“တွေးခေါ်မှုစွမ်းအား” ခေတ်သစ်တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒအကြောင်း လေ့လာခြင်း(အပိုင်း-၂)

(GMT+08:00)2024-07-13 22:49:45  

အမှာစာ - ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုဟာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးရာ စီမံအုပ်ချုပ်မှုရဲ့ အခြေခံအမျိုးသားမူဝါဒတစ်ရပ်ဖြစ်ပါတယ်။ ၎င်းကို ၁၉၇၈ ခုနှစ် တိန့်ရှောင်ဖိန် ကြီးမှူးကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီ ၁၁ ကြိမ်မြောက်ဗဟိုကော်မတီရဲ့ တတိယအကြိမ်စုံညီအစည်းအဝေးမှာ စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ရှီကျင့်ဖိန် ကြီးမှူးကျင်းပတဲ့ ၁၈ ကြိမ်မြောက်ဗဟိုကော်မတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးမှာ ဘက်စုံနက်ရှိုင်းအောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက်ဗဟိုကော်မတီရဲ့ တတိယအကြိမ်စုံညီအစည်းအဝေးကို မကျင်းပခင်မှာ “တွေးခေါ်မှုစွမ်းအား” ကနေတစ်ဆင့် ခေတ်သစ်တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒအကြောင်း နားလည်သိရှိစေမှာဖြစ်ပါတယ်။

 

အပိုင်း ၂ - ထိရောက်တဲ့နည်းလမ်းကြောင့် အောင်မြင်မှုအဆတိုးရရှိခြင်း

 

၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့က စန်းတုံးပြည်နယ်ရဲ့မြို့တော် ကျီနန်မှာ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ကျွမ်းကျင်ပညာရှင်များအကြား ပြုပြင်ပြောင်းလဲရေးနဲ့ဆက်စပ်တဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက်ဗဟိုကော်မတီရဲ့ တတိယအကြိမ်စုံညီအစည်းအဝေး ကျင်းပခါနီးတဲ့အချိန်၊ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးကို ထပ်မံတိုးမြှင့်လုပ်ဆောင်နေတဲ့အချိန်မှာ စန်းတုံးကို သွားရောက်ကွင်းဆင်းလေ့လာနေတဲ့ ရှီကျင့်ဖိန်ကိုယ်တိုင် ဒီဆွေးနွေးပွဲကို ဦးဆောင်ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲရဲ့ အပြင်အဆင်မှာလည်း ထူးခြားမှုတွေရှိနေပါတယ်။ အစိုးရအရာရှိတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဝိုင်းထိုင်ပြီး အပြန်အလှန် ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။ ရှေးယခင်ကမရှိခဲ့ဖူးတဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုလုပ်ငန်း နဲ့ပတ်သက်ပြီး “ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရာမှာ အဟောင်းကိုစွန့်ပြီး အသစ်ဖန်တီးမှုတွေရှိပါတယ်၊ ဒီထိရောက်တဲ့နည်းလမ်းကို ကျင့်သုံးခြင်းဖြင့် အောင်မြင်မှုအဆတိုးရရှိနိုင်ပါတယ်” လို့ ရှီကျင့်ဖိန်က ပြောကြားခဲ့ပါတယ်။

 

 

△ ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့တွင် ရှီကျင့်ဖိန်သည် စန်းတုံးပြည်နယ် ကျီနန်မြို့၌ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကျွမ်းကျင်ပညာရှင်များ ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး အရေးပါမိန့်ခွန်း ပြောကြားခဲ့ပါသည်။ ပုံ - ရှီကျင့်ဖိန် နှင့် ဆွေးနွေးပွဲတက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်၊ ကျွမ်းကျင်ပညာရှင် ကိုယ်စားလှယ်များ ကူးလူးဖလှယ်နေကြစဉ်။

 

