“တွေးခေါ်မှုစွမ်းအား” ခေတ်သစ် တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမူဝါဒကို လေ့လာခြင်း

(GMT+08:00)2024-07-17 11:10:54  

အပိုင်း ၄ - မတူကွဲပြားမှုများကို လက်ခံခြင်း

--------------------------------

တောင်တရုတ်ပင်လယ် ကမ်းရိုးတန်းမှာ လေနဲ့အတူ အုန်းပင်များယိမ်းနွဲ့နေပြီး လှိုင်းလုံးကြီးများနဲ့အတူ အပြိုင်အဆိုင် ရွက်လွှင့်နေကြပါတယ်။

၂၀၁၈ ခုနှစ် ဧပြီလက ဟိုင်နန် ပြည်နယ်နဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်ခြင်း နှစ် ၃၀ ပြည့်အထိမ်းအမှတ် ညီလာခံကို ဟိုင်ခိုမြို့မှာ ကျင်းပခဲ့ပါတယ်။ အဲ့ဒီညီလာခံမှာ တရုတ်နိုင်ငံရဲ့ အကြီးအကဲ ရှီကျင့်ဖျင်က ယခုလို အလေးအနက် ကြေညာခဲ့ပါတယ်။

“ပါတီဗဟိုက ဟိုင်နန်ကျွန်းမှာ လွတ်လပ်တဲ့ကုန်သွယ်ရေးရှေ့ပြေးဇုန် တည်ဆောက်ရေးကို ထောက်ခံအားပေးရန်၊ ဟိုင်နန်မှာ တရုတ်ဝိသေသဆောင်တဲ့ လွတ်လပ်တဲ့ကုန်သွယ်ရေးဆိပ်ကမ်း တည်ဆောက်ရေးအတွက် တဖြည်းဖြည်း စူးစမ်းလေ့လာရန်၊ တည်ငြိမ်စွာ တွန်းအားပေးလုပ်ဆောင်ရန် အားပေးပြီး လွတ်လပ်တဲ့ကုန်သွယ်ရေးဆိပ်ကမ်းဆိုင်ရာ မူဝါဒများနဲ့ စနစ်များကို အဆင့်ခွဲ၊ အပိုင်းခွဲကာ ချမှတ်ရန် ဆုံးဖြတ်လိုက်ပါတယ်။”

နှစ် ၃၀ သက်တမ်းရှိပြီဖြစ်တဲ့ ဟိုင်နန်ဟာ ဒီလိုလုပ်ဆောင်ခြင်းဖြင့် “တံခါးဖွင့်လှစ်ရင်း ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ခြင်း” ဆိုတဲ့ စံနမူနာသစ် ဖြစ်လာပါတယ်။

တံခါးဖွင့်လှစ်မှုနဲ့ ပြုပြင်ပြောင်းလဲမှု ဆိုတာ အမြဲတမ်း ဒွန်တွဲနေပြီး အပြန်အလှန် တွန်းအားပေးနေပါတယ်။ “တံခါးဖွင့်လှစ်မှုဖြင့် ပြုပြင်ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းဟာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို အောင်မြင်မှုရလဒ်သစ်များ မပြတ်ရရှိနေစေတဲ့ အရေးပါတဲ့ အဖိုးတန်လက်နက် ဖြစ်တယ်” လို့ ရှီကျင့်ဖျင်က အလေးအနက် ထောက်ပြပြောကြားခဲ့ပြီး “တံခါးဖွင့်လှစ်မှုဖြင့် တိုးတက်မှုများ ဆောင်ကြဉ်းပေးနိုင်ပြီး တံခါးပိတ်နေပါက သေချာပေါက် နောက်ကောက်ကျနေမည်” လို့ အကြိမ်ကြိမ် ထောက်ပြခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ယဉ်ကျေးမှုထွန်းကားတဲ့ နိုင်ငံအဖြစ် ယနေ့ထိတိုင်ရပ်တည်နေခဲ့တဲ့ တရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုဟာ ကမ္ဘာပေါ်ရှိ မတူကွဲပြားတဲ့ယဉ်ကျေးမှုတွေကိုလည်း လက်ခံထားပါတယ်။ ဒါဟာ ၎င်း စဉ်ဆက်မပြတ်တည်တံ့နေခြင်းရဲ့ အရေးပါ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ တရုတ်ယဉ်ကျေးမှုရဲ့ ဒီလိုမျိုး ပွင့်လင်းမြင်သာမှုရှိပြီး လက်ခံနိုင်စွမ်းရှိတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရှီကျင့်ဖျင်က ယခုလို ပြောကြားခဲ့ဖူးပါတယ်။ “တရုတ်ယဉ်ကျေးမှုဟာ အခြားယဉ်ကျေးမှုတွေနဲ့ အဆက်မပြတ် ကူးလူးဖလှယ်၊ အပြန်အလှန်လေ့လာသင်ယူရင်း ဖြစ်ပေါ်လာတဲ့ ပွင့်လင်းမြင်သာမှုစနစ် ဖြစ်ပါတယ်။ သမိုင်းကာလတစ်လျှောက် ဗုဒ္ဓဘာသာ အရှေ့တိုင်းသို့ပြန့်ပွားလာခြင်း၊ ‘အစ္စလာမ်ဘာသာနဲ့ ကွန်ဖြူးရှပ်အယူဝါဒ စတဲ့ တရုတ်ယဉ်ကျေးမှုများ ချိတ်ဆက်ခြင်း’၊ ယဉ်ကျေးမှုလှုပ်ရှားမှုအသစ်၊ မက်ခ်စ်ဝါဒနဲ့ ဆိုရှယ်လစ်ဝါဒ အယူအဆများ တရုတ်နိုင်ငံသို့ ရောက်ရှိလာခြင်း၊ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှု ဆောင်ရွက်ခဲ့စဉ်အတွင်း ဘက်စုံ ပြင်ပသို့တံခါးဖွင့်လှစ်ခြင်း စသဖြင့် တရုတ်ယဉ်ကျေးမှုဟာ မတူကွဲပြားမှုများကိုလက်ခံရင်း တက်ကြွသစ်လွင်လာခဲ့ပါတယ်။”

