ပါလက်စတိုင်း ဘက်အသီးသီးတို့ ပြည်တွင်းပြန်လည်သင့်မြတ်ရေး အတွက် သဘောတူညီမှု ရရှိခြင်းကို အဘယ်ကြောင့် ဘေကျင်းတွင် အကောင်အထည် ဖော်ဆောင်နိုင်သနည်း

(GMT+08:00)2024-07-24 14:20:06  

ပါလက်စတိုင်း ပြည်တွင်း ပါတီ ၁၄ခုသည်  ဘေကျင်းတွင်  ဆွေးနွေးပွဲ ၃ရက်ကြာ ကျင်းပပြီး ယခုလ ၂၃ရက်နေ့က “ကွဲပြားမှုကို အဆုံးသတ်ပြီး ပါလက်စတိုင်း အမျိုးသား စည်းလုံးညီညွတ်မှု မြှင့်တင်ရေး ဆိုင်ရာ ဘေကျင်းကြေညာချက်”ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။ ၄င်းကြေညာချက်တွင် ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့သည် ပါလက်စတိုင်း ပြည်သူများ၏ တစ်ခုတည်းသော တရားဝင် ကိုယ်စားလှယ် ဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ ဖော်ပြသည့် အပြင်၊ ဂါဇာ၏ စစ်ပြီး စီမံခန့်ခွဲရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ယာယီ အစိုးရ  ဖွဲ့စည်းတည်ထောင်ရေးနှင့် ပတ်သက်၍လည်း သဘောတူညီမှု ရရှိခဲ့ကြပါသည်။ ယင်းရခဲသည့် အောင်မြင်မှုသည် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရန် အတွက် အရေးကြီးသည့် ခြေလှမ်း တစ်လှမ်းဖြစ်ပြီး ဒုက္ခခံရသည့် ပါလက်စတိုင်း ပြည်သူများ အတွက် အဖိုးတန်သော မျှော်လင့်ချက်ကို ဆောင်ကြဉ်းလာပါသည်။

        ပါလက်စတိုင်း ဘက်အသီးသီးတို့ ပြည်တွင်းပြန်လည်သင့်မြတ်ရေး အတွက် သဘောတူညီမှု ရရှိခြင်းကို အဘယ်ကြောင့် ဘေကျင်းတွင် အကောင်အထည် ဖော်ဆောင်နိုင် သနည်း။ ပါလက်စတိုင်း ပြဿနာနှင့် ပတ်သက်၍ တရုတ် နိုင်ငံသည် မည်သည့် ကိုယ်ကျိုးမှ မရှိဘဲ ငြိမ်းချမ်းရေးနှင့် လူသားတို့၏ ပင်ကိုယ် အသိဉာဏ် ဘက်တွင် အမြဲတမ်း ရပ်တည်နေခြင်းကြောင့် ဖြစ်သည်။ ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးကို အကောင် အထည် ဖော်ဆောင်ရေး အတွက် အရင်းခံ နည်းလမ်းမှာ “နှစ်နိုင်ငံတည်ရှိရေး အဆိုပြုချက်”ကို ဖော်ဆောင်ရန်ပင် ဖြစ်ကြောင်း တရုတ် နိုင်ငံသည် အလေးထား ဖော်ပြပြီး ပါလက်စတိုင်း ပြဿနာကို ဆောလျင်စွာ၊ တရားမျှတစွာနှင့် ဘက်စုံ ရေရှည် ဖြေရှင်းရန် တွန်းအားပေးနေပါသည်။ ကုလမသဂ္ဂ လုံခြုံရေး ကောင်စီတွင် တရုတ် နိုင်ငံသည် ပါလက်စတိုင်း အတွက် တရားမျှတမှန်ကန်မှု စောင့်ထိန်းရန် မှန်ရာမှန်ကြောင်း အမြဲတမ်း ပြောဆိုပါသည်။ ယခုအကြိမ် ဘေကျင်း တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်မှ တင်ပြသော “ခြေလှမ်း၃လှမ်း လှမ်းရန်”အဆိုပြုချက်သည် ပါလက်စတိုင်း ပါတီများ၏ အသိအမှတ်ပြု ခြင်းကို ရရှိခဲ့ပါသည်။ တရုတ် နိုင်ငံ အနေနှင့် စိတ်ရင်းစေတနာဖြင့် အရှေ့အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမြဲတမ်း ကူညီပံ့ပိုးမှု ပေးပြီး အာရပ်နိုင်ငံ များ၏ ရိုးသားဖြူစင်သော၊ ယုံကြည်စိတ်ချရသော အစဉ်ထာဝရ မိတ်ဆွေ ဖြစ်သည်။

       ပါလက်စတိုင်း ပြည်တွင်း ပါတီများ အကြားရှိ ပဋိပက္ခများကို ဖြေရှင်းရာတွင် တစ်ကြိမ်တည်း အလွယ်တကူနှင့် ထမြောက်အောင်မြင်မှု ရရှိနိုင်မည် မဟုတ်ဘဲ “ဘေကျင်း ကြေညာချက်”ကို လက်တွေ့ဖော်ဆောင်ရာတွင် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည် ဖြစ်သည်။ သို့သော် “ဘေကျင်း ကြေညာချက်”သည် သက်ဆိုင်ရာ သဘောတူညီမှုများကို စုစည်းပြီး ပါလက်စတိုင်း ပြဿနာကို ဖြေရှင်းရန် အတွက် အရေးကြီးသည့် ခြေလှမ်း တစ်လှမ်း လှမ်းလိုက်ခြင်း ဖြစ်နေပြီ ဖြစ်သည်။