“တွေးခေါ်မှုစွမ်းအား” ခေတ်သစ်တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒအကြောင်း လေ့လာခြင်း(အပိုင်း-၁)

(GMT+08:00)2024-07-12 17:47:40  

အမှာစာ - ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုဟာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးရာ စီမံအုပ်ချုပ်မှုရဲ့ အခြေခံအမျိုးသားမူဝါဒတစ်ရပ်ဖြစ်ပါတယ်။ ၎င်းကို ၁၉၇၈ ခုနှစ် တိန့်ရှောင်ဖိန် ကြီးမှူးကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီ ၁၁ ကြိမ်မြောက်ဗဟိုကော်မတီ  တတိယအကြိမ်စုံညီအစည်းအဝေးမှာ စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ရှီကျင့်ဖိန် ကြီးမှူးကျင်းပတဲ့ ၁၈ ကြိမ်မြောက်ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးမှာ ဘက်စုံနက်ရှိုင်းအောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက်ဗဟိုကော်မတီရဲ့ တတိယအကြိမ်စုံညီအစည်းအဝေးကို မကျင်းပခင်မှာ “တွေးခေါ်မှုစွမ်းအား” ကနေတစ်ဆင့် ခေတ်သစ်တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒအကြောင်း နားလည်သိရှိစေမှာဖြစ်ပါတယ်။

 

အပိုင်း ၁ - အခက်ခဲဆုံးပုစ္ဆာကို ဖြေရှင်းပြီး ရေရှည်ရည်မှန်းချက်ပန်းတိုင်ကြီးဆီသို့ အရောက်လှမ်းခြင်း


ကုန်းပြင်မြင့်ညောင်ပင်ဟာ တရုတ်နိုင်ငံတောင်ပိုင်းမှာ အတွေ့များတဲ့ အပင်မျိုးစိတ် ဖြစ်ပါတယ်။ ရှင်သန်နိုင်စွမ်းအားကောင်းပြီး မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိကာ ပြောင်းရွှေ့စိုက်ပျိုးရာမှာ ရှင်သန်လွယ်တဲ့အပြင် ရှင်သန်တက်ကြွခြင်း၊ အကျိုးပြုနိုင်ခြင်း စတဲ့ အနက်အဓိပ္ပာယ်တွေရှိပါတယ်။


ကွမ်တုန်းပြည်နယ် စန်းကျန့်မြို့ဟာ တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုရဲ့ ဗိသုကာကြီး တိန့်ရှောင်ဖိန်က ၁၉၇၉ ခုနှစ်မှာ ကိုယ်တိုင်ထူထောင်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ပထမဆုံးအထူးစီးပွားရေးဇုန်ဖြစ်ပါတယ်။ စန်းကျန့်မြို့ဟာ တိုတောင်းလှတဲ့ နှစ် ၃၀ အတွင်းမှာ လူဦးရေ ၃ သောင်းတောင်မရှိတဲ့ မြို့လေးကနေ လူဦးရေ ၁၈ သန်းနီးပါးရှိတဲ့ ကမ္ဘာ့အဆင့် ခေတ်မီမြို့ပြကြီးအဖြစ် တိုးတက်လာခဲ့ပါတယ်။ ဒါ့အပြင် နှစ်စဉ်ပျမ်းမျှ GDP တိုးတက်မှုနှုန်း ၂၄.၈% နဲ့ ကမ္ဘာကိုအံ့အားသင့်စေတဲ့ “စန်းကျန့်အံ့ဖွယ်” ကို ဖန်တီးခဲ့တာကြောင့် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုရဲ့ ကိုယ်စားပြုစကားလုံး ဖြစ်လာခဲ့ပါတယ်။


စန်းကျန့်မြို့မှာ ဇာတ်လမ်းရှိတဲ့ ကုန်းပြင်မြင့်ညောင်ပင်နှစ်ပင်ရှိပါတယ်။


တစ်ပင်ကတော့ ၁၉၉၂ ခုနှစ် ဇန်နဝါရီလတုန်းက တိန့်ရှောင်ဖိန် စန်းကျန့်မြို့ကို လာရောက်လေ့လာစဉ်က စိုက်ပျိုးခဲ့တာပါ။ နောက်တစ်ပင်ကတော့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တုန်းက ထိုစဉ်က တရုတ်နိုင်ငံရဲ့အဆင့်အမြင့်ဆုံးခေါင်းဆောင် ရှီကျင့်ဖိန် ကွမ်တုန်းပြည်နယ်ကို လာရောက်ကွင်းဆင်းလေ့လာစဉ်မှာ စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ ထိုနေ့က ရှီကျင့်ဖိန်  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရပြီးနောက် ၂၄ ရက်မြောက်နေ့ ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ ရှီကျင့်ဖိန်ဟာ ရှေ့သို့လှမ်းချီလျှောက်လှမ်းနေတဲ့ တိန့်ရှောင်ဖိန်ကြေးရုပ်ထုကို ပန်းခြင်းနဲ့ဂါရဝပြုကာ သုံးကြိမ်တိုင် ဦးညွှတ်ခဲ့ပြီး တောင်ထိပ်ကနေ စန်းကျန့်မြို့ရဲ့ မြင်ကွင်းအပြည့်အစုံကို ကြည့်ရှုခဲ့ပါတယ်။

△ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် စန်းကျန့်မြို့ လျန်ဟွားစန်းပန်းခြံ၌ ရှီကျင့်ဖိန် ကုန်းမြင့်ညောင်ပင်တစ်ပင် စိုက်ပျိုးနေစဉ်

 

အဆိုပါလေ့လာရေးခရီးစဉ်အတွင်း ရှီကျင့်ဖိန်က လာရင်းအကြောင်းကို ပြောကြားခဲ့ပါတယ်။ “ကွမ်တုန်းကို လာရောက်ရတဲ့အကြောင်းရင်းက တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုမှာ ဦးဆောင်နေတဲ့နေရာကို လာရောက်တာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှု သမိုင်းဖြစ်စဉ်ကို ပြန်လည်အောက်မေ့ပြီး ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုကို ဆက်လက်တိုးမြှင့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။” ရှေ့လူကြီးတို့ခြေရာနင်းပြီး အတိတ်အကြောင်းကို ပြန်လည်သတိရကာ လက်ရှိအခြေအနေကိုထိတွေ့တဲ့ အဲ့ဒီလေ့လာရေးခရီးစဉ်မှာ ရှီကျင့်ဖျင်က “ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုဟာ ယနေ့ခေတ် တရုတ်နိုင်ငံကံကြမ္မာကို ဆုံးဖြတ်ပေးတဲ့ အဓိကအချက်တစ်ချက်ဖြစ်တယ်” လို့ ညွှန်ပြခဲ့ပြီး ပါတီတစ်ရပ်လုံးနဲ့ တစ်နိုင်ငံလုံးကို ခေတ်သစ်မှာ “ပြုပြင်ပြောင်းလဲမှုကို မရပ်နားရန်၊ တံခါးဖွင့်လှစ်မှုကို မရပ်နားရန်” စည်းရုံးရေးအမိန့်ပေးခဲ့ပါတယ်။

 


“ကျောက်တုံးကိုစမ်း၍ မြစ်ကိုဖြတ်” ရာကနေ “တံတားနဲ့လှေ” ရဲ့ပြဿနာကို ဖြေရှင်းခြင်း


“ကျောက်တုံးကိုစမ်း၍ မြစ်ကိုဖြတ်ခြင်း” ဆိုတာ တိန့်ရှောင်ဖိန် ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုလုပ်ငန်းမှာ ကျင့်သုံးတဲ့ အရေးပါနည်းလမ်းဖြစ်ပါတယ်။ ၎င်းဟာ အရပ်ထဲကအသိပညာကြွယ်ဝတဲ့ တရုတ်နိုင်ငံရဲ့ ဆိုရိုးစကားတစ်ခွန်းဖြစ်တဲ့ “ကျောက်တုံးကိုစမ်း၍ ခြေလှမ်းတစ်လှမ်း ငြိမ်ငြိမ်လှမ်းပြီးမှ နောက်တစ်လှမ်း လှမ်းပါမယ်” ဆိုတာကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုဆိုတဲ့ ရှေးယခင်က လုပ်ဆောင်ခဲ့ဖူးသူမရှိတဲ့ လုပ်ငန်းအသစ်ကြီးအတွက် “လက်ရှိမှာ စူးစမ်းလေ့လာတဲ့ အဆင့်ပဲရှိသေးပြီး ရေအတိမ်အနက်ကို သေချာမသိရသေးပါဘူး။ တစ်လှမ်းလှမ်းပြီး အခြေအနေကြည့်ရပါမယ်။ ခြေနှစ်ဖက်လုံး ညီမျှစွာ လျှောက်လှမ်းရမှာဖြစ်ပြီး ခြေလှမ်းမှားသွားရင် ပြန်ရုတ်ပြီး အစကပြန်လျှောက်ရမှာ ဖြစ်ပါတယ်။ ရေထဲကျသွားလို့လည်းမရပါဘူး။” ဒါကတော့ ၁၉၈၀ ခုနှစ်ပိုင်းကာလ အစောပိုင်းက ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုကို စတင်ဖော်ဆောင်ခါစမှာ တရုတ်နိုင်ငံရဲ့ တရားဝင်ထုတ်ပြန်ချက်တစ်ခုက “ကျောက်တုံးကိုစမ်း၍ မြစ်ကိုဖြတ်ခြင်း” အပေါ် ရှင်းလင်းပြောကြားချက်ပဲဖြစ်ပါတယ်။ ၎င်းဟာ အတွေ့အကြုံမပြည့်ဝသေးတဲ့အချိန်မှာ ဘယ်လိုစူးစမ်းပြီး ရှေ့သို့ချီတက်ရမလဲဆိုတာကို သက်ဝင်လှုပ်ရှားစွာ၊ တိကျစွာနဲ့ အသေးစိတ်ကျကျ ဖော်ပြထားပါတယ်။


