ဒေသစံတော်ချိန် ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းက အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန် သည် အိမ်ဖြူတော်တွင် မိန့်ခွန်းပြောကြားရာ၌ အမေရိကန်နိုင်ငံသမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ချက်ကို ပြစ်တင်ရှုတ်ချခဲ့ရာ သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် Pennsylvania ပြည်နယ် မဲဆွယ်စည်းရုံးပွဲကို သီးခြား စုံစမ်း စစ်ဆေးရန် အမိန့်ချခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဂျိုးဘိုင်ဒန် က အမေရိကန်နိုင်ငံတွင် ဤသို့သောအကြမ်းဖက်မှုများ တည်ရှိရန် နေရာမရှိပါ ဟု ထပ်လောင်းပြောကြားပြီး စည်းလုံးညီညွတ်မှု၏ အရေးပါမှုကို ပြန်လည် အလေးထားပြောကြားကာ သေနတ်သမား၏ ရည်ရွယ်ချက် သို့မဟုတ် ဆက်နွယ်မှုများနှင့် ပတ်သက်ပြီး ကိုယ့်စိတ်ကူးကိုယ့်အထင်နှင့် မမှန်းဆရန် လူအများအား တိုက်တွန်းခဲ့ပါသည်။
ဂျိုးဘိုင်ဒန် က မိမိအနေဖြင့် ဇူလိုင်လ ၁၃ ရက်နေ့ညက ဒေါ်နယ်ထရမ့် နှင့် ဆက်သွယ် ခဲ့ရာ ဒေါ်နယ်ထရမ့် အခြေအနေကောင်းမွန်လာသည့်အတွက် ကျေနပ်မိကြောင်း၊ မိမိ အနေဖြင့် Wisconsin ပြည်နယ် Milwaukee မြို့တွင် ကျင်းပမည့် ရီပတ်ပလစ်ကန်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၏ လုံခြုံရေးအစီအမံများကို ပြန်လည်စိစစ်သုံးသပ် ရန် United States Secret Service အား ညွှန်ကြားထားပြီ ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။
ဂျိုးဘိုင်ဒန် သည် ဇူလိုင်လ ၁၄ ရက်နေ့ ည ၈ နာရီတွင် ပြည်သူတစ်ရပ်လုံးအား မိန့်ခွန်းပြောကြားမည် ဟု သတင်းအရ သိရပါသည်။
မဲဆွယ်စည်းရုံးပွဲတွင် ဒေါ်နယ်ထရမ့် သေနတ်ပစ်ခတ်မှု ခံခဲ့ရခြင်းအပေါ် သီးခြား စုံစမ်း စစ်ဆေးရန် ဂျိုးဘိုင်ဒန် အမိန့်ချ
(GMT+08:00)2024-07-15 10:48:37