတဲ့ အပိုင်းကဏ္ဍတွေကနေ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းအတွက် စီစဉ်ဆောင်ရွက်ပါတယ်။ အပိုင်း ၁၅ ကတော့ တတိယကဏ္ဍ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးမှာ ပါတီရဲ့ဦးဆောင်မှုကို အားကောင်းစေရေး၊ ပါတီတည်ဆောက်ရေးစနစ်များ ပြုပြင်ပြောင်းလဲမှု နက်ရှိုင်းစေရေး၊ ပါတီကျင့်ဝတ်နဲ့ သန့်ရှင်းသောအုပ်ချုပ်မှု တည်ဆောက်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တို့ကို အဓိကဖော်ပြထားပါတယ်။ အကြောင်းအရာများကို အချက် ၆၀ ဖြင့် ဖော်ပြထားပါတယ်။
“ဆုံးဖြတ်ချက်” မူကြမ်းက ၂၀၃၅ ခုနှစ်မှာ ဆိုရှယ်လစ်စနစ် ခေတ်မီတိုးတက်ရေး ရည်မှန်းချက်ကို အခြေခံအားဖြင့် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားပြီး အနာဂတ်ငါးနှစ်အတွင်းလုပ်ဆောင်မယ့် အရေးပါတဲ့ ပြုပြင်ပြောင်းလဲရေးအစီအမံများကို အဓိကထား စီမံနေရာချထားပါတယ်။ အကြောင်းအရာအပြင်အဆင်မှာ အောက်ပါ ထူးခြားချက်တချို့ ရှိနေပါတယ်။
ပထမအချက်အနေနဲ့ စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲမှုရဲ့ တွန်းအားပေးမှု အခန်းကဏ္ဍကို အလေးထားပြီး ဖော်ထုတ်ပါတယ်။ စီးပွားရေးစနစ် နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးဟာ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးရဲ့ အဓိကအချက်ဖြစ်ပြီး အဓိကတာဝန်မှာ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးကို အကျိုးပြုတဲ့ စနစ်ယန္တရားများကို ပြည့်စုံမှုရှိစေရေး ဆောင်ရွက်ရန်၊ တွန်းအားသစ်၊ အားသာချက်သစ်များကို ဖန်တီးဖော်ဆောင်ရန်၊ “လုံးဝမယိမ်းယိုင်မှုနှစ်ခု” ကို တစိုက်မတ်မတ် အကောင်အထည်ဖော်ရန်၊ တစ်နိုင်ငံလုံး တစုတစည်းတည်းရှိတဲ့ စျေးကွက်ကြီး တည်ဆောက်ရန်၊ စျေးကွက်စီးပွားရေး အခြေခံစနစ်ကို ပြည့်စုံမှုရှိစေရေး ဆောင်ရွက်ရန် တို့ဖြစ်ပါတယ်။
“ဆုံးဖြတ်ချက်” မူကြမ်းက အစိုးရနဲ့ စျေးကွက်အကြား ဆက်ဆံရေးကို ကောင်းစွာကိုင်တွယ်ရေးဆိုတဲ့ အဓိကကိစ္စရပ်ကို အခြေခံပြီး အဆင့်မြင့် ဆိုရှယ်လစ်စနစ် စျေးကွက်စီးပွားရေးစနစ် တည်ဆောက်ရေးကို သိသာထင်ရှားတဲ့နေရာမှာ ထားရှိကာ စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်မယ့် အဓိကနယ်ပယ်နဲ့ အပိုင်းကဏ္ဍတို့မှာ စီမံနေရာချထားမှုများ လုပ်ဆောင်ပါတယ်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများရဲ့ အဓိက စွမ်းဆောင်ရည်များ အားကောင်းလာစေရေး၊ အဓိကပြိုင်ဆိုင်နိုင်စွမ်းများ မြင့်မားလာစေရေး တို့ကို ဦးတည်ပြီး သက်ဆိုင်ရာစီမံခန့်ခွဲရေးဌာနများအား မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန်၊ နိုင်ငံပိုင်စီးပွားရေးအခင်းအကျင်းများ အဆင့်မြှင့်တင်မှုနဲ့ ဖွဲ့စည်းမှုပုံစံ ပြင်ဆင်မှုတို့ကို မြှင့်တင်ရန်၊ နိုင်ငံပိုင်အရင်းအနှီးများနဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ တိုးတက်အားကောင်းကြီးထွားလာစေရေး တွန်းအားပေး လုပ်ဆောင်ရန် အဆိုပြုထားပါတယ်။ အများပိုင်မဟုတ်တဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး ပုဂ္ဂလိကစီးပွားရေးမြှင့်တင်ရေးဥပဒေ ရေးဆွဲရန်၊ ပိုင်ဆိုင်မှုအခွင့်အရေး တရားဥပဒေစိုးမိုးရေးအတွက် တရားစီရင်ရေးဆိုင်ရာ အကာအကွယ်များ အားကောင်းလာစေရန်၊ စီးပွားရေးအငြင်းပွားမှုများမှာ စီမံအုပ်ချုပ်ရေးနဲ့ ရာဇ၀တ်မှုဆိုင်ရာ နည်းလမ်းများကိုသုံးပြီး ကြားဝင်မှုကို တားဆီးပြင်ဆင်ရန် အဆိုပြုထားပါတယ်။ တရားမျှတတဲ့ ယှဉ်ပြိုင်မှု ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ တင်းတင်းကြပ်ကြပ်ကန့်သတ်မှုကို မြှင့်တင်ရန်၊ တစုတစည်းတည်းရှိတဲ့ နိုင်ငံ့စျေးကွက်နဲ့ တရားမျှတတဲ့ယှဉ်ပြိုင်မှုကို အဟန့်အတားဖြစ်စေတဲ့ အမျိုးမျိုးသော စည်းမျဉ်းများနှင့် လုပ်နည်းလုပ်ဟန်များကို ဖယ်ရှားရှင်းလင်းရန်၊ ထုတ်လုပ်မှုကဏ္ဍ စျေးကွက်ရဲ့ စနစ်နဲ့ စည်းမျဉ်းများကို ပြည့်စုံစေရေး လုပ်ဆောင်ရန် စသဖြင့် အဆိုပြုထားပါတယ်။ ဒီစီမံဆောင်ရွက်မှုတွေက လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ ပြည်တွင်းအင်အားနဲ့ ဆန်းသစ်တီထွင်နိုင်စွမ်းတွေကို ပိုမိုကောင်းမွန်စွာ လှုံ့ဆော်ပေးပါလိမ့်မယ်။
“ဆုံးဖြတ်ချက်” မူကြမ်းက စီးပွားရေး အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး စနစ်ယန္တရား ခိုင်မာစေရန်၊ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို မြှင့်တင်ရန်အတွက် စီမံဆောင်ရွက်ခဲ့ပါတယ်။ မြင့်မားတဲ့နည်းပညာ၊ မြင့်မားတဲ့ထိရောက်မှု၊ မြင့်မားတဲ့အရည်အသွေး စတဲ့ထူးခြားချက်တွေရှိတဲ့ ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး နယ်ပယ်သစ် လမ်းကြောင်းသစ်မှာ စနစ်ထောက်ပံ့မှု အားကောင်းစေရန်၊ အနာဂတ် စက်မှုလုပ်ငန်းရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေးယန္တရား ထူထောင်ရန် အဆိုပြုထား ပါတယ်။ အမျိုးသားအဆင့်စံနှုန်းများ မြှင့်တင်ခြင်းဖြင့် သမားရိုးကျစက်မှုလုပ်ငန်းများကို ပိုမိုအဆင့်မြှင့်တင်နိုင်စေရေး လမ်းပြပေးရန်၊ အမျိုးမျိုးသော အဆင့်မြင့်ထုတ်လုပ်မှုဆိုင်ရာ အကြောင်းအချက်များကို အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားဆီသို့ စုစည်းလာစေရေး မြှင့်တင်ဆောင်ရွက်ရန် အဆိုပြုထားပါတယ်။
“ဆုံးဖြတ်ချက်” မူကြမ်းက မက်ခရိုစီးပွားရေး စီမံအုပ်ချုပ်မှုစနစ် ပိုမိုကောင်းမွန်လာစေရန် စီစဉ်ဆောင်ရွက်ပေးပါတယ်။ အမျိုးသားမဟာဗျူဟာစီမံကိန်း ရေးဆွဲခြင်းစနစ်နဲ့ မူဝါဒပေါင်းစပ်စီမံခန့်ခွဲညှိနှိုင်းရေးယန္တရားကို မြှင့်တင်ရန် အဆိုပြုထားပါတယ်။ ဘဏ္ဍာရေးနဲ့ အခွန်ကောက်ခံမှုစနစ် ပြုပြင်ပြောင်းလဲရေးကို ဘက်စုံစီမံဆောင်ရွက်မြှင့်တင်ရန်၊ ဒေသအဆင့်ရဲ့ အမှီအခိုကင်းတဲ့ ဘဏ္ဍာရေးအင်အား တိုးပွားစေရန်၊ ဒေသရဲ့ အခွန်အရင်းအမြစ်များ ချဲ့ထွင်ရန်၊ ဒေသအစိုးရရဲ့ အထူးငွေချေးစာချုပ် ကူညီမှုနယ်ပယ်ကို ကျိုးကြောင်းဆီလျော်စွာ ချဲ့ထွင်ရန်၊ ဗဟိုအစိုးရရဲ့အာဏာကို သင့်တင့်လျောက်ပတ်စွာ တိုးမြှင့်ရန်၊ ဗဟိုရဲ့ ဘဏ္ဍာရေးအသုံးစရိတ် အချိုးအစားများ တိုးမြှင့်ရန်၊ ဘဏ္ဍာရေးအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍနဲ့ စီမံအုပ်ချုပ်မှု ပြည့်စုံမှုရှိစေရန်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးပေါင်းစပ်မှုကို ညှိနှိုင်းပေးတဲ့ ငွေကြေးအရင်းအနှီးဈေးကွက်ရဲ့ လုပ်ငန်းဆောင်တာများကို မြှင့်တင်ရန်၊ ဘဏ္ဍာရေး ကြီးကြပ်မှုစနစ်ကို ပြည့်စုံမှုရှိစေရန် အဆိုပြုထားပါတယ်။
“ဆုံးဖြတ်ချက်” မူကြမ်းက မြို့ပြနဲ့ကျေးလက်ဒေသ ပေါင်းစပ်ဖွံ့ဖြိုးရေးအတွက် စနစ်ယန္တရားများ ပြည့်စုံမှုရှိစေရေးအတွက် စီမံဆောင်ရွက်ပေးပါတယ်။ မြို့ပြဖော်ဆောင်ရေး စနစ်ယန္တရားသစ်ကို မြှင့်တင်ရန်၊ ကျေးလက်ဒေသရဲ့ အခြေခံလုပ်ငန်းလည်ပတ်မှုစနစ်ကို ခိုင်မာအားကောင်းစေရန်၊ တောင်သူလယ်သမားများကို တိုးတက်စေတဲ့၊ အကျိုးပြုတဲ့၊ ကြီးပွားချမ်းသာစေတဲ့ ပံ့ပိုးကူညီမှုစနစ်များ ပြီးပြည့်စုံမှုရှိစေရန်၊ မြေယာစနစ် ပြုပြင်ပြောင်းလဲရေးကို နက်ရှိုင်းစေရန် အဆိုပြုထားပါတယ်။
“ဆုံးဖြတ်ချက်” မူကြမ်းက အဆင့်မြင့်စွာ ပြင်ပသို့တံခါးဖွင့်လှစ်ရေး စနစ်ယန္တရား ပြည့်စုံမှုရှိစေရေးအတွက် စီမံဆောင်ရွက်ပေးပါတယ်။ တံခါးဖွင့်လှစ်ရေးစနစ်ဖော်ဆောင်မှုကို တည်ငြိမ်စွာ တိုးချဲ့လုပ်ဆောင်ရန်၊ နိုင်ငံခြားကုန်သွယ်မှုစနစ် ပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစွာလုပ်ဆောင်ရန်၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေးစနစ် ပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစွာလုပ်ဆောင်ရန်၊ ဒေသတွင်း တံခါးဖွင့်လှစ်မှုအခင်းအကျင်းကို ကောင်းမွန်စွာဖော်ဆောင်ရန်၊ အရည်အသွေးမြင့်စွာ “Belt and Road” အတူတည်ဆောက်ရေးယန္တရားကို မြှင့်တင်ရန် အဆိုပြုထားပါတယ်။
ဒုတိယအချက်အနေနဲ့ ဘက်စုံဆန်းသစ်တီထွင်မှုကို ထောက်ခံအားပေးတဲ့ စနစ်နဲ့ ယန္တရားကို အလေးထားပြီး တည်ဆောက်ပါတယ်။ “ဆုံးဖြတ်ချက်” မူကြမ်းက ပညာရေး၊ သိပ္ပံနည်းပညာ လူတော်လူချွန်စနစ်နှင့်ယန္တရား တစ်သားတည်းပြုပြင်ပြောင်းလဲမှုကို ပူးတွဲဖော်ဆောင်ခြင်းဖြင့် ပညာရေးအထွေထွေပြုပြင်ပြောင်းလဲမှု နက်ရှိုင်းစေခြင်း၊ သိပ္ပံနည်းပညာဖွဲ့စည်းပုံပြုပြင်ပြောင်းလဲမှုနက်ရှိုင်းစေခြင်း၊ လူတော်လူချွန် ဖွံ့ဖြိုတိုးတက်မှုစနစ်နှင့် ယန္တရားပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစေခြင်းတို့ကို အဓိကထားကာ နိုင်ငံတော်၏ ဆန်းသစ်တီထွင်မှုစနစ်တစ်ရပ်လုံး လုပ်ဆောင်ချက်စွမ်းရည်ကို မြှင့်တင်ရန် အဆိုပြုထားပါတယ်။
ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုအပိုင်းမှာ “ဆုံးဖြတ်ချက်” မူကြမ်းက အမျိုးအစားခွဲ၍ အဆင့်မြင့်ပညာကျောင်းများ ပြုပြင်ပြောင်းလဲမှုကိုဖော်ဆောင်၍ သိပ္ပံနည်းပညာတိုးတက်မှု၊ နိုင်ငံတော်မဟာဗျူဟာလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်တဲ့ ပညာရပ်ဆိုင်ရာ ညှိနှိုင်းမှုယန္တရားနဲ့ လူတော်လူချွန်ပျိုးထောင်ခြင်းပုံစံကို ထူထောင်ခြင်း အစီအစဉ်ကို ထူထောင်ရန်၊ အရေးပေါ်လိုအပ်တဲ့ ကျွမ်းကျင်ပညာရပ်ကို သာလွန်သောစီမံနေရာချမှုလုပ်ဆောင်ပေးရန်၊ အဆင့်မြင့်ပညာကျောင်းများရဲ့ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုယန္တရားကို ပြီးပြည့်စုံစေကာ ရလဒ်ကို ထိရောက်မှုအဖြစ် ပြောင်းလဲမှုကိုမြှင့်တင်ပေးရန် အဆိုပြုထားပါတယ်။
သိပ္ပံနည်းပညာစနစ် ပြုပြင်ပြောင်းလဲမှုအပိုင်းမှာ “ဆုံးဖြတ်ချက်” မူကြမ်းက နိုင်ငံတော် မဟာဗျူဟာမြောက် သိပ္ပံနည်းပညာအင်အား တည်ဆောက်မှုကို မြှင့်တင်ရန် နိုင်ငံတော် သိပ္ပံသုတေသနအဖွဲ့အစည်း၊ အဆင့်မြင့် သုတေသနတက္ကသိုလ်နှင့် အဆင့်မြင့် သိပ္ပံနည်းပညာ ဦးဆောင်သည့် ကုမ္ပဏီရဲ့ အခန်းကဏ္ဍနဲ့ နေရာချထားမှုကို ကောင်းမွန်အောင် မြှင့်တင်ရန်၊ သိပ္ပံနည်းပညာ အစီအစဉ် စီမံခန့်ခွဲမှုကို ကောင်းမွန်အောင်ပြုပြင်ရန်၊ အခြေခံသုတေသနနယ်ပယ်၊ ပူးတွဲရှေ့ပြေးပညာရပ်နယ်ပယ်၊ အဓိကနယ်ပယ်များရဲ့ ရှေ့ကိုမျှော်ကိုးသော ဦးဆောင်နိုင်သော အခန်းကဏ္ဍကို မြှင့်တင်ပေးရန်၊ ကုမ္ပဏီများရဲ့ သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုအဖွဲ့အစည်း အခန်းကဏ္ဍကိုမြှင့်တင်ရန် အဆင့်မြင့် သိပ္ပံနည်းပညာ ဦးဆောင်ကုမ္ပဏီများကို ပျိုးထောင် အင်အားကြီးစေတဲ့ ယန္တရားကို ထူထောင်ရန်၊ သိပ္ပံသုတေသနအမျိုးအစား လုပ်ငန်းဌာနများက ပုံမှန်လုပ်ငန်းဌာနများထက် ပိုမိုပြောင်းလွယ်ပြင်လွယ်သော စီမံခန့်ခွဲမှု ယန္တရားကျင့်သုံးမှုကိ ခွင့်ပြုရန် ကုမ္ပဏီဆန်ဆန် စီမံခန့်ခွဲမှုကို စူးစမ်းလေ့လာ လက်တွေ့ဖော်ဆောင်ကာ သုတေသနပညာရှင်များက ၎င်းတို့သိပ္ပံနည်းပညာရလဒ်များအပေါ် သက်ဆိုင်ရာလုပ်ပိုင်ခွင့်များ ခွင့်ပြုရန် ပြုပြင်ပြောင်းလဲမှုကို အဆိုပြုထားပါတယ်။
လူတော်လူချွန်ဖွံ့ဖြိုးတိုးတက်မှု ယန္တရားပြုပြင်ပြောင်းလဲမှုအပိုင်းမှာ “ဆုံးဖြတ်ချက်” မူကြမ်းက နိုင်ငံတော်အတွက် မဟာဗျူဟာမြောက်အရေးပါမှုရှိတဲ့ လူတော်လူချွန်အင်အား တည်ဆောက်မှုကို အရှိန်မြှင့်တင်၍ လူတော်လူချွန်အမျိုးမျိုးရဲ့ အရည်အချင်းကို မြှင့်တင်ရန်၊ ဆန်းသစ်တီထွင်သော လူငယ်လူတော်လူချွန်များ ရှာဖွေခြင်း၊ ရွေးချယ်ခြင်း၊ လေ့ကျင့်ခြင်း ယန္တရားကို ပြီးပြည့်စုံစေရန်၊ လူငယ် သိပ္ပံနည်းပညာဝန်ထမ်းများရဲ့ ခံစားခွင့်ကို ပိုမိုကောင်းမွန်စွာ အာမခံပေးရန်၊ လူတော်လူချွန်များကို လှုံ့ဆော်ပေးတဲ့စနစ်မြှင့်တင်ပြီး ဝန်ထမ်းခန့်အပ်သူထံ လုပ်ပိုင်ခွင့်ပေးကာ လူတော်လူချွန်များတိုးတက်ရန်အတွက် ပိုမိုသင့်တော်တဲ့ ပတ်ဝန်းကျင်ရရှိရန်ဖြေလျှော့ပေးရန် နိုင်ငံရပ်ခြားမှ လူတော်လူချွန်များ ခန့်အပ်ရန်အတွက် ပံ့ပိုးအာမခံတဲ့ယန္တရားကို မြှင့်တင်ပေးရန် အဆိုပြုထားပါတယ်။