တရုတ်ကွန်မြူနစ်ပါတီရဲ့ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ငါးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ပါတီရဲ့ အရေးကြီးကိစ္စရပ်တွေကို ဆွေးနွေးဆုံးဖြတ်တယ်ဆိုတာကို တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံရေးရာ စီမံအုပ်ချုပ်မှုကို ဘယ်လိုဆောင်ရွက်သလဲဆိုတာ နားလည်သိရှိတဲ့လူတိုင်း သိနိုင်ပါတယ်။ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ တစ်ကြိမ်နဲ့တစ်ကြိမ် အကြားမှာ ပုံမှန်အားဖြင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ စုံညီအစည်းအဝေး (ပါတီ ဗဟိုကော်မတီ စုံညီအစည်းအဝေး လို့ အတိုကောက်ရည်ညွှန်းပါတယ်) ခုနစ်ကြိမ် ကျင်းပလေ့ရှိပြီး ဝန်ထမ်းရေးရာ၊ လူမှုရေး၊ စီးပွားရေး၊ ပါတီတည်ဆောက်ရေး စတဲ့ ကဏ္ဍတွေကို စီမံဆောင်ရွက်ပါတယ်။ ဒါပေမဲ့ ဒီတစ်ချက်ကိုတော့ သင်သိချင်မှသိမှာပါ။ ၁၉၇၈ ခုနှစ် ဒီဇင်ဘာလက တိန့်ရှောင်ဖိန် ဦးဆောင်ကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက် ပါတီ ဗဟိုကော်မတီ တတိယအကြိမ်စုံညီအစည်းအဝေးမှာ “အတွင်းပိုင်း ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ပြီး ပြင်ပသို့ တံခါးဖွင့်လှစ်ခြင်း” ကာလကို စတင်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး ဆက်တိုက် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးလုပ်ဆောင်ခဲ့ပါတယ်။ ထိုအချိန်မှစပြီး ပါတီ ဗဟိုကော်မတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးတွေမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတိုင်းမှာ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုကို ဘယ်လိုနက်ရှိုင်းစွာတိုးမြှင့်လုပ်ဆောင်မလဲဆိုတာကို အလေးထား ဆွေးနွေးခဲ့ပါတယ်။ ဥပမာအားဖြင့် ၁၉၈၄ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၁၂ ကြိမ်မြောက် ပါတီ ဗဟိုကော်မတီရဲ့ တတိယအကြိမ်စုံညီအစည်းဝေးမှာ မြို့ပြကိုအဓိကထားတဲ့ စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲမှုကို စီမံဆောင်ရွက်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ၁၄ ကြိမ်မြောက် ပါတီ ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးမှာ ဆိုရှယ်လစ်  စျေးကွက် စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲရေးကို မိတ်ဆက်ပေးခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုဟာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေးရာစီမံအုပ်ချုပ်မှုရဲ့ အခြေခံအမျိုးသားမူဝါဒ ဖြစ်လာခဲ့ပါတယ်။


