တရုတ် CIDCA ဥက္ကဋ္ဌ Luo Zhaohui သည် မြန်မာ MIFER ဝန်ကြီး ဒေါက်တာကံဇော် နှင့် တွေ့ဆုံ

(GMT+08:00)2024-07-15 13:15:54  

        ဇူလိုင်လ ၁၃ ရက်နေ့က တရုတ် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA) ဥက္ကဋ္ဌ Luo Zhaohui သည် တရုတ်နိုင်ငံ၌ ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှု မျှဝေရေးဆိုင်ရာ ဆောင်ရွက်ချက်များ ဖိုရမ် ဒုတိယအကြိမ် အဆင့်မြင့် အစည်းအဝေးသို့ တက်ရောက်ရန် အလည်အပတ် ရောက်ရှိလာသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် နှင့် တွေ့ဆုံခဲ့သည်။

        ထိုသို့ တွေ့ဆုံရာတွင် Luo က CIDCA သည် မြန်မာဘက်နှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သော အရေးကြီး သဘောတူညီမှုများကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို နက်ရှိုင်းစေကာ တရုတ်-မြန်မာ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး ပိုမို နက်ရှိုင်းခိုင်မာလာစေရန် တွန်းအားပေး၍ နှစ်နိုင်ငံပြည်သူများအတွက် ထိရောက်သော အကျိုးစီးပွားများကို ဆောင်ကြဉ်းပေးလိုပါကြောင်း ပြောကြားသည်။

ဒေါက်တာကံဇော်က မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ နေထိုင်မှု ဘဝ တိုးတက်ကောင်းမွန်လာရေး အတွက် တရုတ်ပြည်ဘက်မှ ရေရှည် ပံ့ပိုးကူညီမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံသည် Belt and Road နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှု အဆိုပြုချက် မူဘောင်အောက်တွင် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို မြန်မာနိုင်ငံနှင့် ဆက်လက်မျှဝေပြီး နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ တရုတ်-မြန်မာ ကံကြမ္မာတူ အသိုက်အဝန်းကို ကောင်းမွန်စွာ လက်တွဲ တည်ဆောက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် CIDCA ဒုဥက္ကဋ္ဌ Yang Weiqun နှင့် ဒေါက်တာကံဇော် တို့သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် အကောင်အထည်ဖော်ဆောင်ရေးနှင့် နှစ်နိုင်ငံအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရေး အပါအဝင် သက်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း သတင်းအရ သိရှိရ သည်။