“တွေးခေါ်မှုစွမ်းအား” ခေတ်သစ် တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမူဝါဒကို လေ့လာခြင်း

(GMT+08:00)2024-07-19 16:30:06  

အပိုင်း ၆ - တရုတ်ကွန်မြူနစ်ပါတီရဲ့ “အဓိကနည်းလမ်း” ဖြင့် တရုတ်အသွင်ပုံစံခေတ်မီမှုအား မည်သို့တွန်းအားပေးလုပ်ဆောင်ပုံကို လေ့လာခြင်း

----------------------------------

နှစ်ပေါင်း ၄၀ ကျော်ကြာမြင့်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှု သမိုင်းကို ပြန်ကြည့်လျှင် အာဏာရပါတီရဲ့ တတိယအကြိမ်စုံညီအစည်းအဝေးတိုင်းမှာ ပါတီဗဟိုက ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုဆိုင်ရာ အဓိကပြဿနာတွေကို လေ့လာဆောင်ရွက်ခဲ့တာ တွေ့နိုင်ပါတယ်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အရေးကြီးကာလကိုရောက်တိုင်း ပြည်သူတို့ဟာ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုဆိုင်ရာ မူဝါဒသစ်တွေအပေါ် မျှော်လင့်ချက်မြင့်မြင့်မားမား ထားရှိကြပါတယ်။ လတ်တလော ကျင်းပပြီးစီးသွားတဲ့ တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးဟာ တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုရဲ့ ခေတ်ကာလကိုအမှတ်အသားပြုနေတဲ့ နောက်ထပ်သမိုင်းမှတ်ကျောက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

လက်ရှိ တရုတ်နိုင်ငံဟာ တရုတ်အသွင်ပုံစံခေတ်မီမှုဖြင့် ခိုင်မာတောင့်တင်းတဲ့နိုင်ငံ တည်ဆောက်ရေး၊ အမျိုးသားပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ မွန်မြတ်တဲ့လုပ်ငန်းတွေကို ဘက်စုံမြှင့်တင်ဆောင်ရွက်နေတဲ့ အဓိကကာလကို ရောက်ရှိနေတယ်လို့ စုံညီအစည်းအဝေးက ယူဆပါတယ်။ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုဟာ တရုတ်အသွင်ပုံစံခေတ်မီမှုရဲ့ အောင်မြင်မှုနဲ့ကျရှုံးမှုကို အဆုံးအဖြတ်ပေးတဲ့ “အဓိကနည်းလမ်း” ဖြစ်တယ်လို့ တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင် ရှီကျင့်ဖျင်က အလေးပေးပြောကြားခဲ့ပါတယ်။

ယခုအကြိမ် စုံညီအစည်းအဝေးမှာ အတည်ပြုခဲ့တဲ့ “ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေး၊ တရုတ်အသွင်ပုံစံခေတ်မီမှု မြှင့်တင်ရေး တို့နှင့်စပ်လျဉ်း၍ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်” မှာ “စနစ်ကျတဲ့ မဟာဗျူဟာအခင်းအကျင်း” ရှိရုံသာမက “အတွင်းကျကျ မြှင့်တင်ဆောင်ရွက်တဲ့ တိကျတဲ့အစီအမံများ” လည်းရှိနေပါတယ်။