ရှီကျင့်ဖိန် စန့်ကျန့်မြို့ကို သွားရောက်ကာ ကုန်းပြင်မြင့် ညောင်ပင် စိုက်ပျိုးခဲ့ပြီး နောက်တစ်နှစ်ဖြစ်တဲ့ ၂၀၁၃ ခုနှစ်ဟာ တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ဗဟိုကော်မတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေး ကျင်းပခဲ့တဲ့နှစ်ဖြစ်ပြီး ပါတီရဲ့ ခေါင်းဆောင်အဖွဲ့သစ်က ပြုပြင်ပြောင်းလဲမှုကို ဘယ်လိုဆက်လက်တိုးမြှင့်လုပ်ဆောင်မလဲ ဆိုတာဟာ တစ်ကမ္ဘာလုံးက အာရုံစိုက်တဲ့ အကြောင်းအရာ ဖြစ်လာပါတယ်။ ထိုအချိန်မှာ တရုတ်နိုင်ငံက သမိုင်းအချိုးအကွေ့သစ်တစ်ခုကို ရောက်ရှိနေပြီး အရေးကြီးအကြောင်းကိစ္စများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြည်တွင်းကို လေ့လာကြည့်ပါက ဆယ်စုနှစ်အချို့တိုင်အောင် အရှိန်အဟုန်နဲ့တိုးတက်နေခဲ့ပြီး “တိုးတက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ရှုပ်စရာတွေ” တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ပြည်သူတို့ရဲ့ သာယာကောင်းမွန်တဲ့ဘဝလိုအပ်ချက်တွေက စုံလင်များပြားလာပြီး ဖွံ့ဖြိုးတိုးတက်မှု ဟန်ချက်ညီမှုမရှိ၊ ပြည့်ဝမှုမရှိတဲ့ ပြဿနာတွေ ပိုမိုသိသာလာပါတယ်။ တစ်ကမ္ဘာလုံးကိုကြည့်ရင်လည်း ကမ္ဘာကြီးက ရာစုနှစ်တစ်ခုအတွင်း မကြုံခဲ့ဖူးတဲ့ အပြောင်းအလဲကြီးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အသစ်ဖြစ်ပေါ်လာတဲ့ သိပ္ပံနည်းပညာတော်လှန်ရေး နဲ့ စက်မှုတော်လှန်ရေးတို့ အရှိန်ကောင်းနေဆဲဖြစ်ပြီး ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွားကာကွယ်မှုဝါဒနဲ့ “ဂလိုဘယ်လိုက်ဇေးရှင်းအား ဆန့်ကျင်မှု” အယူအဆတွေ ဦးမော့လာနေပါတယ်။ ပြည်တွင်းနဲ့ပြည်ပမှ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရချိန်မှာ ရာထူးသက်တမ်း တစ်နှစ်သာရှိသေးတဲ့ ရှီကျင့်ဖိန်က လက်ရှိအခြေအနေကို သုံးသပ်ပြီး တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုရဲ့ သမိုင်းဝင် ဦးတည်ချက်အသစ်ကို ဆုပ်ကိုင်ထားကာ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ် “ရေနက်ပိုင်းဇုန်” သို့ ဝင်ရောက်လာပြီလို့ ကွက်ကွက်ကွင်းကွင်း အတည်ပြုခဲ့ပါတယ်။

 

△ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ အကြီးစားစက်ပစ္စည်းထုတ်လုပ်ရုံတွင် အလုပ်သမားတစ်ဦးက ထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ်။ ပြုပြင်ပြောင်းလဲရေးကို ဘက်စုံနက်ရှိုင်းစွာ လုပ်ဆောင်၍ ခက်ခဲသောပြဿနာများကို ဖြေရှင်းပြီး အရှေ့မြောက်ပိုင်းရှိ စက်မှုလုပ်ငန်းအခြေစိုက်စခန်းဟောင်းများ ဘက်စုံတိုးတက်မှုရှိစေရန် တွန်းအားပေးသည်။

 

ဒီအခြေအနေသစ်မှာ တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက်ဗဟိုကော်မတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးက ရှီကျင့်ဖိန် ကိုယ်တိုင်ဦးဆောင်ပြီး ရေးဆွဲခဲ့တဲ့ “တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးနှင့်စပ်လျဉ်းသည့် အရေးကြီးပြဿနာအချို့ဆိုင်ရာ ဆုံးဖြတ်ချက်များ” ကို ဆွေးနွေးအတည်ပြုခဲ့ပါတယ်။ ၁၉၇၈ ခုနှစ် ၁၁ ကြိမ်မြောက် ဗဟိုကော်မတီရဲ့ တတိယအကြိမ်စုံညီအစည်းအဝေး အပြီးမှာ တရုတ်နိုင်ငံရဲ့ ခေတ်သစ် ပြုပြင်ပြောင်းလဲရေး နောက်တစ်ကြိမ်ကို မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးကို ဘက်စုံနက်ရှိုင်းစွာ လုပ်ဆောင်တဲ့၊ အလုံးစုံစနစ်ကျတဲ့ဒီဇိုင်းဖြင့် ပြုပြင်ပြောင်းလဲရေးကို မြှင့်တင်လုပ်ဆောင်တဲ့ ခေတ်သစ်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ယင်းကို စမှတ်သစ်အဖြစ် မှတ်ယူပြီး ရှီကျင့်ဖိန်ရဲ့ ဦးဆောင်မှုအောက်မှာ တရုတ်နိုင်ငံဟာ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးအတွက် ရွက်လွှင့်ခဲ့ပြီး “ရေနက်ပိုင်းဇုန်” ရဲ့ အနက်ရှိုင်းဆုံးနေရာအထိ ရောက်အောင်သွားခဲ့ပါတယ်။