 “ထိရောက်တဲ့နည်းလမ်းကြောင့် အောင်မြင်မှုအဆတိုးရရှိတယ်” ဆိုတဲ့စကားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၂၀၀ အချိန်က ကွန်ဖြူးရှပ်ဝါဒအတွေးအခေါ်ရဲ့ ကိုယ်စားပြုပုဂ္ဂိုလ် တစ်ဦးဖြစ်သူ မုန့်ဇီ (Mencius) ရဲ့ အဆိုအမိန့်ဖြစ်ပါတယ်။ စိတ်ကူးစိတ်သန်းတွေက ထွက်ပေါက်ကို အဆုံးအဖြတ်ပေးပြီး နည်းလမ်းတွေက ရလဒ်တွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်လည်းရပါတယ်။  

 

ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးကို လက်တွေ့ဆောင်ရွက်နေစဉ်အတွင်း ရှီကျင့်ဖိန်ဟာ ပြုပြင်ပြောင်းလဲရေးနိယာမကို လေးလေးနက်နက် ဆုပ်ကိုင်ထားပြီး လေ့လာသုတေသနပြုမှုများကို နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်ခဲ့ပါတယ်။ Dialectical materialism ရပ်တည်ချက်၊ အမြင် နဲ့ နည်းလမ်းတွေကို အသုံးပြုပြီး လက်တွေ့ပြဿနာများကို ဖြေရှင်းခဲ့ပါတယ်။ ခေတ်သစ် တရုတ်နိုင်ငံကိုဦးဆောင်ပြီး ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ မွန်မြတ်တဲ့လက်တွေ့လုပ်ငန်းတစ်ရပ်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။

 

 “လူတချို့ကို ဦးစွာ ချမ်းသာလာစေခြင်း” မှသည် “စစ်တုရင်တစ်ပွဲ” ကို အာရုံစိုက်လာခြင်း

 

၁၉၇၈ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီ ၁၁ ကြိမ်မြောက်ဗဟိုကော်မတီရဲ့ တတိယအကြိမ်စုံညီအစည်းအဝေးကနေ တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုလုပ်ငန်းကို စတင်ခဲ့တဲ့အချိန်ကစပြီး တိန့်ရှောင်ဖိန်ရဲ့ အတွေးအခေါ်အတိုင်း တရုတ်နိုင်ငံက “လူတချို့၊ ဒေသတချို့ကို ဦးစွာ ချမ်းသာလာစေပြီး နောက်လူတွေကိုတွဲခေါ်ရန်၊ ဆက်လက်ပြီး တဖြည်းဖြည်းနဲ့ အတူတကွချမ်းသာကြွယ်ဝမှုကို ဖော်ဆောင်ရန်” ဆိုတဲ့ မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ ဒါကြောင့်လည်း အမျိုးသားစီးပွားရေးတစ်ရပ်လုံးကို ထိရောက်စွာ ဖွံ့ဖြိုးတိုးတက်စေခဲ့ပါတယ်။ ထိုစဉ်က တရုတ်နိုင်ငံရဲ့ လူမှုရေး၊ ထုတ်လုပ်ရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ဟန်ချက်မညီခဲ့တာကို ဒီ “တချို့တဝက် ဦးစွာချမ်းသာလာစေရေး” မူဝါဒက ဖော်ပြနေခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ၁၂ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကနေ ၁၅ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အထိ အဆက်မပြတ် ပြီးပြည့်စုံမှုရှိစေရန် လုပ်ဆောင်ခဲ့ပြီးနောက်မှာတော့ တိန့်ရှောင်ဖိန်ရဲ့ တရုတ်ဝိသေသဆောင်တဲ့ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေး သီအိုရီရဲ့ အရေးပါအကြောင်းအရာတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ ဒီမူဝါဒရဲ့ အရေးပါပုံကိုလည်း ပါတီဗဟို ကော်မတီရဲ့ အရေးပါစာတမ်းများစွာမှာ အကြိမ်ကြိမ် အသိအမှတ်ပြုခဲ့ပြီး အလေးပေးဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ၁၉၈၀ ခုနှစ်ပိုင်း မတိုင်မီနဲ့ နှောင်းပိုင်းကာလကို နှိုင်းယှဉ်ကြည့်ပြီး ယနေ့တရုတ်နိုင်ငံအပေါ် နိုင်ငံခြားသားတွေရဲ့ သုံးသပ်စကားတွေကို နားထောင်ကြည့်မယ်ဆိုရင်၊ နိုင်ငံတကာရေးရာကိစ္စရပ်တွေမှာ တရုတ်နိုင်ငံရဲ့ အဆင့်နေရာကို ကြည့်မယ်ဆိုရင်၊ တရုတ်လူမျိုးတွေရဲ့ ပိုက်ဆံအိတ်တွေနဲ့ စျေးခြင်းတောင်းတွေကို စူးစမ်းကြည့်မယ်ဆိုရင် အလွယ်တကူပဲ အပြုသဘောဆောင်စွာ ကောက်ချက်ချနိုင်ပါလိမ့်မယ်။

