“တွေးခေါ်မှုစွမ်းအား” ခေတ်သစ် တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမူဝါဒကို လေ့လာခြင်း

(GMT+08:00)2024-07-16 18:01:10  

အပိုင်း - ပြည်သူလူထုသည် တိုင်းပြည်၏အခြေခံဖြစ်ပြီး အခြေခိုင်လျှင် တိုင်းပြည်အေးချမ်းမည်

---------------------------

၂၀၁၂ ခုနှစ်ကုန်ဆုံးခါနီး ရက်အနည်းငယ်အလို တရုတ်နိုင်ငံမြောက်ပိုင်းမှာ အနုတ် တစ်ဆယ်ကျော်ဒီဂရီစင်တီဂရိတ်ရှိတဲ့ ချမ်းအေးတဲ့ဆောင်းရာသီမှာ ရှီကျင့်ဖျင်က ဟော်ပေပြည်နယ်ရှိ ဖုဖိန်ခရိုင် လို့ခေါ်တဲ့ ခရိုင်မြို့လေးတစ်မြို့ကို နှင်းတွေတဖွဲဖွဲကျနေချိန် ရောက်ရှိလာခဲ့ပြီး ဆင်းရဲနွမ်းပါးတဲ့ကျေးရွာရှိ လယ်သမားတွေရဲ့အိမ်ကိုသွားရောက်ကာ သူတို့နဲ့ ရင်းရင်းနှီးနှီး ဆွေးနွေးဖလှယ်ခဲ့ပါတယ်။ ရှီကျင့်ဖျင်ဟာ ကီလိုမီတာ ၇၀၀ ကျော် ခရီးနှင်ခဲ့ပြီး ဆင်းရဲနွမ်းပါးတဲ့ကျေးရွာနှစ်ရွာသို့ သွားရောက်ခဲ့ပါတယ်။

 

၂၀၁၉ ခုနှစ် ဧပြီလမှာ ရှီကျင့်ဖျင်ဟာ လေယာဉ်၊ ရထား၊ ကား စတဲ့ လမ်းပန်းဆက်သွယ်ရေးယာဉ် မျိုးကို ပြောင်းစီးပြီး တောနက်ကြီးထဲက ရွာလေးတစ်ရွာဖြစ်တဲ့ ချုံချင့်မြို့ ရှီကျုခရိုင် ကျုံးရိကျေးလက်ဒေသရှိ ဟွာရှီးကျေးရွာကို ရောက်လာခဲ့ပါတယ်။ အဲ့ဒီနေရာဟာ အရမ်းဆင်းရဲနွမ်းပါးတဲ့ဒေသတွေ စုစည်းနေပြီး သူ အလေးအနက်ထားရတဲ့ အလွန်အမင်းဆင်းရဲနွမ်းပါးတဲ့ဒေသဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင်ဖြစ်တဲ့ ရှီကျင့်ဖျင်ဟာ မြို့တော်ပေကျင်းကနေ အခြေခံအလွှာတွေကို ဒီလိုမျိုး မကြာခဏ သွားရောက်ကွင်းဆင်းကြည့်ရှုလေ့ရှိပါတယ်။ ဒီလိုလုပ်ဆောင်ရတဲ့အကြောင်းရင်းကတော့ လုပ်ငန်းစဉ်တစ်ရပ်လုံးကို နားလည်သိရှိပြီး စံပြုလောက်တဲ့အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာကာ ပြည်သူလူထုဘဝ အာမခံချက်ရှိစေရေး ဆိုတဲ့ အဓိကပြဿနာကို ကိုင်တွယ်ပြီး ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အတွင်း ကြုံတွေ့ရတဲ့ အခက်အခဲစိန်ခေါ်မှုများကို ကျော်လွှားအနိုင်ယူနိုင်ရန် ဖြစ်ပါတယ်။