 “မတူကွဲပြားမှုများကို လက်ခံခြင်း” ဆိုတာ ရှေးခေတ်ကနေ ယနေ့အထိ ရှင်သန်လာခဲ့တဲ့ တရုတ်ဉာဏ်ပညာတစ်ရပ် ဖြစ်ပါတယ်။ ဒီရှေးကျတဲ့ဉာဏ်ပညာကြောင့်ပဲ ပွင့်လင်းမြင်သာပြီး သဘောထားကြီးတဲ့ တရုတ်လူမျိုးတွေ ဖြစ်လာခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှ စတင်ခဲ့တဲ့ “ပြင်ပသို့ တံခါးဖွင့်လှစ်မှု” မှသည် ခေတ်သစ် တရုတ်နိုင်ငံရဲ့ ဘက်စုံ ပြင်ပသို့တံခါးဖွင့်လှစ်မှုအထိ မတူကွဲပြားမှုများကိုလက်ခံထားတဲ့ ပွင့်လင်းမြင်သာမှု၊ သဘောထားကြီးမှု ရှိတဲ့ လက်တွေ့မွန်မြတ်တဲ့ခွန်အားတွေကို ပေါ်လွင်နေစေပါတယ်။

တိန့်ရှောင်ဖိန် ကိုယ်စားပြုတဲ့ တရုတ်ကွန်မြူနစ်ပါတီဝင်များဟာ ပွင့်လင်းမှုရှိတဲ့ သဘောထားကြီးမှုကို “ပြင်ပသို့ တံခါးဖွင့်လှစ်တဲ့” နိုင်ငံစီမံအုပ်ချုပ်ရေးသီအိုရီအဖြစ် သတ်မှတ်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ အခြေခံအမျိုးသားမူဝါဒတစ်ရပ်အဖြစ် အတည်ပြုခဲ့ပါတယ်။ နှစ် ၃၀ ကျော်ကြာ လက်တွေ့ဆောင်ရွက်မှုအတွင်း တရုတ်နိုင်ငံရဲ့ ပြင်ပသို့တံခါးဖွင့်လှစ်မှုဟာ တစ်ကမ္ဘာလုံးအာရုံစိုက်ရလောက်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှစပြီး ရှီကျင့်ဖျင်ဟာ မတူကွဲပြားမှုများကိုလက်ခံထားတဲ့ ပွင့်လင်းသဘောထားကြီးမှုကို လက်ကိုင်ထားပြီး “ပွင့်လင်းစွာ ဖွံ့ဖြိုးတိုးတက်ခြင်း” ဆိုတဲ့ ဆန်းသစ်တီထွင်မှုရှိတဲ့အယူအဆကို အဆိုပြုခဲ့ပါတယ်။ ပွင့်လင်းတဲ့ စီးပွားရေးစနစ်သစ် တည်ဆောက်မှုဟာ ရှီကျင့်ဖျင်ရဲ့ “ပွင့်လင်းစွာ ဖွံ့ဖြိုးတိုးတက်ခြင်း” အယူအဆကို ဆန်းသစ်မှုရှိစွာ လက်တွေ့ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ရှီကျင့်ဖျင်ဟာ စနစ်ယန္တရားဆိုင်ရာ အတားအဆီးတွေကို ကြိုးပမ်းဖယ်ရှားပြီး လွတ်လပ်တဲ့ ကုန်သွယ်ရေးရှေ့ပြေးဇုန်၊ လွတ်လပ်တဲ့ကုန်သွယ်ရေးဆိပ်ကမ်း စတဲ့ ပြင်ပသို့တံခါးဖွင့်လှစ်တဲ့ တည်ဆောက်ရေးတို့ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ကာ စနစ်များ ပေါင်းစည်းဆန်းသစ်တီထွင်မှုကို ဆက်တိုက်မြှင့်တင်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှစပြီး လွတ်လပ်တဲ့ ကုန်သွယ်ရေးရှေ့ပြေးဇုန် ၂၂ ခုကို အသုတ် ၆ သုတ်ခွဲပြီး ထူထောင်ခဲ့ရာ တရုတ်နိုင်ငံရဲ့ အရှေ့နောက်တောင်မြောက်နဲ့ အလယ်ပိုင်းကို လွှမ်းခြုံထားတဲ့၊ ကမ်းရိုးတန်း၊ ကုန်းတွင်းပိုင်း၊ နယ်စပ်တစ်လျှောက်ကို အလုံးစုံ စီမံခန့်ခွဲမှုရှိတဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုဆိုင်ရာ ဆန်းသစ်တီထွင်မှုအခင်းအကျင်း ဖြစ်လာခဲ့ပါတယ်။