တတိယအချက်အနေနဲ့ ဘက်စုံပြုပြင်ပြောင်းလဲမှုကို အလေးထားပြီး ဖော်ဆောင်ပါတယ်။ “ဆုံးဖြတ်ချက်” မူကြမ်းက “စီးပွားရေးတည်ဆောက်မှု၊ နိုင်ငံရေးတည်ဆောက်မှု၊ ယဉ်ကျေးမှုတည်ဆောက်မှု၊ လူ့အဖွဲ့အစည်းတည်ဆောက်မှု၊ ဂေဟယဉ်ကျေးမှု တည်ဆောက်မှု ဆိုတဲ့ ကဏ္ဍငါးခု တစ်သားတည်းပေါင်းစပ်ထားသည့်” အစီအစဥ်နဲ့ “ဆိုရှယ်လစ်စနစ် ခေတ်မီနိုင်ငံဘက်စုံ တည်ဆောက်ခြင်း၊ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲခြင်း၊ ဘက်စုံ တရားဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ခြင်း၊ ဘက်စုံတင်းကျပ်စွာ ပါတီကို စီမံခန့်ခွဲခြင်း” မဟာဗျူဟာမြောက် နေရာချထားမှုကို ညှိနှိုင်းဖော်ဆောင်တဲ့ မူဘောင်အောက်မှာ တစ်ဆင့်တိုး ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးအတွက် စီစဉ်ရေးဆွဲကာ စီးပွားရေးဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနဲ့ အခြားနယ်ပယ်အသီးသီးရဲ့ ပြုပြင်ပြောင်းလဲမှုကို အထွေထွေစီမံ နေရာချထားမှု လုပ်ဆောင်ရန် အဆိုပြုထားပါတယ်။
ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးနယ်ပယ် ပြုပြင်ပြောင်းလဲမှုအပိုင်းမှာ “ဆုံးဖြတ်ချက်” မူကြမ်းက ဖြစ်စဉ်တစ်ရပ်လုံး ပြည်သူ့ဒီမိုကရေစီစနစ် ပြီးပြည့်စုံစေခြင်းနဲ့ တရုတ်ဝိသေ သဆောင်သော ဆိုရှယ်လစ် တရားဥပဒေစိုးမိုးရေးစနစ်မြှင့်တင်ခြင်းအတွက် အထူးစီမံလုပ်ဆောင်ထားပါတယ်။ “ဆုံးဖြတ်ချက်” မူကြမ်းက ပြည်သူကိုယ်တိုင် နိုင်ငံတော်အတွက် ဆုံးဖြတ်တဲ့ စနစ်တည်ဆောက်မှုကိုမြှင့်တင်ရန်၊ ဆွေးနွေးသည့် ဒီမိုကရေစီစနစ်မြှင့်တင်ရန်၊ အခြေခံအလွှာ ဒီမိုကရေစီစနစ်ကို ပြီးပြည့်စုံစေရန်၊ညီညွတ်ရေးတပ်ပေါင်းစု လုပ်ငန်းအခင်းအကျင်းတည်ဆောက်ရန် အဆိုပြုထားပါတယ်။ အဓိကကဏ္ဍ၊ ထွန်းသစ်စကဏ္ဍ၊ ပြည်ပကဏ္ဍ ဥပဒေပြုမှုကိုတိုးမြှင့်ရန်၊ ကြီးကြပ်ရေး အဖွဲ့အစည်း၊ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်း၊ တရားစစ်ဆေးရေး အဖွဲ့အစည်း၊ တရားရုံး၊ တရားမျှတမှု စီမံရေးအဖွဲ့အစည်းတို့က မိမိတာဝန်ကိုယ်စီထမ်းဆောင်ကာ ကြီးကြပ်ခွင့်၊ စုံစမ်းခွင့်၊ စစ်ဆေးခွင့်၊ တရားစီရင်ခွင့်၊ လုပ်ဆောင်ခွင့်တို့ အပြန်အလှန်တွဲဖက် အပြန်အလှန် ထိန်းချုပ်သည့် စနစ်ကိုပြီးပြည့်စုံစေပြီး တရားဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်း တည်ဆောက်မှု ယန္တရားကိုမြှင့်တင်ရန် အဆိုပြုထားပါတယ်။
ယဉ်ကျေးမှုစနစ် ပြုပြင်ပြောင်းလဲမှုအပိုင်းမှာ “ဆုံးဖြတ်ချက်” မူကြမ်းက ဒြပ်ရှိယဉ်ကျေးမှုနဲ့ ဒြပ်မဲ့ယဉ်ကျေးမှုတို့ ညှိနှိုင်းဖော်ဆောင်တဲ့ ခေတ်မီမှုကို အဓိကထား မြှင့်တင်ကာ အယူအဆနဲ့ ခံယူချက်သင်ကြားမှုအား ပုံမှန်စနစ်ကျကျ ဖော်ဆောင်ရန်၊ ယဉ်ကျေးမှုပျိုးထောင်မှု၊ ယဉ်ကျေးမှုလက်တွေ့ဖော်ဆောင်မှု၊ ယဉ်ကျေးမှု ဖန်တီးတည်ဆောက်မှုလုပ်ငန်းယန္တရားများ ဆန်းသစ်တီထွင်မြှင့်တင်ရန်၊ ယဉ်ကျေးမှု ဝန်ဆောင်မှုနှင့် ယဉ်ကျေးမှုကုန်ပစ္စည်းများ ထောက်ပံ့ပေးမှုယန္တရားကို တိုးတက်ကောင်းမွန်လာစေရန်၊ အရည်အသွေးမြင့် ယဉ်ကျေးမှုအရင်းအမြစ်များကို အခြေခံအလွှာထိ တိုက်ရိုက်ရောက်ရှိစေရေးယန္တရားထူထောင်ရန်၊ ဆိုက်ဘာအထွေထွေ စီမံအုပ်ချုပ်ရေးစနစ်ပြီးပြည့်စုံစေရန်၊ နိုင်ငံတကာဆက်သွယ်ရေးအခင်းအကျင်း ပြန်လည်တည်ဆောက်မှု မြှင့်တင်ရန်၊ ပိုမိုထိရောက်မှုရှိသော နိုင်ငံတကာ ဆက်ဆံရေးစနစ်ကို တည်ဆောက်ရန် အဆိုပြုထားပါတယ်။
ပြည်သူလူနေမှုဘဝကောင်းမွန်စေရေးနဲ့ အာမခံရေးစနစ်ကို ပြီးပြည့်စုံစေရေးအပိုင်းမှာ “ဆုံးဖြတ်ချက်” မူကြမ်းက ဝင်ငွေခွဲဝေမှုစနစ်တိုးတက်ကောင်းမွန်စေပြီး ဝင်ငွေခွဲဝေမှု အစီအစဉ်ကို စနစ်ကျစေရန်၊ စွန့်ဦးတီထွင်မှုဖြင့် လုပ်ငန်းခွင် ဝင်ရောက်မှုမြှင့်တင်သော မူဝါဒပတ်ဝန်းကျင်ကို မြှင့်တင်၍ လုပ်ငန်းခွင်ဝင်ရောက်မှု အခြေအနေအသစ်တိုးတက်မှုကို ပံ့ပိုး၍ စနစ်ကျစေရန်၊ ပြုလွယ်ပြင်လွယ် လုပ်ငန်းခွင်ဝင်ရောက်သူများ၊ ရွှေ့ပြောင်း အလုပ်သမားများ၊ လုပ်ငန်းခွင်ဝင်ရောက်မှု အခြေအနေသစ်ဝန်ထမ်းများရဲ့ လူမှုဖူလုံရေးစနစ်ကို ပြီးပြည့်စုံစေကာ သန်းခေါင်စာရင်းမရှိသော လုပ်ငန်းခွင်ဝင်ရာ ဒေသတွင် ဝန်ထမ်းများက လူမှုဖူလုံရေးရရှိမှု အကန့်အသတ်များကို ပယ်ဖျက်ရန် အဆိုပြုထားပါတယ်။ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုပုံစံအသစ် တည်ဆောက်မှုကို အရှိန်မြှင့်တင်ကာ မြို့ပြအစိုးရများက အိမ်ခြံမြေဈေးကွက်ကိုစီမံထိန်းချုပ်ခွင့် အပြည့်အဝပေးရန် အဆိုပြုထားပါတယ်။ ဆေဝါးကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစေကာ ကျန်းမာရေးဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကို ဖော်ဆောင်ရန် အဆိုပြုထားပါတယ်။ လူဦးရေတိုးတက်မှုကို ပံ့ပိုးကူညီဝန်ဆောင်မှုပေးရန်စနစ် မြှင့်တင်၍ ကလေးမွေးဖွားမှုကို ပံ့ပိုးတဲ့ မူဝါဒစနစ်နဲ့ အားပေးတဲ့ယန္တရားကို ပြီးပြည့်စုံစေရန်၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းနဲ့ကဏ္ဍဖော်ဆောင်တဲ့ မူဝါဒနဲ့ယန္တရားကို ပြီးပြည့်စုံစေပြီး မိမိဆန္ဒအလျောက် ပြုလွယ်ပြင်လွယ်အခြေခံမူဖြင့် တရားဝင်ပင်စင်ယူတဲ့ အသက်အား တဖြည်းဖြည်းချင်း စနစ်ကျနောက်ဆုတ်သော ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်ရန် အဆိုပြုထားပါတယ်။
ဂေဟပတ်ဝန်းကျင်ထိန်းသိမ်းမှုစနစ် ပြုပြင်ပြောင်းလဲမှုအပိုင်းမှာ “ဆုံးဖြတ်ချက်” မူကြမ်းက ဂေဟပတ်ဝန်းကျင်ထိန်းသိမ်းမှုအခြေခံစနစ်ကို မြှင့်တင်၍ ဂေဟပတ်ဝန်းကျင် ကုစားမှုစနစ်ကို ပြီးပြည့်စုံစေကာ အစိမ်းရောင် ကာဗွန်နည်း ဖွံ့ဖြိုတိုးတက်မှုစနစ် တိုးမြှင့်ရန် အဆိုပြုထားပါတယ်။ ဒေသခွဲ၊ ကွဲပြားစွာ၊ တိကျစွာထိန်းချုပ်တဲ့ ဂေဟပတ်ဝန်းကျင် စီမံထိန်းချုပ်မှုစနစ်ဖော်ဆောင်ပြီး ဒေသဖြတ်ကျော် ဂေဟပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြန်လည်ဖြည့်ဆည်းမှုယန္တရားကိုပြီးပြည့်စုံစေရန်၊ အစိမ်းရောင်ဖြစ်၍ ကာဗွန်နည်း ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံသော အကောက်ခွန်၊ ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဈေးနှုန်းမူဝါဒနဲ့ စံနှုန်းစနစ်ဖော်ဆောင်ပြီး စွမ်းအင်ပုံစံစနစ်အသစ်အား စီမံရေးဆွဲ ဖော်ဆောင်မှုကို အရှိန်မြှင့်ရန် အဆိုပြုထားပါတယ်။
