တရုတ်စီးပွားရေး တိုးတက်ခြင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၏ အခွင့်အလမ်းသစ်များ

(GMT+08:00)2024-07-16 10:32:56  

   ပဏာမ စာရင်းအရ ယခုနှစ် ပထမ နှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ GDP ပမာဏမှာ ယွမ် ၆၁၆၈၃.၆ ဘီလီယံ ရှိကာ လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ခြုံပြီး ကြည့်လျှင် ပြည်တွင်း ကုန်ထုတ်လုပ်မှုများ တည်ငြိမ်စွာ တိုးတက်လာပြီး ဝယ်လိုအား ဆက်တိုက် နာလန်ပြန်ထူလာကာ တွန်းအားသစ်များ အားကောင်းလာနေခဲ့သည်။ ယင်းဖြစ်စဉ်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် အခွင့်အလမ်းသစ်များစွာကို ရယူ နိုင်ခဲ့ပါသည်။

တရုတ်နိုင်ငံသည် ဈေးကွက်ကြီး တစ်ခု ဖြစ်ပါသည်။ ယခုနှစ် ပထမ နှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ စားသုံးကုန်များ လက်လီရောင်းချမှု စုစုပေါင်းပမာဏသည် လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၃.၇ ရာခိုင်နှုန်း တိုးလာပြီး အွန်လိုင်း လက်လီ ရောင်းချမှု ပမာဏသည် လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၉.၈ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ယင်းဖြစ်စဉ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် အကျိုးအမြတ် များစွာ ရရှိခဲ့ပါသည်။

တစ်ချိန်တည်းတွင် တရုတ်စီးပွားရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် နိုင်ငံဖြတ်ကျော် လုပ်ငန်းကုမ္ပဏီများအတွက် အခွင့်အလမ်း အသစ် အမြောက်အမြားကို ဆောင်ကြဉ်းပေးလာပါသည်။ ယခုနှစ် ပထမ နှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာ ကုန်ထုတ်လုပ်မှု တန်ဖိုး တိုးတက်မှုနှုန်းသည် အတိုင်းအတာ အသင့်အတင့်ရှိသည့် စက်မှုလုပ်ငန်းအားလုံး၏ တိုးတက်မှုနှုန်းထက် ၂.၇ ရာခိုင်နှုန်း ပိုများပြီး အဆင့်မြင့်နည်းပညာ ကုန်ထုတ်လုပ်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးတက်မှုနှုန်းသည် ရင်းနှီးမြှပ်နှံမှု စုစုပေါင်းပမာဏတိုးတက်မှုနှုန်းထက် ၆.၇ ရာခိုင်နှုန်း ပိုများခဲ့သည်။ မော်တော်ကား၊ သင်္ဘောနှင့် integrated circuit စသည့် ပို့ကုန်များ ပမာဏ အမြောက်အမြား တိုးတက်ခဲ့ပါသည်။ ယင်းဖြစ်စဉ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် အကျိုးအမြတ် များစွာ ရရှိနိုင်ခဲ့ပါသည်။

  ထို့ပြင် တရုတ်နိုင်ငံ၏ မူဝါဒများ တည်ငြိမ်ခြင်းနှင့် ဆက်တိုက် ဖော်ဆောင်ခြင်းတို့သည် လည်း နိုင်ငံခြား လုပ်ငန်းရှင်များအတွက် ကျယ်ပြန့်သော အလားအလာကို ဖန်တီး ပေးနေပါသည်။ ယခုနှစ် ပထမ နှစ်ဝက်အတွင်း တရုတ်နိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်သော လုပ်ငန်းကုမ္ပဏီ အရေအတွက်သည် လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၄.၂ ရာခိုင်နှုန်း တိုးလာပြီး ယင်းတို့အနက် အဆင့်မြင့်နည်းပညာ ကုန်ထုတ်လုပ်မှုတွင် နိုင်ငံခြား ငွေရင်းမြှုပ်နှံမှုပမာဏသည် လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက်၂.၄ ရာခိုင်နှုန်း တိုးလာခဲ့သည်။

   အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ဘေကျင်း၌ ကျင်းပနေသည်။ ယခုအကြိမ် အစည်းအဝေးတွင် ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေး တိုးမြှင့်ရေးနှင့် ပတ်သက်ပြီး မဟာဗျူဟာမြောက် အစီအမံများကို ချမှတ်မည် ဖြစ်သည်။ တရုတ်နိုင်ငံက ဖွံ့ဖြိုးတိုးတက်ရေး အလားအလာကောင်းများကို ဆောင်ကြဉ်းလာနိုင်ရန်၊ နိုင်ငံဖြတ်ကျော် လုပ်ငန်းကုမ္ပဏီများအတွက် အခွင့်အလမ်းသစ်များကို ဆောင်ကြဉ်းပေးနိုင်ရန် နိုင်ငံတကာ မိသားစုကြီးက စောင့်မျှော်နေကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။