တရုတ်သည် ဖိလစ်ပိုင်နှင့် Ren'ai Reef အခြေအနေ ထိန်းချုပ်ရေးနှင့်ပတ်သက်သည့် ယာယီအစီအမံများ ရရှိခဲ့ခြင်းနှင့်ပတ်သက်သော သတင်းထောက်၏ မေးမြန်းချက်ကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဖြေကြား

(GMT+08:00)2024-07-22 15:26:20  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူသည် တရုတ်နိုင်ငံမှ ဖိလစ်ပိုင် နိုင်ငံနှင့် Ren'ai Reef အခြေအနေ ထိန်းချုပ်ရေးနှင့်ပတ်သက်သည့် ယာယီအစီအမံများ ရရှိခဲ့ခြင်းနှင့်ပတ်သက်သော သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် Ren'ai Reef သည် တရုတ်နန်းဆားကျွန်းစု၏ အစိတ်အပိုင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် Ren'ai Reef အပါအဝင် နန်းဆားကျွန်းစုနှင့် အနီးတစ်ဝိုက် ပင်လယ်ရပ်ဝန်းအပေါ် အချုပ်အခြာအာဏာပိုင်ခွင့်ရှိကြောင်း၊ လက်ရှိ Ren'ai Reef အခြေအနေကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်နည်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသည် မူရပ်တည်ချက် ၃ရပ်ကို ထုတ်ပြန်ခဲ့ပြီ ဖြစ်ကြောင်း၊
    ပထမအချက်မှာ ဖိလစ်ပိုင်နိုင်ငံမှ စစ်သင်္ဘောကို စေလွှတ်ပြီး Ren'ai Reef တွင် ရေရှည်သောင်တင်နေခြင်းသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်ထိပါး ခြင်းဖြစ်ပြီး တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်ချက်ကြေညာစာတမ်း၊ အထူးသဖြင့် ပုဒ်မ၅တွင် လူနေထိုင်မှုမရှိသော ကျွန်းများနှင့် သန္တာကျောက်ဆောင်များတွင် မှီတင်းနေထိုင်၍ မရသော သတ်မှတ်ချက်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ဖိလစ်ပိုင်နိုင်ငံအား ယင်းစစ်သင်္ဘောကို ဆွဲသွားပြီး Ren'ai Reef လူနေထိုင်မှုမရှိ၊ အဆောက်အအုံမရှိသော မူလအခြေအနေကို ပုံမှန်ပြန်ဖြစ်ရန် တောင်းဆိုထားခြင်း ဖြစ် ကြောင်း၊
    ဒုတိယအချက်မှာ ဖိလစ်ပိုင်နိုင်ငံသည် သောင်တင်နေသော စစ်သင်္ဘောကို မဆွဲသွားမီ သင်္ဘောပေါ်တွင် နေထိုင်သူများအား နေထိုင်မှုပစ္စည်းများ ပို့ဆောင် ထောက်ပံ့ပေးရန် လိုအပ်လျှင် တရုတ် နိုင်ငံမှ ကြိုတင်အကြောင်းကြားချက် ရရှိပြီး ကွင်းဆင်းစစ်ဆေး ပြီးနောက်  လူသားချင်းစာနာထောက်ထားရေးမူဝါဒဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ နေထိုင်မှုပစ္စည်း များ ပို့ဆောင်ထောက်ပံ့ပေးမှုကို ခွင့်ပြုမည် ဖြစ်ကာ တရုတ်နိုင်ငံသည် လုပ်ငန်းစဉ်တစ်ခုလုံး ကို စောင့်ကြည့်မည် ဖြစ်ခြင်း ဖြစ်ကြောင်း၊
    တတိယအချက်မှာ ဖိလစ်ပိုင်နိုင်ငံသည် ဆောက်လုပ်ရေးပစ္စည်းအမြောက်အများ သင်္ဘောပေါ်သို့ ပို့ဆောင်ပြီး ပုံသေအဆောက်အအုံများနှင့် ထာဝရကင်းလှည့်ရေးစခန်းများ ကို တည်ဆောက်ရန် ကြံစည်လျှင် တရုတ်နိုင်ငံသည် လုံးဝလက်ခံမည် မဟုတ်ဘဲ တရုတ် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်ချက်ကြေညာစာတမ်း၏ တည်ကြည်လေးနက်မှုကို ကာကွယ်ထိန်းသိမ်းရန် အတွက် ဥပဒေနှင့်အညီ ပြတ်ပြတ်သားသားတားဆီးမည် ဖြစ်ခြင်း ဖြစ်ကြောင်း၊
    အဆိုပါ မူရပ်တည်ချက် ၃ရပ်၏ အခြေခံပေါ်တွင် တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံနှင့် Ren'ai Reef အခြေအနေ ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး ဆက်တိုက်စေ့စပ်ဆွေးနွေးခဲ့ရာ မကြာသေးမီက လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ နေထိုင်မှုပစ္စည်းများ ပို့ဆောင် ထောက်ပံ့ပေးရေးဆိုင်ရာ ယာယီအစီအမံများကို ရရှိခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် ပင်လယ်ပြင်သဘောကွဲလွဲမှုကို အတူတကွစီမံထိန်းချုပ်ပြီး တောင်ပင်လယ် အခြေအနေ တင်းမာမှုကို လျော့ပါးစေရန် သဘောတူညီမှုများရရှိခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။