ဆော်လမွန်ကျွန်းစုနိုင်ငံ ဝန်ကြီးချုပ် Jeremiah Manele နှင့် သီးသန့်အင်တာဗျူး

(GMT+08:00)2024-07-20 19:23:36  

၂၀၁၉ ခုနှစ်ကစပြီး ဆော်လမွန်ကျွန်းစုနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများစွာ ဆောင်ရွက်ခဲ့ကြောင်း၊ ဒီငါးနှစ်အတွင်း တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုတွေအတွက် ကျေးဇူးတင်ရှိကြောင်း၊ ဒီလိုမိတ်ဖက်ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထားရှိနိုင်ဖို့လည်း အလွန်မျှော်လင့်ကြောင်း မကြာသေးမီက China Media Group သတင်းထောက်ရဲ့ သီးသန့်အင်တာဗျူးမေးမြန်းမှုကို လက်ခံဖြေကြားစဉ်မှာ ဆော်လမွန်ကျွန်းစုနိုင်ငံ ဝန်ကြီးချုပ် Jeremiah Manele က ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် Jeremiah Manele က ယခုလို ဆက်လက်ပြောကြားခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုကဏ္ဍ၊ အထူးသဖြင့် ရာသီဥတုပြောင်းလဲမှု လျော့ပါးစေရေးကဏ္ဍမှာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ အစိမ်းရောင်စွမ်းအင်နဲ့ ဆိုလာစွမ်းအင်တို့မှာ ရင်းနှီးမြှုပ်နှံရန် ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့က မြို့တော် Honiara မှာသာမကဘဲ အခြားပြည်နယ်နဲ့ဒေသတွေမှာလည်း ဒီလိုမျိုးစွမ်းအင်တွေကို လိုအပ်ပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှာ ရင်းနှီးမြှုပ်နှံခြင်းဟာ ရာသီဥတုပြောင်းလဲမှု လျော့ပါးစေရေးအတွက် အရေးပါလှပါတယ်။ အကြောင်းကတော့ ပြည်သူတွေနဲ့ ရပ်ရွာတွေမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို သုံးစွဲနိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ကို ပြည့်မီစေဖို့ အထောက်အကူပြုနေလို့ပါပဲ။

တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးသမိုင်းကြောင်းနဲ့ အတွေ့အကြုံတွေကို ကျွန်တော်တို့ လေ့လာအတုယူထိုက်ပါတယ်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်တချို့ကို ကျွန်တော်တို့ အတုယူနိုင်ပါတယ်။ နှစ်နိုင်ငံရဲ့ နိုင်ငံအခြေအနေတွေ၊ နောက်ခံအခြေအနေတွေ အနည်းငယ်ကွဲပြားမှု ရှိနိုင်ပေမဲ့ ယေဘုယျအားဖြင့် နည်းလမ်းနဲ့ အခြေခံမူတွေကတော့ ဆက်နွှယ်နေတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါဟာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ အချိန်ယူရပြီး ကျွန်တော်တို့ ပြည်သူတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ အတူတကွကြိုးပမ်းအားထုတ်မှုတွေ လိုအပ်ပါတယ်။ ကျွန်တော်တို့ ရှေ့သို့ချီတက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီ့အတွက် ပြည်သူတစ်ရပ်လုံးရဲ့ အတူတကွကြိုးပမ်းအားထုတ်မှုတွေ လိုအပ်ပါတယ်။