 

 

△ ၁၉၈၀ ခုနှစ်ပိုင်းကာလနှင့် ၂၀၂၀ ခုနှစ်ပိုင်းကာလ ကျန်းစူးပြည်နယ် ရန်ကျိုးမြို့၏ မြို့ပြအသွင်ပုံစံကို နှိုင်းယှဉ်ပြပုံ။

 

တရုတ်လူမျိုးများစွာ အပါအဝင် လူအများစုက “တချို့တဝက် ဦးစွာချမ်းသာလာစေရေး” မူဝါဒကိုပဲ မှတ်မိနေပုံရပါတယ်။ တကယ်တော့ “အတူတကွ ချမ်းသာကြွယ်ဝရေး” သည်သာ ဆိုရှယ်လစ်စနစ်ရဲ့ ယိမ်းယိုင်လို့မဖြစ်တဲ့ အခြေခံမူတစ်ရပ် ဖြစ်ပါတယ်။ “ဆိုရှယ်လစ်စနစ်ရဲ့ အကြီးမားဆုံး အားသာချက်က အတူတကွ ချမ်းသာကြွယ်ဝရေးဖြစ်တယ်၊ ဒါဟာ ဆိုရှယ်လစ်စနစ်ရဲ့ ဂုဏ်သတ္တိကို ထင်ဟပ်နေတဲ့ အရာတစ်ခုဖြစ်တယ်” လို့ တိန့်ရှောင်ဖိန်က အကြိမ်ကြိမ် ထောက်ပြပြောဆိုခဲ့ပါတယ်။ ဒါကလည်း ခေတ်သစ်မှာ တရုတ်လူမျိုးတွေ ကြိုးပမ်းအကောင်အထည်ဖော်နေတဲ့ တရုတ်အသွင်ပုံစံခေတ်မီမှုရဲ့ အပေါ်လွင်ဆုံး ထူးခြားချက်တစ်ခုဖြစ်တဲ့ ခေတ်သစ်မှာ ပြည်သူတစ်ရပ်လုံး အတူတကွချမ်းသာကြွယ်ဝစေတဲ့ ခေတ်မီတည်ဆောက်ရေး ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုပေးနေပါတယ်။ ဒါဟာ ရှီကျင့်ဖိန် ဦးဆောင်ဦးရွက်ပြုနေတဲ့ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးရဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။

 

ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ရှီကျင့်ဖိန်က “ကျားထိုးပွဲတစ်ပွဲ” ကို စီမံရေးဆွဲခဲ့ပါတယ်။ အလုံးစုံဖြစ်မှု နဲ့ ပေါင်းစပ်မှု ဆိုတာ ဒီကျားထိုးပွဲကို ကောင်းမွန်စွာ ကစားနိုင်ဖို့အတွက် အရေးပါတဲ့နည်းလမ်းဖြစ်ပြီး ရှီကျင့်ဖိန်ရဲ့ ပြုပြင်ပြောင်းလဲမှု “နည်းလမ်း” ရဲ့ အဓိကအချက်လည်း ဖြစ်ပါတယ်။ ဒါဟာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်မညီမှုပြဿနာကို ဖြေရှင်းရာမှာ ပိုပြီးသိသာလှပါတယ်။ တရုတ်နိုင်ငံဟာ နယ်မြေကျယ်ပြန့်ပြီး လူဦးရေများပြားကာ ဒေသအသီးသီးရဲ့ သဘာဝသယံဇာတ အရင်းအမြစ်များ ကွာဟမှုများပြားခြင်းဟာ ကမ္ဘာပေါ်မှာ ရှားပါးပါတယ်။ “မညီမျှမှုဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတယ်၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်နေစဉ်အတွင်း ညီမျှမှုရှိအောင် တိုးမြှင့်ရမယ်။ ဒါက ဒေသတွင်း မျှမျှတတ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနုပဋိလောမနည်း (Dialectic) ဖြစ်တယ်။” လို့ ရှီကျင့်ဖိန်က ယူဆပါတယ်။ ဒီအနုပဋိလောမနည်းအတိုင်း ရှီကျင့်ဖိန်က ပေကျင်း၊ ထျန်းကျင်း နဲ့ ဟော်ပေ အတူဖွံ့ဖြိုးတိုးတက်ရေး၊ ယန်ဇီမြစ်စီးပွားရေးရပ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်ကွေ့ဒေသ တည်ဆောက်ရေး၊ ယန်ဇီမြစ် မြစ်ဝကျွန်းပေါ်ဒေသ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေး၊ မြစ်ဝါမြစ်ဝှမ်းဒေသ ဂေဟစနစ်ထိန်းသိမ်းရေး နဲ့ အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ဒေသတွင်းရဲ့ အရေးပါတဲ့ ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာများကို ကိုယ်တိုင်ကိုယ်ကျ တွေးခေါ်ကြံဆရေးဆွဲခြင်း၊ နေရာချထားခြင်း နဲ့ တွန်းအားပေးခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရှီကျင့်ဖိန်က ဒေသတွင်း ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်စေရေး မဟာဗျူဟာကိုလည်း အကောင်အထည်ဖော်ခဲ့ပြီး အနောက်ပိုင်းဒေသ များစွာဖွံ့ဖြိုးတိုးတက်ရေး၊ အရှေ့မြောက်ပိုင်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ အလယ်ပိုင်းဒေသ အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်ရေး၊ အရှေ့ပိုင်းဒေသမှာ ခေတ်မီတိုးတက်မှုကို အရှိန်အဟုန်နဲ့ တိုးမြှင့်ဖော်ဆောင်ရေး တို့ကို မြှင့်တင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို “ပေါင်းစပ်လုပ်ဆောင်မှုများ” က အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်တွန်းအားပေးနေပြီး အပြန်အလှန်ချိတ်ဆက်မှုများကို ဖြစ်ပေါ်စေကာ တစ်ကိုယ်တည်းရုတ်တရက်တိုးဝင်ခြင်း၊ တစ်ခုကိုပစ်မှတ်ထားတာကြောင့် တစ်ခုကိုဆုံးရှုံးရခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုမညီမျှခြင်း တို့ကို ရှောင်ရှားနိုင်စေပါတယ်။ ဒီနည်းစနစ်ကို ရှီကျင့်ဖိန်က “ ‘ကျောက်တုံးကိုစမ်း၍ မြစ်ဖြတ်ကူးခြင်း’ နဲ့ အဆင့်မြင့်ဒီဇိုင်း ပေါင်းစပ်ခြင်း၊ ပြဿနာဦးတည်ချက် နဲ့ ရည်မှန်းချက်ပန်းတိုင်ဦးတည်ချက် ပေါင်းစပ်ခြင်း၊ ရှေ့ပြေးစမ်းသပ်လုပ်ဆောင်မှု နဲ့ ဘက်စုံမြှင့်တင်မှုကို ပေါင်းစပ်ခြင်း၊ ပြုပြင်ပြောင်းလဲရေး မူဝါဒ ချမှတ်ခြင်းများ နဲ့ ဥပဒေပြုရေး ဆိုင်ရာ မူဝါဒ ချမှတ်ခြင်းများ ပေါင်းစပ်ခြင်း” ဖြစ်တယ်လို့ ရှင်းပြခဲ့ဖူးပါတယ်။