စတုတ္ထအချက်အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လုံခြုံမှုဟန်ချက်ညီညီ ဖော်ဆောင်မှုကို အလေးထားဖော်ဆောင်ပါတယ်။ နိုင်ငံတော်လုံခြုံမှုဟာ တရုတ်အသွင်ပုံစံခေတ်မီမှု တည်ငြိမ် ကြာရှည်စွာဖော်ဆောင်မှုရဲ့ အရေးကြီးအခြေခံဖြစ်ပါတယ်။ “ဆုံးဖြတ်ချက်” မူကြမ်းက နိုင်ငံတော်လုံခြုံမှုထိန်းသိမ်းမှုကို ပိုမိုသိသာထင်ရှားတဲ့အခန်းကဏ္ဍမှာထားပြီး နိုင်ငံတော် လုံခြုံရေးစနစ်နဲ့ စွမ်းရည်ခေတ်မီမှုဖော်ဆောင်ရေးနဲ့ စပ်လျဉ်းပြီး ညှိနှိုင်းဖော်ဆောင်ကာ ထိရောက်မှုမြင့်မားသော နိုင်ငံတော်လုံခြုံရေး ကာကွယ်ထိန်းသိမ်းမှုစနစ် တည်ဆောက်၍ နိုင်ငံတော်လုံခြုံရေးအတွက် သိပ္ပံနည်းပညာအား ပိုမိုကောင်းမွန်စွာ အသုံးချရန်၊ အရေးပါ အရေးပေါ် အများပြည်သူကိစ္စရပ်များ တုံ့ပြန်ဖြေရှင်းရေး အာမခံမှုစနစ်ကို ပြီးပြည့်စုံစေရန်၊ AI ဘေးကင်းလုံခြုံမှု စောင့်ကြည့်ထိန်းချုပ်မှုစနစ်ထူထောင်ရန်၊ တစ်နိုင်ငံလုံးတွင် တစ်ပြေးညီဖြစ်သည့် လူဦးရေ စီမံခန့်ခွဲမှုစနစ် စူးစမ်းလေ့လာထူထောင်ရန်၊ လူ့အဖွဲ့အစည်း တရားဥပဒေစိုးမိုးမှု ကာကွယ်ထိန်းချုပ်ရေးစနစ် တိုးမြှင့်ကာ အများပြည်သူက များစွာဂရုပြုသော ပြစ်မှုကျူးလွန်သည့် လှုပ်ရှားမှုကို တရားဥပဒေနှင့်အညီတိုက်ဖျက်ရန် အဆိုပြုထားပါတယ်။ အနီးတဝိုက်ဒေသများရဲ့ လုံခြုံရေးမြှင့်တင်မှု လုပ်ငန်းညှိနှိုင်းရေး ယန္တရားကိုထူထောင်ရန်၊ နိုင်ငံခြားဒဏ်ခတ်အရေးယူမှုကို တန်ပြန်သော၊ စွက်ဖက်မှုကို တန်ပြန်သော၊ လက်တံရှည်ကြီးဖြင့် တရားစီရင်ခြင်းကို တန်ပြန်သော ယန္တရားကို ခိုင်ခံ့စေရန်၊ ကုန်သွယ်ရေးဆုံးရှုံးနိုင်ခြေ ကာကွယ်ထိန်းချုပ်ရေး ယန္တရားကို မြှင့်တင်ရန်၊ နိုင်ငံခြားနှင့် ပတ်သက်သော တရားဥပဒေ စည်းမျဉ်းစည်းကမ်းစနစ်နဲ့ တရားဥပဒေစိုးမိုးမှု ဖော်ဆောင်ရေးစနစ်ကို ပြီးပြည့်စုံစေပြီး တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်မှု နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် အဆိုပြုထားပါတယ်။ နိုင်ငံတော်ကာကွယ်ရေးနဲ့ တပ်မတော်ပြုပြင်ပြောင်းလဲရေးကို စဉ်ဆက်မပြတ်နက်ရှိုင်းစေရေးနဲ့ စပ်လျဉ်းပြီး “ဆုံးဖြတ်ချက်” မူကြမ်းက ပြည်သူ့တပ်မတော်ကို ဦးဆောင် စီမံခန့်ခွဲတဲ့ စနစ်ယန္တရားပြီးပြည့်စုံစေရန်၊ ပူးတွဲစစ်ဆင်ရေးစနစ် ပြုပြင်ပြောင်းလဲမှု နက်ရှိုင်းစေရန်၊ တပ်မတော်နှင့် ဒေသန္တရပြုပြင်ပြောင်းလဲမှု နက်ရှိုင်းစေရန်တို့ကို အဆိုပြုထားပါတယ်။