ဒီ “ဆုံးဖြတ်ချက်” မှာ တရုတ်အသွင်ပုံစံခေတ်မီမှုကို မြှင့်တင်ဆောင်ရွက်တဲ့အခါ ကြုံတွေ့ရတဲ့ အခြေအနေသစ်နဲ့ ပြဿနာသစ်တွေကို နက်နက်ရှိုင်းရှိုင်း ခွဲခြမ်းစိတ်ဖြာထားပြီး တရုတ်အသွင်ပုံစံခေတ်မီမှုကို အခြေခံကာ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးအတွက် အလုံးစုံ စီစဉ်နေရာချထားပါတယ်။ ဒါကြောင့် ခရီးစဉ်သစ်အတွက် အဓိကကျတဲ့ကာလကိုရောက်ရှိနေချိန်မှာ အာဏာရပါတီရဲ့ နိုင်ငံရေးရာ စီမံအုပ်ချုပ်မှုအတွက် အစီအစဉ်ကျတဲ့ စာရွက်စာတမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါကလည်း ရှီကျင့်ဖျင် အမှူးပြုတဲ့ တရုတ်ကွန်မြူနစ်ပါတီက တရုတ်ဝိသေသဆောင်တဲ့ ဆိုရှယ်လစ်စနစ်ကို ပြီးပြည့်စုံမှုရှိစေရန်နဲ့ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း၊ နိုင်ငံစီမံအုပ်ချုပ်မှုစနစ်နဲ့ အုပ်ချုပ်မှုစွမ်းရည် ခေတ်မီတိုးတက်စေရန် မြှင့်တင်ခြင်း ဆိုတဲ့ သမိုင်းဝင်လုပ်ဆောင်မှုတွေနဲ့ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲမှုကို ပိုမိုမြှင့်တင်ဆောင်ရွက်ခြင်းဖြင့် တရုတ်အသွင်ပုံစံခေတ်မီမှုအတွက် ကျယ်ပြန့်တဲ့အလားအလာ ဖော်ဆောင်ခြင်း ဆိုတဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်ကို အပြည့်အဝ ပေါ်လွင်စေပါတယ်။

 “ဆုံးဖြတ်ချက်” မှာ ဖော်ပြထားတဲ့ ပြုပြင်ပြောင်းလဲရေးနယ်ပယ်များမှာ အလွန်ကျယ်ပြန့်စုံလင်လှပါတယ်။ ဒီထဲမှာ အဆင့်မြင့် ဆိုရှယ်လစ်စနစ် စျေးကွက်စီးပွားရေးစနစ် တည်ဆောက်ရေး၊ စီးပွားရေး အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်ရေး စနစ်ယန္တရားကို ခိုင်မာပြည့်စုံစေရေး၊ ဘက်စုံဆန်းသစ်တီထွင်မှုရှိတဲ့ စနစ်ယန္တရား တည်ဆောက်မှုကို အားပေးရေး၊ မက်ခရိုစီးပွားရေး စီမံအုပ်ချုပ်မှုစနစ်ကို ခိုင်မာပြည့်စုံစေရေး၊ ကျေးလက်နဲ့မြို့ပြ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေး စနစ်ယန္တရားကို ပြည့်စုံစေရေး၊ အဆင့်မြင့်စွာ ပြင်ပသို့တံခါးဖွင့်လှစ်နိုင်ရေး စနစ်ယန္တရားကို ပြည့်စုံစေရေး၊ ဖြစ်စဉ်တစ်ရပ်လုံးပြည်သူ့ဒီမိုကရေစီစနစ် ခိုင်မာပြည့်စုံစေရေး၊ တရုတ်ဝိသေသဆောင်တဲ့ ဆိုရှယ်လစ်စနစ် တရားဥပဒေစိုးမိုးရေးစနစ်ကို ပြည့်စုံစေရေး၊ ယဉ်ကျေးမှုစနစ်ယန္တရား ပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစေရေး၊ ပြည်သူလူထုဘဝ အာမခံချက်ရှိစေရေးနဲ့ တိုးတက်ကောင်းမွန်စေရေး စနစ်ကို ပြည့်စုံစေရေး၊ ဂေဟစနစ်ယဉ်ကျေးမှုစနစ် ပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစေရေး၊ အမျိုးသားလုံခြုံရေးစနစ်နဲ့ စွမ်းဆောင်ရည် ခေတ်မီတိုးတက်စေရေး၊ ကာကွယ်ရေးနဲ့ တပ်မတော် ပြုပြင်ပြောင်းလဲရေးကို ဆက်တိုက်နက်ရှိုင်းစွာမြှင့်တင်ရေး၊ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေး၊ တရုတ်အသွင်ပုံစံခေတ်မီမှု မြှင့်တင်ရေး နဲ့ပတ်သက်ပြီး အာဏာရပါတီရဲ့ ခေါင်းဆောင်မှုအရည်အသွေးကို မြှင့်တင်ရေး စသဖြင့် ပါဝင်ပါတယ်။

ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုဆိုတာ အပြန်အလှန်ဖြည့်ဆည်းပေးနေပြီး အပြန်အလှန်မြှင့်တင်ပေးနေပါတယ်။ ပြင်ပသို့ တံခါးဖွင့်လှစ်ခြင်းဆိုတာ တရုတ်အသွင်ပုံစံ ခေတ်မီမှုရဲ့ သိသာထင်ရှားတဲ့ သင်္ကေတ ဖြစ်ပါတယ်။ “တရုတ်နိုင်ငံရဲ့ အလွန်ကြီးမားတဲ့ စျေးကွက်အားသာချက်ကို အမှီပြုပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရင်း တံခါးဖွင့်လှစ်မှုစွမ်းရည်ကို မြှင့်တင်ရန်၊ ပိုမိုအဆင့်မြင့်တဲ့ တံခါးဖွင့်ပုံစံ စီးပွားရေးစနစ်သစ် တည်ဆောက်ရန်” နဲ့ “စနစ်ပုံစံ တံခါးဖွင့်လှစ်မှုကို တည်ငြိမ်စွာ ချဲ့ထွင်ရန်၊ နိုင်ငံခြားကုန်သွယ်မှုစနစ် ပြုပြင်ပြောင်းလဲရေးကို နက်ရှိုင်းစွာ ဆောင်ရွက်ရန်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေးစနစ် ပြုပြင်ပြောင်းလဲရေးကို နက်ရှိုင်းစွာ ဆောင်ရွက်ရန်၊ ဒေသတွင်း ပွင့်လင်းမြင်သာတဲ့အခင်းအကျင်းကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ရန်၊ ‘Belt and Road’ အရည်အသွေးမြင့်စွာ အတူတည်ဆောက်ရေး ယန္တရားကို ပြီးပြည့်စုံအောင် မြှင့်တင်ဆောင်ရွက်ရန်” စသဖြင့် “ဆုံးဖြတ်ချက်” မှာ အဆိုပြုထားပါတယ်။

 “ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေး” မှသည် “ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးကို တိုးမြှင့်လုပ်ဆောင်ရေး” အထိ ဦးဆောင်ဦးရွက်ပြုသူ ရှီကျင့်ဖျင်က “ကျားကွက်ထိုးပွဲတစ်ပွဲ” နဲ့ ကွက်ကွက်ကွင်းကွင်း ဥပမာပေးထားပါတယ်။ ရှီကျင့်ဖျင်က ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုဆိုတဲ့ “အဓိကနည်းလမ်း” ကို အသုံးပြုပြီး မဟာဗျူဟာမြောက်စွာ စီစဉ်နေရာချထားပြီး အဓိကနေရာမှာ ကျားကွက်ချပါတယ်။ စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲရေးကို မောင်းနှင်အားအဖြစ်၊ လူမှုကဏ္ဍ တရားမျှတမှုနဲ့ ဖြောင့်မတ်မှုတို့ကို မြှင့်တင်ရန်၊ ပြည်သူလူထု ချမ်းသာသုခတိုးပွားစေရန် တို့ကို စမှတ်နဲ့ ပန်းတိုင်အဖြစ် သတ်မှတ်ပြီး တရုတ်အသွင်ပုံစံခေတ်မီမှုအတွက် အဆက်မပြတ် ဘက်ပေါင်းစုံမှ ခွန်အားသစ်များ ဖြည့်သွင်းပေးပါတယ်။