 

△ ကျန်းရှီးပြည်နယ် ကျိုကျန်းမြို့ ကျန်းကျိုးမြို့နယ်ရှိ ယန်ဇီမြစ် ရေလမ်းကြောင်း ဖြစ်သည်။ ဆယ်နှစ်ကျော်ကာလအတွင်း ရှီကျင့်ဖိန်သည် ယန်ဇီမြစ်စီးပွားရေးရပ်ဝန်း လမ်းပြမြေပုံကို ရေးဆွဲခဲ့ပြီး ၎င်းအား ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးနိုင်မှုရှိသော ကုန်းတွင်းမြစ်စီးပွားရေးရပ်ဝန်းနှင့် ဂေဟစနစ်ယဉ်ကျေးမှုတည်ဆောက်ရေး၏ ရှေ့ဆောင်သရုပ်ပြဇုန် အဖြစ် တည်ဆောက်ခဲ့သည်။

 

△ ဟိုင်နန်ပြည်နယ် ရှို့ယင်းဆိပ်ကမ်း ဖြစ်သည်။ ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း တည်ဆောက်မှုကို အဆက်မပြတ် တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

 

 “ကျားထိုးပွဲတစ်ပွဲ” ကို အာရုံစိုက်ပြီး စနစ်ပေါင်းစည်းမှုကို အလေးထားကာ အလုံးစုံ အယူအဆနဲ့ စနစ်ကျတဲ့တွေးခေါ်မှုဖြင့် စီစဉ်ကြံဆ၍တွန်းအားပေးခြင်းကို လိုက်နာဆောင်ရွက်ပါတယ်။ ဒါဟာ ရှီကျင့်ဖိန်ရဲ့ ပြုပြင်ပြောင်းလဲရေး “နည်းလမ်း”ရဲ့ နောက်တစ်နည်း ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အစည်းအဝေးနှစ်ရပ် ကျင်းပစဉ်ကာလအတွင်း ရှီကျင့်ဖိန်ဟာ ၎င်းပါဝင်နေတဲ့ အတွင်းမွန်ဂိုလီးယားကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ဂေဟစနစ်ပတ်ဝန်းကျင် ကုစားရေးအကြောင်း ဆွေးနွေးတဲ့အခါ ရှီကျင့်ဖိန်က “တောတောင်ရေမြေ၊ မြစ်ချောင်းအင်းအိုင်၊ မြက်ခင်းပြင်၊ သဲတို့အား စနစ်တကျ ကုစားရေးကို ဘက်ပေါင်းစုံမှစီမံခန့်ခွဲဆောင်ရွက်ရာမှာ ‘သဲ’ ဆိုတဲ့စကားလုံးတစ်လုံးကို ဖြည့်ထည့်ရမယ်” လို့ ပြောကြားခဲ့ပါတယ်။

 