ပဉ္စမအချက်အနေနဲ့ ပါတီက ပြုပြင်ပြောင်းလဲမှုအပေါ် ဦးဆောင်မှုအားမြှင့်တင်ရန် အလေးထားပါတယ်။ ပါတီရဲ့ဦးဆောင်မှုဟာ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုးမြှင့်တင်ရေး၊ တရုတ်အသွင်ပုံစံခေတ်မီမှုကို ဖော်ဆောင်ရေးရဲ့ အခြေခံအာမခံချက် ဖြစ်ပါတယ်။ “ဆုံးဖြတ်ချက်” မူကြမ်းက ပါတီဗဟိုကော်မတီရဲ့ အရေးပါ ဆုံးဖြတ်ချက်နဲ့ အစီအစဉ်ဖော်ဆောင်မှု ယန္တရားကိုပြည့်စုံစေရန်၊ ကေဒါ လူ့စွမ်းအားစနစ် ပြုပြင်ပြောင်းလဲမှု နက်ရှိုင်းစေပြီး လူရွေးချယ်အသုံးပြုတဲ့ မှန်ကန်သော လားရာကို ရှင်းလင်းစွာသတ်မှတ်ရန်၊ နိုင်ငံရေးအရတာဝန်ယူတတ်သော၊ တာဝန်ခံယူလိုစိတ် ရှိသော၊ ပြတ်ပြတ်သားသား ပြုပြင်ပြောင်းလဲလိုသော၊ လက်တွေ့လုပ်ဆောင်ချက် ထင်ရှားသော၊ ရိုးသားဖြောင့်မတ်သော ကေဒါများကို အင်တိုက်အားတိုက် ရွေးချယ်ကာ ကေဒါများ ရမ်းတန်းလုပ်ဆောင်သော၊ လုပ်ဆောင်ချက်မရှိသော၊ မလုပ်ဆောင်သော၊ လုပ်ဆောင်ရာတွင် မကျွမ်းကျင်သော ပြဿနာကို အားထည့်ဖြေရှင်းရန်၊ မှန်ကန်သော နိုင်ငံရေးလုပ်ဆောင်ချက်အမြင်ကို ထူထောင်၍ လက်တွေ့ဖော်ဆောင်ကာ “ကေဒါက ပြုပြင်ပြောင်းလဲရာ၌ အတွေ့အကြုံနည်းပါးခြင်း၊ ရှေ့ပြေးစမ်းသပ်ခြင်းကြောင့် ပေါ်ထွက်လာသည့် အမှားအယွင်းနှင့် တမင်သက်သက်ကျူးလွန်သည့် ဥပဒေစည်းကမ်း ချိုးဖောက်မှုကို ခွဲခြားရန်၊ အထက်အရာရှိက အတိအလင်းမကန့်သတ်ထားသည့် စူးစမ်းလေ့လာ စမ်းသပ်မှုကြောင့် ဖြစ်ပွားသည့်အမှားအယွင်းနှင့် အထက်အရာရှိက အတိအလင်း တားမြစ်ထားလျက် မိမိသဘောနှင့်မိမိလုပ်ဆောင်သည့် ဥပဒေစည်းကမ်း ချိုးဖောက်မှုကို ခွဲခြားရန်၊ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရာတွင် မထင်မှတ်ဘဲဖြစ်ပွားသည့် အမှားအယွင်းနှင့် မိမိအကျိုးစီးပွားရယူရန်အတွက် ဥပဒေစည်းကမ်းချိုးဖောက်မှုကို ခွဲခြားရန်” ဟူသည့် ခွဲခြားရန်သုံးချက်ကိုအကောင်အထည်ဖော်ဆောင်ခြင်းဖြင့် ကေဒါများက တိုးချဲ့လုပ်ကိုင်လုပ်စိတ်နဲ့ ရှေ့ပြေးစွန့်ဦးတီထွင်စိတ်ကို လှုံ့ဆော်ပေးရန်၊ ပါတီအဖွဲ့အစည်းရဲ့ နိုင်ငံရေးလုပ်ဆောင်ချက်နဲ့ အဖွဲ့အစည်းလုပ်ဆောင်ချက်ကို တိုးမြှင့်ရန်၊ ပုံစံအယူဝါဒ၊ ဗျူရိုကရေစီစနစ်ယန္တရားတားဆီးဖြေရှင်းမှုကို တိုးမြှင့်ရန်၊ မကောင်းမွန်သောဓလေ့နဲ့ အကျင့်ပျက်ခြစားမှုပြဿနာကို တစ်ပြိုင်နက်တည်း စုံစမ်းစစ်ဆေးဖော်ထုတ်ကာ ထိန်းချုပ်တဲ့ယန္တရားကို မြှင့်တင်၍ အသစ်ပုံစံ အကျင့်ပျက်ခြစားမှုနဲ့ တိတ်တဆိတ် အကျင့်ပျက်ခြစားမှုအား ကာကွယ်ထိန်းချုပ်သည့်ထိရောက်သော နည်းလမ်းကို ပြည့်ဝစေရန် အဆိုပြုထားပါတယ်။
ရဲဘော်တို့က ပါတီဗဟိုကော်မတီရဲ့ စိတ်ဓာတ်ကို နက်ရှိုင်းစွာနားလည်သိရှိပြီး ယခုအကြိမ် ဘက်စုံအစည်းအဝေးရဲ့ခေါင်းစဉ်ကိုဗဟိုပြု ဆွေးနွေးကာ အပြုသဘော ဆောင်သော ပြုပြင်ပြောင်းလဲတဲ့ ထင်မြင်ယူဆချက်နဲ့ အကြံပြုချက်များ အဆိုပြုခြင်းဖြင့် ယခုအကြိမ်ဘက်စုံအစည်းအဝေးကို အောင်မြင်စွာကျင်းပကာ “ဆုံးဖြတ်ချက်” မူကြမ်းကို ကောင်းမွန်စွာပြင်ဆင်နိုင်ဖို့ မျှော်လင့်ပါတယ်။
ဆင်ဟွာသတင်းဌာန ဇူလိုင် ၂၁ ရက်နေ့ သတင်းဖော်ပြချက်