 

ရှီကျင့်ဖျင်ရဲ့ ပွင့်လင်းသဘောထားကြီးမှုဟာ တရုတ်နိုင်ငံရဲ့ တံခါးဖွင့်လှစ်မှုကို ဦးဆောင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးကို အတူတကွတံခါးဖွင့်လှစ်ရန် တွန်းအားပေးနေတဲ့ ကြီးမားတဲ့အခင်းအကျင်းမှာလည်း ထင်ဟပ်နေပါတယ်။ “တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဟာ ကမ္ဘာကြီးနဲ့ ခွဲခြား၍မရ၊ ကမ္ဘာကြီး သာယာဝပြောရေးအတွက်လည်း တရုတ်နိုင်ငံကို လိုအပ်နေတယ်” လို့ ရှီကျင့်ဖျင်က ပြောကြားခဲ့ပြီး “ပန်းတစ်ပွင့်တည်း ပွင့်လန်းနေရုံနဲ့ နွေဦးလို့ မဆိုနိုင်၊ ပန်းပေါင်းများစွာ ပွင့်လန်းနေမှ နွေဦးရဲ့ပန်းဥယျာဉ် ဖြစ်လာမယ်” လို့လည်း ကွက်ကွက်ကွင်းကွင်း ဥပမာပေးခဲ့ပါတယ်။ တရုတ်နိုင်ငံက “အပြန်အလှန်အကျိုးဖြစ်ထွန်းမှုရှိတဲ့ တံခါးဖွင့်မဟာဗျူဟာကို တစိုက်မတ်မတ် လိုက်နာကျင့်သုံးမယ်၊ ကမ္ဘာကြီးဆီကနေ ဖွံ့ဖြိုးတိုးတက်မှုခွန်အားတွေ ရယူပြီး တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြင့်လည်း ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စွာ အကျိုးပြုမယ်” လို့ ရှီကျင့်ဖျင်က ကတိပြုခဲ့ပါတယ်။

ရှီကျင့်ဖျင်ဟာ ဒီကတိကဝတ်ကို လက်တွေ့လုပ်ဆောင်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်နေပါတယ်။ ခေတ်သစ်ကို ဝင်ရောက်လာကတည်းက တရုတ်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စီမံအုပ်ချုပ်မှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး တစ်ကမ္ဘာလုံး အတူတကွတံခါးဖွင့်လှစ်တဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်လာအောင် မြှင့်တင်ဆောင်ရွက်ခဲ့ပါတယ်။ ခေတ်သစ်မှာ ရှီကျင့်ဖျင် အဆိုပြုခဲ့တဲ့ “Belt and Road” အတူတည်ဆောက်ရေးဆိုတဲ့ အရေးပါတဲ့ ပူးပေါင်းဆောင်ရွက်မှုအစီအမံဟာ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ အကျိုးစီးပွားများ ပေါင်းစပ်မှုကို အဆက်မပြတ် တိုးချဲ့ပေးနေပါတယ်။

 “တံခါးဖွင့်လှစ်မှုဟာ လူသားယဉ်ကျေးမှု တိုးတက်စေရေးအတွက် အရေးပါတဲ့ခွန်အား ဖြစ်ပြီး ကမ္ဘာကြီး သာယာဝပြောစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ လျှောက်လှမ်းရမယ့် လမ်းကြောင်းဖြစ်တယ်” လို့ ရှီကျင့်ဖျင်က ထောက်ပြပြောဆိုခဲ့ပါတယ်။ ရှီကျင့်ဖျင် ဦးဆောင်ဦးရွက်ပြုပြီး တိုးချဲ့လုပ်ဆောင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ အကျိုးတူပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းသစ်ဟာ တရုတ်ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံ တံခါးဖွင့်လှစ်မှုအား ဦးဆောင်နေခြင်းမှသည် ကမ္ဘာ့နိုင်ငံအသီးသီး အတူတကွတံခါးဖွင့်လှစ်လာရန် စေ့ဆော်တွန်းအားပေးနေတဲ့ သမိုင်းဝင်အပြောင်းအလဲ ဖြစ်ပေါ်လာစေပြီး ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် ခွန်အားတွေ ဖြည့်သွင်းပေးနေတယ်လို့ တချို့က မှတ်ချက်ပြုကြပါတယ်။