“တွေးခေါ်မှုစွမ်းအား” ခေတ်သစ်တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒအကြောင်း လေ့လာခြင်း(အပိုင်း-၃)

(GMT+08:00)2024-07-15 08:09:07  

အမှာစာ - ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုဟာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးရာ စီမံအုပ်ချုပ်မှုရဲ့ အခြေခံအမျိုးသားမူဝါဒတစ်ရပ်ဖြစ်ပါတယ်။ ၎င်းကို ၁၉၇၈ ခုနှစ် တိန့်ရှောင်ဖိန် ကြီးမှူးကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီ ၁၁ ကြိမ်မြောက်ဗဟိုကော်မတီရဲ့ တတိယအကြိမ်စုံညီအစည်းအဝေးမှာ စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ရှီကျင့်ဖိန် ကြီးမှူးကျင်းပတဲ့ ၁၈ ကြိမ်မြောက်ဗဟိုကော်မတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးမှာ ဘက်စုံနက်ရှိုင်းအောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက်ဗဟိုကော်မတီရဲ့ တတိယအကြိမ်စုံညီအစည်းအဝေးကို မကျင်းပခင်မှာ “တွေးခေါ်မှုစွမ်းအား” ကနေတစ်ဆင့် ခေတ်သစ်တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒအကြောင်း နားလည်သိရှိစေမှာဖြစ်ပါတယ်။

 

အပိုင်း ၃ - မှန်ကန်သောလမ်းစဉ်ကိုစောင့်ထိန်းပြီး ခေတ်နှင့်လိုက်လျောညီထွေစွာ ဆန်းသစ်တီထွင် လုပ်ကိုင်ဆောင်ရွက်တတ်သူတို့သည် အောင်မြင်တိုးတက်မှုများရရှိနိုင်ခြင်း

 

၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခါစဖြစ်တဲ့ ရှီကျင့်ဖိန်က ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုဟာ ယနေ့ခေတ် တရုတ်နိုင်ငံကံကြမ္မာကို အဆုံးအဖြတ်ပေးတဲ့ အရေးပါအချက်တစ်ချက် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါကတော့ သူက မိမိရဲ့ နိုင်ငံရေးရာစီမံခန့်ခွဲမှုဗျူဟာအတွက် လေးနက်စွာရွေးချယ်မှုပဲဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ရှီကျင့်ဖိန် အမှူးပြုတဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဟာ ပြုပြင်ပြောင်းလဲမှုကို ဘက်စုံနက်ရှိုင်းစေတဲ့ အထွေထွေစီမံရေးဆွဲမှုကို လုပ်ဆောင်ခဲ့ပြီး အထွေထွေရည်မှန်းချက်၊ မဟာဗျူဟာမြောက်တဲ့ အဓိကအချက်၊ ဖော်ဆောင်မှုပုံစံ နဲ့ အချိန်ဇယားတို့ကို အတည်ပြုခဲ့ကာ ပြုပြင်ပြောင်းလဲမှုကို ဘက်စုံနက်ရှိုင်းစေခြင်း၊ ပြုပြင်ပြောင်းလဲမှုတစ်ရပ်လုံးကို စနစ်တကျဒီဇိုင်းရေးဆွဲ ဖော်ဆောင်တဲ့ ခေတ်သစ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။

 

၁၀ နှစ်ကျော်အကြာဖြစ်တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ရှီကျင့်ဖိန်က ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုဟာ “တရုတ်အသွင်ပုံစံ ခေတ်မီမှုရဲ့အောင်မြင်မှုကို အဆုံးအဖြတ်ပေးတဲ့ အဓိကအချက်တစ်ချက်ဖြစ်တယ်” လို့ အလေးပေး ပြောကြားခဲ့ပါတယ်။ ဒါကလည်း ပြုပြင်ပြောင်းလဲမှု ဘက်စုံနက်ရှိုင်းစေရေးဟာ နောက်ထပ်အရေးကြီးတဲ့ အဆင့်တစ်ခုဆီ ဝင်ရောက်လာတော့မယ်လို့ အားကောင်းစွာအချက်ပြလိုက်ခြင်းပါပဲ။

 

△၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရှီကျင့်ဖိန်က ချုံချင့်နိုင်ငံတကာ ကုန်စည်စီးဆင်းမှုအချက်အချာဇုန် ချုံချင့်ရထားလမ်း ကွန်တိန်နာစင်တာဘူတာအား သွားရောက်လေ့လာခဲ့ပြီး ကုန်တင်ယာဉ်မောင်းနှင်သူ၊ ရထားမောင်းနှင်သူ၊ ကုန်တင်ကုန်ချလုပ်သား၊ ဘူတာစီမံခန့်ခွဲသူများနှင့် ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့သည်။

 

 “အဓိကအချက်တစ်ချက်” က သမိုင်း၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ချိတ်ဆက်ပေးခြင်း

 

တရုတ်ကွန်မြူနစ်ပါတီရဲ့ ၂၀ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အစီရင်ခံစာထဲမှာ ဒီလိုစကားတစ်ခွန်းပါဝင်ပါတယ်။ “တရုတ်အသွင်ပုံစံခေတ်မီမှုဟာ ရှေးယခင်ကမရှိခဲ့ဖူးတဲ့ မွန်မြတ်တဲ့လုပ်ငန်းဖြစ်ပါတယ်။ ဖြောင့်မှန်မှုကိုစောင့်ထိန်းမှသာလျှင် ဦးတည်ချက်မပျောက်ပျက်စေရန်၊ ပြိုကွဲစေနိုင်တဲ့အမှားများ မလုပ်မိစေရန် ထိန်းသိမ်းနိုင်မည်၊ ဆန်းသစ်တီထွင်မှသာလျှင် ခေတ်ကို ဆုပ်ကိုင်ထားနိုင်ပြီး ဦးဆောင်နိုင်မည်။”

 

“မှန်ကန်သောလမ်းစဉ်ကို စောင့်ထိန်းပြီး ဆန်းသစ်တီထွင်ခြင်း” ဟာ တရုတ်နိုင်ငံမှာ တာအိုဝါဒကို တည်ထောင်ခဲ့သူ လောင်ဇီရဲ့ “Tao Te Ching” ကနေလာတာဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ မှန်ကန်သောလမ်းစဉ်ကို စောင့်ထိန်းပြီး ဆန်းသစ်တီထွင်ဖို့ လိုတဲ့အပြင် ဗဟုသုတသစ်များကိုလည်း စူးစမ်းရှာဖွေလိုစိတ်ရှိရမယ် ဆိုတာပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာလည်း လောင်ဇီက အရာခပ်သိမ်းတိုးတက်လာမှုရဲ့ ယေဘုယျအခြေခံမူနဲ့ ပကတိစည်းမျဉ်းအကြောင်း သိရှိနားလည်ကာ အခြေအနေအချိန်အခါအလိုက် ပြုလွယ်ပြင်လွယ်လုပ်ဆောင်နိုင်ပြီး ထိုမှတစ်ဆင့် ကိစ္စရပ်ကို ဘက်စုံ သိရှိနားလည် ထိန်းချုပ်နိုင်ကျွမ်းကျင်နိုင်ဖို့ ရည်ရွယ်ထားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။ တရုတ်ရှေးလူတို့ရဲ့ဒီလိုမျိုး ကျယ်ပြန့်ပြီး ထူးခြားချက်ရှိမှု၊ အခြေခံမူရှိမှုနဲ့ ပြုလွယ်ပြင်လွယ်ရှိမှုတို့ ပေါင်းစပ်ပြီး အနုပဋိလောမနည်းကျကာ တစ်သားတည်းဖြစ်တဲ့ သိမြင်မှုသဘောတရားနဲ့ နည်းနာနိဿယဆိုင်ရာ သဘောတရားဟာ အာဏာရပါတီဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးရာစီမံခန့်ခွဲမှုနဲ့ စီမံအုပ်ချုပ်တဲ့အစီအစဉ် အပေါ် နက်ရှိုင်းစွာအကျိုးသက်ရောက်မှုရှိနေပါတယ်။ ရှီကျင့်ဖိန် ပြောသလိုပါပဲ “ခေတ်သစ် ခရီးစဉ်သစ်မှာ ကျွန်တော်တို့ဟာ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုဆိုတဲ့ အရေးကြီးတဲ့အစွမ်းထက်ရတနာကို လက်ကိုင်စွဲထားပြီး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာပြဿနာများကို ဖြေရှင်းကာ ရှေ့ခရီးလမ်းမှာ ကြုံတွေ့ရမယ့် အန္တရာယ်စိန်ခေါ်မှုများကိုရင်ဆိုင်ရပါမယ်။ အဆုံးထိပြုပြင်ပြောင်းလဲသွားမယ်ဆိုတဲ့ ခိုင်မြဲတဲ့စိတ်ပိုင်းဖြတ်မှုနဲ့ အမှန်တကယ်လုပ်ဆောင်ပြီး ဖြေရှင်းရခက်တဲ့ပြဿနာတွေကို ဖြေရှင်းဖို့ ရဲရင့်မှု ရှိကာ တရုတ်အသွင်ပုံစံခေတ်မီမှု ဖော်ဆောင်ရေးကို အတားအဆီးဖြစ်စေမယ့် အတွေးအခေါ်အယူအဆနဲ့ စနစ်ယန္တရားဆိုင်ရာ အားနည်းချက်များကို ပြတ်ပြတ်သားသား ဖယ်ရှားသွားမှာဖြစ်ပါတယ်။”