ဒီလိုကွင်းဆင်းလေ့လာရေးခရီးအတွင်း ရှီကျင့်ဖျင်ဟာ ကေဒါဝန်ထမ်းများကို တာဝန်သိတတ်ရန်၊ အရေးတယူရှိရန်၊ မေတ္တာတရားကိုအခြေခံပြီး လုပ်ကိုင်ရန် မှာကြားခဲ့ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းရာမှာ အတွင်းအင်အားကို အားကိုးရမယ်၊ အကူအညီတွေကိုသာ အားကိုးနေခြင်းဟာ ရေရှည်နည်းလမ်းမဟုတ်ဘူးလို့ ပြည်သူလူထုကို ပြောပြခဲ့ပါတယ်။ ဒေသတစ်ခုမှာ ကုန်ထုတ်လုပ်ငန်းနဲ့ လုပ်အား မဖြစ်မနေ ရှိရပြီး အတွင်းနဲ့အပြင် ပေါင်းစပ်မှသာလျှင် ဖွံ့ဖြိုးတိုးတက်နိုင်မှာဖြစ်ပါတယ်။

ရှီကျင့်ဖျင် နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရှစ်နှစ်အချိန်အတွင်းမှာပဲ တရုတ်နိုင်ငံတစ်ခုလုံးကို ဦးဆောင်ပြီး ကမ္ဘာကအာရုံစိုက်ရလောက်တဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်ကို ဖော်ဆောင်ခဲ့ပါတယ်။ အဲ့ဒါကတော့ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးလုပ်ငန်း ဖြစ်ပါတယ်။ သွေးသွင်းပေးခြင်းမှ သွေးဖန်တီးခြင်းအထိ တရုတ်နိုင်ငံရှိ ကျေးလက်ဆင်းရဲနွမ်းပါးသူဦးရေ သန်းတစ်ရာနီးပါးကို ဆင်းရဲတွင်းမှလွတ်မြောက်စေခဲ့ပြီး ကမ္ဘာ့စီးပွားရေးသမိုင်းရဲ့ အံ့ဖွယ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ပြည်သူများကိုဦးဆောင်ပြီး ဆင်းရဲနွမ်းပါးမှုပပျောက်စေကာ အသင့်အတင့်ချမ်းသာစေရေး ကြိုးပမ်းမယ်ဆိုတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ကတိကဝတ်ကိုလည်း အကောင်အထည်ဖော်ခဲ့ပါတယ်။

ပြည်သူလူထုဘဝနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ အသေးအဖွဲဆိုတာ မရှိပါဘူး။ ပြည်သူလူထုဆိုတာ တိုင်းပြည်ရဲ့အခြေခံဖြစ်ပြီး အခြေခိုင်လျှင် တိုင်းပြည်အေးချမ်းပါမယ်။ပြည်သူလူထုဘဝဆိုတာ ပြည်သူတွေ ပျော်ရွှင်ချမ်းမြေ့မှုရဲ့ အခြေခံဖြစ်ပြီး လူ့အဖွဲ့အစည်း သဟဇာတရှိမှုရဲ့ အခြေခံလည်း ဖြစ်ပါတယ်။

ရှီကျင့်ဖျင်က ပြည်သူလူထုကို ဗဟိုပြုတဲ့ဖွံ့ဖြိုးတိုးတက်ရေးအယူအဆကို အဆိုပြုခဲ့ပြီး ဒါဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ စီးပွားရေး၊ လူမှုရေး အလုံးစုံဖွံ့ဖြိုးတိုးတက်မှုအတွက် အဆင့်မြင့်ဒီဇိုင်းရေးဆွဲမှုရဲ့ တန်ဖိုးလိုအပ်ချက် ဖြစ်လာပြီး ခေတ်သစ် တရုတ်နိုင်ငံ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးရဲ့ တန်ဖိုးဦးတည်ချက်လည်း ဖြစ်လာပါတယ်။ သာယာကောင်းမွန်တဲ့ဘဝကို လိုလားတောင့်တတဲ့ ပြည်သူတို့ရဲ့ဆန္ဒတွေဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တယ် ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ရာမှာ လူမှုကဏ္ဍ တရားမျှတမှုနဲ့ ဖြောင့်မတ်မှု မြှင့်တင်ရေး၊ ပြည်သူလူထုအကျိုးစီးပွား မြှင့်တင်ရေး တို့ကို မဖြစ်မနေ အခြေခံရပါမယ်လို့ ရှီကျင့်ဖျင်က ရိုးရှင်းတဲ့စကားတွေနဲ့ ဒီအယူအဆကို ရှင်းပြခဲ့ပါတယ်။

