တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ သတင်းစာရှင်းလင်းပွဲ- ဆုံးဖြတ်ချက်တွင် ပြုပြင်ပြောင်းလဲရေး၏ အထွေထွေ ရည်မှန်းချက်ကို တစ်ဆင့်တိုး ဘက်စုံ နက်ရှိုင်းစေမည်

(GMT+08:00)2024-07-19 13:19:54  

  ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ ရည်မှန်းချက်အကြောင်းအရာကို ရှင်းလင်း ဖော်ပြခဲ့ပါသည်။

   ယခုအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရေးဆိုင်ရာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ကို စိစစ် အတည်ပြုခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲရေးရုံး ဒုဥက္ကဋ္ဌ မူဟုန်က ခေတ်သစ်တွင် ပြုပြင်ပြောင်းလဲမှုကို ဘက်စုံ ဇောက်ချ ပြုလုပ်ရေးဆိုင်ရာ အရေးကြီးသော အောင်ကျိုးရလဒ်များ၊ ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရန် အထွေထွေရည်မှန်းချက်နှင့် အရေးကြီးမူများကို မိတ်ဆက်ပြောကြားခဲ့သည်။

မူဟုန်က ယင်းဆုံးဖြတ်ချက်သည် သမိုင်း၏ စမှတ်သစ်တွင် တည်ရှိပြီး ပြုပြင်ပြောင်းလဲမှုကို ဘက်စုံ ဇောက်ချ ပြုလုပ်ရေးဆိုင်ရာ အထွေထွေ ရည်မှန်းချက်ကို ချမှတ်ထားကြောင်း၊ ယင်းရည်မှန်းချက်မှာ တရုတ်ဝိသေသပါရှိသော ဆိုရှယ်လစ်စနစ် ဆက်လက် ကောင်းမွန် တိုးတက်စေရန်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးစနစ်နှင့် စွမ်းရည် ခေတ်မီရေးကို တွန်းအားပေးရန် ဖြစ်ကြောင်း၊ ၂၀၃၅ခုနှစ် ရောက်လျှင် အရည်အချင်းမြင့် ဆိုရှယ်လစ် ဈေးကွက် စီးပွားရေးစနစ်ကို ဘက်စုံ တည်ဆောက်ပြီးစီးပြီး တရုတ်ဝိသေသပါရှိသော ဆိုရှယ်လစ်စနစ် ပိုမို ကောင်းမွန်ပြည့်စုံကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးစည်းစနစ်နှင့် စွမ်းရည် ခေတ်မီရေး နှင့် ဆိုရှယ်လစ် ခေတ်မီရေးကို အခြေခံအားဖြင့် အကောင်အထည် ဖော်ဆောင်ကာ ယခုရာစုနှစ် အလယ်ပိုင်းတွင် အင်အားတောင့်တင်းသော ဆိုရှယ်လစ် ခေတ်မီနိုင်ငံ ဖြစ်အောင် ဘက်စုံ တည်ဆောက်ပြီးစီးရန် ခိုင်မာသောအခြေခံအုတ်မြစ်ချပေးရမည်ဖြစ်ကြောင်း၊ ယင်း အထွေထွေရည်မှန်းချက်သည် ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးတွင် တင်ပြခဲ့သော  ပြုပြင်ပြောင်းလဲမှုကို ဘက်စုံ ဇောက်ချ ပြုလုပ်ရန် အထွေထွေရည်မှန်းချက်ကို ဆက်ခံပြီး တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် ချမှတ်ခဲ့သော မဟာဗျူဟာမြောက် စီမံခန့်ခွဲမှုများနှင့် ချိတ်ဆက်ကာ ပြုပြင်ပြောင်းလဲမှုကို ဘက်စုံ ဇောက်ချပြုလုပ်ရန်အတွက် ရှင်းလင်းစွာ လမ်းညွှန်ထားကြောင်း ပြောကြားသည်။