 

△၂၀၂၃ ခုနှစ် မေလ ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံပြည်တွင်းထုတ် လေယာဉ် C919 သည် ပထမဆုံးအကြိမ်အဖြစ် ခရီးသည်များတင်ဆောင်ပြီး ချန်တူးမြို့ကို ဆိုက်ရောက်ခဲ့သည်။ C919 လေယာဉ်ကို တီထွင်ထုတ်လုပ်ခြင်း၊ စတင်လုပ်ငန်းလည်ပတ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်းနှင့် နောက်ဆုံး စီးပွားဖြစ်အသုံးပြုနိုင်ခြင်းဖြင့် တရုတ်နိုင်ငံက စက်မှုလုပ်ငန်း ထုတ်လုပ်ရေးကဏ္ဍတွင် ထိုးဖောက်မှုအသစ်ကို ဖော်ဆောင်နိုင်ခဲ့သည်ဟု သဘောဆောင်နေပါသည်။

 

ရှီကျင့်ဖိန်က ပြောထားတဲ့အတိုင်းပဲ လုပ်ဆောင်ခဲ့ပါတယ်။ သူက ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးကို တရုတ်အသွင်ပုံစံခေတ်မီမှု မြှင့်တင်ရေးအတွက် အခြေခံတွန်းအားအဖြစ်၊ ဒီလုပ်ငန်းရဲ့ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုကို အဆုံးအဖြတ်ပေးတဲ့ “အဓိကအချက်” အဖြစ် သတ်မှတ်ခဲ့ပါတယ်။ လက်တွေ့လုပ်ငန်းစဉ်မှာလည်း ရှီကျင့်ဖိန်က စနစ်တည်ဆောက်ရေးဆိုတဲ့ အဓိကလမ်းကြောင်းကို ပေါ်လွင်စေပြီး စနစ်ပြီးပြည့်စုံမှုရှိတဲ့၊ သိပ္ပံနည်းကျ စံနှုန်းမီတဲ့၊ ထိရောက်စွာလည်ပတ်နိုင်တဲ့ စနစ်တစ်ရပ်ကို ကြိုးပမ်းတည်ဆောက်ကာ နိုင်ငံစီမံအုပ်ချုပ်ရေးစနစ်ရဲ့ ခေတ်မီတိုးတက်မှုအဆင့်ကို မြှင့်တင်ပါတယ်။

 