ဒီအချက်ကိုအခြေခံပြီး ရှီကျင့်ဖျင်ဟာ ခေတ်သစ် တရုတ်နိုင်ငံကို ဦးဆောင်ပြီး ပြည်သူ့အကျိုးပြုကဏ္ဍမှာ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ခဲ့ပါတယ်။ ဆယ်နှစ်ကျော်ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ် ၂၀၀၀ ကျော်ဟာ စားဝတ်နေရေး စတဲ့အပိုင်းကဏ္ဍအသီးသီးကို လွှမ်းခြုံထားပြီး နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ ဂေဟစနစ် စတဲ့ကဏ္ဍအသီးသီးကို လွှမ်းခြုံထားပါတယ်။ ဒါဟာ ပြည်သူလူထုကိုဗဟိုပြုခြင်းဆိုတဲ့ ဦးတည်ချက်ကို ပေါ်လွင်နေစေပါတယ်။

ရှီကျင့်ဖျင်ရဲ့ ပြည်သူလူထုကို ဗဟိုပြုခြင်းဖွံ့ဖြိုးတိုးတက်မှုအယူအဆမှာ ကြီးမားတဲ့ ဆန်းသစ်တီထွင်မှုအချက်တစ်ချက် ရှိပါတယ်။ အဲ့ဒါကတော့ ဘယ်သူဘယ်ဝါအတွက်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်တယ်ဆိုတာကို ဖော်ပြရုံတင်မကဘဲ ဘယ်သူကို အမှီပြုပြီးပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်တယ်ဆိုတဲ့ မေးခွန်းကိုလည်း အဖြေပေးထားခြင်းပါပဲ။ ပြည်သူလူထုအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှသာ ဒီပြုပြင်ပြောင်းလဲရေးက အဓိပ္ပါယ်ရှိမယ်၊ ပြည်သူလူထုကို အမှီပြုပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မှသာ ဒီပြုပြင်ပြောင်းလဲရေးက တက်ကြွမှုခွန်အားရှိမယ်လို့ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

 “မှန်ကန်တဲ့လမ်းကြောင်းက ဘယ်ကလာသလဲဆိုတော့ လူထုဆီက လာပါတယ်။ ကျွန်တော်တို့က အခြေခံအလွှာအထိလေ့လာပြီး အဆင့်မြင့်ဒီဇိုင်းရေးဆွဲမှုနဲ့ ပြည်သူ့ဆန္ဒမေးမြန်းလေ့လာခြင်း တို့ကို ပေါင်းစပ်ရပါမယ် လူတိုင်းလူတိုင်းကို မိမိကိုယ်ကိုတိုးတက်အောင် လုပ်ဆောင်နိုင်ရန်၊ လူ့အဖွဲ့အစည်းကိုအကျိုးပြုရန် အခွင့်အရေးတွေရရှိစေပြီး လူ့ဘဝရဲ့ ကောင်းမွန်တဲ့အခွင့်အရေးတွေကို အတူခံစားနိုင်စေရမယ်၊ အိပ်မက်တွေအကောင်အထည်ဖော်နိုင်မယ့် အခွင့်အရေးတွေ အတူခံစားနိုင်စေရမယ်၊ ပြည်သူတိုင်း တန်းတူညီမျှစွာပါဝင်ခွင့်၊ တန်းတူညီမျှစွာ ဖွံ့ဖြိုးတိုးတက်ခွင့် ရရှိစေရမယ်၊ လူမှုကဏ္ဍ တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

 “ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးကို ပါတီက တွန်းအားပေးလုပ်ဆောင်ရတဲ့ အခြေခံရည်ရွယ်ချက်က လူမှုကဏ္ဍ တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကို မြှင့်တင်ပြီး ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရလဒ်များဖြင့် ပြည်သူတစ်ရပ်လုံးကို ပိုမိုများပြားစွာ၊ ပိုမိုတရားမျှတစွာ အကျိုးပြုနိုင်စေရန် ဖြစ်တယ်လို့ ရှီကျင့်ဖျင်က အလေးပေးပြောကြားခဲ့ပါတယ်။ ဒါဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ မူလရည်မှန်းချက်ဖြစ်သလို ခရီးစဉ်သစ်မှာ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးကို ထပ်မံလုပ်ဆောင်ရန်အတွက် မူလခွန်အားနဲ့ စမှတ်လည်း ဖြစ်ပါတယ်။