လာအိုဝန်ကြီးချုပ် Sonexayသည် ဝမ်ယိနှင့် တွေ့ဆုံ

(GMT+08:00)2024-07-26 15:28:10  

ဒေသစံတော်ချိန် ဇူလိုင်လ ၂၅ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်၌ လာအိုနိုင်ငံဝန်ကြီးချုပ် Sonexayသည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

Sonexayက လာအိုနိုင်ငံသည် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ၏ အရေးကြီး သဘော တူညီချက်များအကောင်အထည်ဖော်ဆောင်မှုကို အဓိကထားပြီး   တရုတ်နိုင်ငံ နှင့် အတူ ဆက်သွယ်ညှိနှိုင်းမှုကို အားဖြည့်ဆောင်ရွက်ကာ လာအို-တရုတ် ကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်ရေးလှုပ်ရှားမှုစီမံကိန်းသစ်ကို တွန်းအားပေး၍ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုကို ဘက်စုံတိုးချဲ့ဆောင်ရွက်လိုကြောင်း၊ အာဆီယံအဖွဲ့ အလှည့်ကျသဘာပတိ နိုင်ငံ၏ တာဝန်ဝတ္တရားကို ထမ်းဆောင်ရာတွင် တရုတ်နိုင်ငံမှ လာအိုနိုင်ငံအား ထောက်ခံ အားပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ ကူးလူးဖလှယ်မှုနှင့် ညှိနှိုင်းမှုကို အားဖြည့်ဆောင်ရွက် ပြီး အစည်းအဝေးများတွင် အပြုသဘောဆောင်သော အောင်ကျိုး ရလဒ်များရရှိနိုင်အောင် တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ဝမ်ယိက အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ သမိုင်းမှတ်တိုင် အဓိပ္ပာယ်နှင့် အရေးကြီး ဆောင်ရွက်ချက်များကို ဘက်စုံရှင်းလင်းဖော်ပြခဲ့ပါသည်။ မိမိတို့သည် လာအိုနိုင်ငံ နှင့်အတူ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများကို အားဖြည့်ကူးလူးဖလှယ်ပြီး ကိုယ့်ဘာသာ၏ ခေတ်မီရေးဖြစ်စဉ်ကို လက်တွဲတွန်းအားပေးကာ ကမ္ဘာ့ဆိုရှယ်လစ် လုပ်ငန်းကို ၂၁ ရာစုနှစ်တွင် တက်ကြွမှုသစ်များဖြင့် ဆက်လက်တောက်ပစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထိုနေ့တွင်ပင် ဝမ်ယိသည် ဗီယင်ကျန်းမြို့တော်၌ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Saleumxayနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပြီးနောက် နှစ်ဦးနှစ်ဖက်တို့သည် ပညာရေး၊ ဆေးဝါးကုသရေး စသော အများနေထိုင်မှုဘဝဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာတမ်းများ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။