△ တရုတ်အမျိုးသားမော်ကွန်းတိုက် ဗဟိုအဆောက်အအုံကို ဝေဟင်မှရိုက်ကူးထားပုံ ဖြစ်သည်။ တရုတ်အမျိုးသားမော်ကွန်းတိုက်၏ အဓိကလုပ်ဆောင်ချက်များမှာ တရုတ်ယဉ်ကျေးမှုသမိုင်းကြောင်းတွင် လက်ဆင့်ကမ်းလာသော အဖိုးတန်ဂန္ထဝင်စာအုပ်များကို စုဆောင်းထားခြင်းဖြစ်သည်။ တရုတ်ယဉ်ကျေးမှု၏ “မျိုးစေ့ဘဏ်” ဖြစ်ပြီး တည်ဆောက်ရန် ရှီကျင့်ဖိန် ကိုယ်တိုင် ခွင့်ပြုခဲ့သော တရုတ်နိုင်ငံ၏ “ယဉ်ကျေးမှုအထင်ကရနေရာ” ဖြစ်သည်။

 

စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာမှာ အစိုးရနဲ့ စျေးကွက်အကြား ဆက်ဆံရေးဆိုတဲ့ အဓိကအကြောင်းအရာကို ကောင်းမွန်စွာ ကိုယ်တွယ်စီမံဆောင်ရွက်ပါတယ်။ ဘက်ပေါင်းစုံမှ ခွန်အားစိုက်ထုတ်ကာ အချက်များစွာကို ထိုးဖောက်ပြီး ဆိုရှယ်လစ်  စျေးကွက်စီးပွားရေးစနစ်ကို ပြီးပြည့်စုံမှုရှိစေရန် အဆက်မပြတ်လုပ်ဆောင်ပါတယ်။

 

ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာမှာ လုပ်ငန်းစဉ်တစ်ရပ်လုံး ပြည်သူ့ဒီမိုကရေစီကို ဖော်ဆောင်ပြီး ဆိုရှယ်လစ် ဒီမိုကရေစီနိုင်ငံရေးဆို စနစ်တကျရှိစေရန်၊ စံနှုန်းမီစေရန်၊ အစီအစဉ်တကျရှိစေရန် အဆက်မပြတ် တွန်းအားပေးပါတယ်။ တရုတ်ဝိသေသဆောင်တဲ့ ဆိုရှယ်လစ် တရားဥပဒေနဲ့ အညီ စီမံအုပ်ချုပ်ရေးစနစ်ကို ပိုမိုပြည့်စုံလာစေပါတယ်။

 

ယဉ်ကျေးမှုစနစ် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာမှာ တရုတ် အမျိုးသားရဲ့ ထူးချွန်ကောင်းမွန်တဲ့ ရိုးရာယဉ်ကျေးမှုများကို တီထွင်ဖန်တီးမှုရှိစွာ အသွင်ပြောင်းရန်၊ ဆန်းသစ်တီထွင်မှုရှိစွာ ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးပြီး တရုတ်အမျိုးသားရဲ့ ခေတ်မီယဉ်ကျေးမှုကို တည်ဆောက်ပါတယ်။

 

ပြည်သူ့အကျိုးပြုကဏ္ဍ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာမှာ ကလေးသူငယ်များ ပညာသင်ကြားနိုင်စေရေး၊ ကောင်းမွန်စွာပညာသင်ကြားနိုင်ရေး၊ လုပ်အားနှင့်မျှတသော ဝင်ငွေရရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေး၊ သက်ကြီးရွယ်အိုများစောင့်ရှောက်မှု အားကောင်းစေရေး၊ နေထိုင်စရာရှိရေး၊ အားနည်းသူများ ဖေးမကူညီမှုရရှိစေရေးတို့ကို စနစ်တကျရှိစေရန် ဆက်တိုက်တွန်းအားပေး လုပ်ဆောင်ပါတယ်။

 

ဂေဟစနစ်တည်ဆောက်ရေး ပြုုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာမှာ အရင်းအမြစ်မှ တင်းတင်းကျပ်ကျပ် ကာကွယ်ခြင်း၊ လုပ်ငန်းစဉ်ကို တင်းတင်းကျပ်ကျပ် စီမံခန့်ခွဲခြင်း၊ အကျိုးဆက်များကို ပြင်းပြင်းထန်ထန်အရေးယူခြင်း စနစ်ကို အခြေခံအားဖြင့် ထူထောင်ထားပြီး စိမ်းလန်းစိုပြည်စွာ ဖွံ့ဖြိုးတိုးတက်ရေးဟာ လှပတဲ့တရုတ်နိုင်ငံ တည်ဆောက်ရေးအတွက် တောက်ပတဲ့နောက်ခံ ဖြစ်လာပါတယ်။

 

△ အတွင်းမွန်ဂိုလီးယားဒေသ ပါးယန်နာမြို့ရှိ ဝူးလျန်စုဟိုင်ရေကန်ရှုခင်း ဖြစ်သည်။ တရုတ်နိုင်ငံတွင် သဲကာကွယ်ရေးနှင့် ကုစားရေး၊ သစ်တောစိုက်ပျိုးရေးတို့ကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး ရှင်းကျန်းမြောက်ပိုင်းဒေသတွင် “အစိမ်းရောင်မဟာတံတိုင်းကြီး” ကို အခိုင်အမာတည်ဆောက်ခဲ့သည်။

 

ကာကွယ်ရေးနဲ့ တပ်မတော် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာမှာ တပ်မတော် ခေါင်းဆောင်ကွပ်ကဲမှုစနစ်၊ ခေတ်မီစစ်အင်အားစနစ်၊ စစ်ရေးမူဝါဒစနစ် တို့ကို ပြန်လည်ပုံဖော်တည်ဆောက်ခဲ့ပြီး အင်အားတောင့်တင်းတဲ့တပ်မတော်ဖြစ်စေရေး လုပ်ငန်းအတွက် အားကောင်းသောခွန်အားများ ဖြည့်သွင်းပေးပါတယ်။

 

သံတမန်ဆက်ဆံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာမှာ တရုတ်ဝိသေသဆောင်တဲ့ နိုင်ငံကြီးရဲ့ သံခင်းတမန်ခင်းအတွက် မဟာဗျူဟာမြောက် အစီအမံများ ချမှတ်ပြီး နိုင်ငံတကာဆက်ဆံရေးပုံစံသစ် တည်ဆောက်ရေး၊ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်ပါတယ်။

 

ဒါဟာ သမိုင်းတစ်လျှောက်မှာ မရှိခဲ့ဖူးတဲ့ ပုံစံသစ် နိုင်ငံရေးရာ စီမံအုပ်ချုပ်မှုစနစ် ဖြစ်ပြီး အတိတ်နဲ့ ပစ္စုပ္ပန်ရဲ့ ပြည်တွင်းပြည်ပမှ အကျိုးရှိတဲ့အတွေ့အကြုံတွေအားလုံးကို ရယူထားတဲ့ အောင်မြင်မှုရလဒ်များကိုစုဆောင်းထားသူလည်း ဖြစ်ပါတယ်။

 

နိုင်ငံရေးရာ စီမံအုပ်ချုပ်မှုစနစ် ထူထောင်ရာမှာ အာဏာရပါတီရဲ့ စီမံအုပ်ချုပ်မှုစွမ်းရည် ခေတ်မီတိုးတက်မှုရှိရန် မလွဲမသွေလိုအပ်ပါတယ်။ အာဏာရပါတီရဲ့ အမြင့်ဆုံးခေါင်းဆောင်ဖြစ်သူ ရှီကျင့်ဖိန် တာဝန်စတင်ထမ်းဆောင်စဉ်ကတည်းက “ပါတီကို ဘက်စုံ တင်းကျပ်စွာ စီမံအုပ်ချုပ်ရေး” ဆိုတဲ့ ပါတီတည်ဆောက်ရေးမူဝါဒကို အဆိုပြုခဲ့ပြီး စနစ်ကျတဲ့၊ အားကောင်းတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ လုပ်နည်းလုပ်ဟန် ဖြောင့်မတ်မှန်ကန်စေရေး၊ စည်းကမ်းတင်းကျပ်ရေးလုပ်ငန်းများကို ဖော်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ပါတီစီမံခန့်ခွဲမှုဆိုင်ရာ လက်တွေ့လုပ်ဆောင်မှုများစွာကို အခြေခံပြီး ပါတီရဲ့ မိမိကိုယ်ကိုပြုပြင်ပြောင်းလဲမှုသီအိုရီကို ဖန်တီးကာ အဆိုပြုခဲ့ပါတယ်။ ရှီကျင့်ဖိန်က ပါတီရဲ့ “မိမိကိုယ်ကိုပြုပြင်ပြောင်းလဲမှု” ကို တရုတ်ကွန်မြူနစ်ပါတီရဲ့ “နိုင်ငံစီမံအုပ်ချုပ်ရေးစနစ်နဲ့ စီမံအုပ်ချုပ်ရေးစွမ်းရည် ခေတ်မီတိုးတက်စေရေး” အကောင်အထည်ဖော်ဆောင်မှုရဲ့ အရေးပါတဲ့အခြေခံအဖြစ် မှတ်ယူထားပြီး တရုတ်ကွန်မြူနစ်ပါတီ ဆက်လက်အုပ်ချုပ်နိုင်ရေးအတွက် စနစ်အာမခံချက်ကို ချမှတ်ပေးထားကာ ပါတီက နိုင်ငံရေးအာဏာအတက်အကျရှိမှု သမိုင်းသံသရာမှ ဘယ်လိုလွတ်မြောက်ခဲ့ပြီး ရေရှည်အုပ်ချုပ်မှုကို ဘယ်လိုဖော်ဆောင်မလဲ ဆိုတဲ့ သမိုင်းဝင်မေးခွန်းကို အဖြေပေးခဲ့ပါတယ်။


△ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ကျေးရွာလေးတစ်ရွာတွင် ၁၉၉၀ ခုနှစ်နောက်ပိုင်းတွင်မွေးဖွားသူ ကျွမ့်တိုင်းရင်းသူလေး ရှန်ထင်ရန့်သည် ရောင်စုံဆေးခြယ်အရုပ်များ ပြုလုပ်ရာတွင် ထူးချွန်သူဖြစ်သည်။ သူမ၏လက်ရာများကို အာဆီယံနိုင်ငံများမှ နိုင်ငံခြားဧည်သည်များအား အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်လေ့ရှိသည်။ သူမဖွင့်လှစ်ထားသော ရောင်စုံဆေးခြယ် ယဉ်ကျေးမှုဖန်တီးမှု ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအလုပ်ရုံမှ နှစ်စဉ် ရောင်းအား ယွမ် ၁ သန်းကျော် ရှိပြီး ဒေသခံ တောင်သူများအား အလုပ်အကိုင်နှင့် ဝင်ငွေ တိုးစေခဲ့သည်။

 

ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုဆိုတာ သမိုင်း၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ချိတ်ဆက်ပေးသော “အဓိကအချက်တစ်ချက်” ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကိုလေ့လာကြည့်ပါက မည်သည့်နိုင်ငံနဲ့ နိုင်ငံရေးပါတီမှ ဒီလိုမျိုး နိုင်ငံရေးရဲစွမ်းသတ္တိနဲ့ သမိုင်းတာဝန်သိတတ်မှုရှိပြီး ပြတ်ပြတ်သားသားဆောင်ရွက်ဝံ့ခြင်း၊ အတွင်းပိုင်းကို ပြုပြင်ပြောင်းလဲဝံ့ခြင်း၊ မိမိကိုယ်ကိုပြုပြင်ပြောင်းလဲဝံ့ခြင်း မရှိခဲ့ပါဘူး။ မည်သည့်နိုင်ငံနဲ့ နိုင်ငံရေးပါတီမှလည်း ဒီလောက်အချိန်တိုအတွင်းမှာ ဒီလိုမျိုး ကျယ်ကျယ်ပြန့်ပြန့်၊ အကြီးစား၊ အရှိန်အဟုန်ပြင်းပြင်းနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ မည်သည့်နိုင်ငံနဲ့ နိုင်ငံရေးပါတီမှလည်း ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အတွင်း ဒီလိုမျိုး သမိုင်းဝင်ပြောင်းလဲမှုများ၊ စနစ်ကျတဲ့ ပြန်လည်ဖွဲ့စည်းမှုများ၊ အလုံးစုံ ပြန်လည်တည်ဆောက်မှုများ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

 

နောက်လာမယ့်အပိုင်းမှာတော့ ရှီကျင့်ဖိန် ဦးဆောင်တဲ့ ခေတ်သစ်တရုတ်နိုင်ငံရဲ့ ပြင်ပသို့ တံခါးဖွင့်လှစ်မှုမူဝါဒအကြောင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။