ဒီ “သဲ” ဆိုတဲ့စကားလုံးက အဓိပ္ပါယ်လေးနက်လှပါတယ်။ အမျိုးသား ရေရှည်ထာဝရ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်စပ်နေတဲ့ ဂေဟစနစ်ပတ်ဝန်းကျင် ကုစားရေးကို လုပ်ဆောင်ရာမှာ စနစ်ကျတဲ့အယူအဆဖြင့် ဘက်ပေါင်းစုံမှစီမံခန့်ခွဲကာ မြှင့်တင်လုပ်ဆောင် ရမယ်လို့ ရှီကျင့်ဖိန်က ခံယူထားပါတယ်။ ပတ်ဝန်းကျင်ကုစားရေးလုပ်ငန်းမှာ ဒီလိုမျိုးလုပ်ဆောင်ရမှာဖြစ်သလို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းမှာလည်း အတူတူပါပဲ။ “ဂေဟစနစ်ယဉ်ကျေးမှုစနစ် ပြုပြင်ပြောင်းလဲရေး အထွေထွေစီမံကိန်း” က တရုတ်နိုင်ငံ ဂေဟစနစ်တည်ဆောက်ရေးရဲ့ “ရက်မလေးခုနဲ့ တိုင်ရှစ်တိုင်” ကို စိုက်ထူပေးထားပါတယ်။ လုပ်ပိုင်ခွင့်နဲ့ တာဝန် ရှင်းလင်းမှုရှိတဲ့ သဘာဝအရင်းအမြစ်ဝန်ကြီးဌာန၊ ဂေဟစနစ်ပတ်ဝန်းကျင်ဝန်ကြီးဌာနတို့ကို ဖွဲ့စည်းခြင်း၊ ဗဟိုဂေဟစနစ်ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ကြည့်ရေး၊ မြစ်ချောင်းအင်းအိုင်အုပ်ချုပ်ရေးမှူး စတဲ့စနစ်များကို ထူထောင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း…… စတဲ့ ဂေဟယဉ်ကျေးမှုစနစ် ပြုပြင်ပြောင်းလဲမှုများစွာဖြင့် စနစ်တကျစီမံကိန်းချဆောင်ရွက်မှုကို တိုးမြှင့်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအကြား အပြန်အလှန်ဆက်စပ်မှုကို မှန်ကန်စွာ ဆုပ်ကိုင်ထားခဲ့ပါတယ်။ ဒါတွေအားလုံးကို ရှီကျင့်ဖိန်ရဲ့ ဂေဟစနစ်ယဉ်ကျေးမှု အတွေးအခေါ်ရဲ့ လမ်းညွှန်မှုအောက်မှာ အသေးစိတ် လက်တွေ့ဖော်ဆောင်ခဲ့ပါတယ်။

 

△ အတွင်းမွန်ဂိုလီးယားဒေသ Alxa League တွင် သဲကာကွယ်ရေး၊ သဲကုစားရေး စီမံကိန်းများ ဆောင်ရွက်ခဲ့ပြီး ထိုဒေသ၏ ဂေဟစနစ်ကို သဲကန္တာရမဖြစ်စေရန် ထိရောက်စွာ ထိန်းသိမ်းကာကွယ်ပေးခဲ့သည်။

 

ရှီကျင့်ဖိန် ဦးဆောင်တဲ့ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းဟာ “ဘက်စုံ၍ ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး” “နက်နက်ရှိုင်းရှိုင်း” လုပ်ဆောင်ရန် မလွယ်ကူလှဘူးလို့ တချို့က သုံးသပ်ကြပါတယ်။

 

ဘက်စုံ၍ကျယ်ကျယ်ပြန့်ပြန့်ရှိခြင်းဆိုတာ အစိတ်စိတ်အမွှာမွှာ ပြင်ဆင်ဆောင်ရွက်နေလို့မဖြစ်၊ တစ်စိတ်တစ်ပိုင်းပဲ ပြုပြင်လို့လည်းမဖြစ်လို့ အဓိပ္ပါယ်ရပါတယ်။ “ဘက်စုံ စနစ်တကျ ပြုပြင်ပြောင်းလဲမှုနဲ့ တိုးတက်မှု ဖြစ်ရပြီး ကဏ္ဍစုံ ပြုပြင်ပြောင်းလဲမှုနဲ့ တိုးတက်မှုကို ပေါင်းစပ်စုစည်းခြင်း ဖြစ်ရတယ်” လို့ ရှီကျင့်ဖိန်က ပြောကြားခဲ့ပါတယ်။

 

နက်ရှိုင်းခြင်း ဆိုတာ အပေါ်ယံလုပ်ဆောင်နေ၍မဖြစ်လို့ အဓိပ္ပါယ်ဆောင်နေပါတယ်။ “အခက်အခဲကို ရင်ဆိုင်ဝံ့ရမယ်၊ အန္တရာယ်ရှိတဲ့သောင်ပြင်မှာ စွန့်စားဝံ့ရမယ်” လို့ ရှီကျင့်ဖိန်က ပြောကြားခဲ့ပါတယ်။

 

နောက်တစ်ပိုင်းမှာ ခေတ်သစ်တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ တရုတ်အသွင်ပုံစံ ခေတ်မီမှုအကြား ဆက်စပ်မှုအကြောင်း မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။