 

△ ရှုံအန်းဒေသသစ် ဆင်ခြေဖုံးဒေသရှိ ဥယျာဉ်ကို ဝေဟင်မှရိုက်ကူးထားပုံ။ ၂၀၁၇ ခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံက ရှုံအန်းဒေသသစ် တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ စမတ်နည်းပညာအသုံးပြုခြင်း၊ သဘာဝ ပတ်ဝန်းကျင်နဲ့ ညီညွတ်ခြင်း၊ ဆန်းသစ်တီထွင်ခြင်းတို့ကို ကိုယ်စားပြုသည့် ရှုံအန်းဒေသသစ်သည် မြို့တစ်မြို့သက်သက်သာမဟုတ်ဘဲ တရုတ်အသွင်ပုံစံ ခေတ်မီမှု တည်ဆောက်ရေးအတွက် စံနမူနာဖြစ်ပြီး ကမ္ဘာ့အဆင့်မီ ခေတ်မီမြို့ပြတို့အတွက် တရုတ်စံနမူနာလည်း ဖြစ်သည်။

 

ပြုပြင်ပြောင်းလဲမှုကို ဘက်စုံနက်ရှိုင်းစွာ လုပ်ဆောင်ရာမှာ ဘယ်လိုဘက်ပေါင်းစုံမှုရှိပြီး ဘယ်အထိ နက်ရှိုင်းသလဲလို့ တချို့က မေးချင်ပါလိမ့်မယ်။ ဒီမေးခွန်းအတွက် ခေတ်သစ်ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်ဦးရွက်ပြုသူ ရှီကျင့်ဖိန်က အဖြေပေးထားပါတယ်။ တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲမှုကို “ရေနက်ပိုင်းဇုန်” အထိ ဝင်ရောက်လုပ်ဆောင်နေတာကြောင့် အားသန်တဲ့ရေစီးကြောင်းတွေ၊ အန္တရာယ်များတဲ့သောင်ခုံတွေ ပြည့်နှက်နေတဲ့ ပြုပြင်ပြောင်းလဲရေးလမ်းခရီးရဲ့ ခက်ခဲကြမ်းတမ်းမှုနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေသူများရဲ့ ပခုံးထက်မှာ ထမ်းရွက်ထားတဲ့ တာဝန်တွေ ကြီးလေးမှုကို တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ စုန့်ခေတ် စာပေပညာရှင် စူးစွတ်ရဲ့ “အခက်ခဲဆုံးပုစ္ဆာကို ဖြေရှင်းပြီး ရေရှည်ရည်မှန်းချက်ပန်းတိုင်ကြီးဆီသို့ အရောက်လှမ်းမယ်” ဆိုတဲ့ ကဗျာစာသားကို ကိုးကားပြီး ရှီကျင့်ဖိန်က ခေတ်သစ် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေသူရဲ့ ရင်တွင်းစကားကို ယခုလို ဖော်ပြခဲ့ပါတယ်။ “အခက်ခဲဆုံးနေရာကို ထိုးဖောက်ပြီး ရေရှည်ရည်မှန်းချက်ပန်းတိုင်ကို ကြိုးပမ်းအကောင်အထည်ဖော်ပါတယ်။” ရှီကျင့်ဖိန်က သီအိုရီနဲ့ လက်တွေ့လုပ်ဆောင်ခြင်း ဆိုတဲ့ တာဝန်နှစ်ရပ်ကို ထမ်းရွက်ပြီး “ရေနက်ပိုင်းဇုန်” မှာ “မြစ်ကိုဖြတ်ကူးရန်” တာဝန်ကို ကိုင်တွယ်ဆောင်ရွက်ခဲ့ကာ “တံတား နဲ့ လှေ” ဆိုတဲ့ ခက်ခဲနက်နဲတဲ့ပုစ္ဆာတွေကို ကြိုးပမ်းဖြေရှင်းခဲ့ပါတယ်။ သူအဆိုပြုခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးကို ဘက်စုံနက်ရှိုင်းစွာလုပ်ဆောင်ရေး မဟာဗျူဟာမြောက်အစီအစဉ်မှာ သိပ္ပံနည်းကျ သီအိုရီတွေနဲ့ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရန်နည်းလမ်းတွေ ရှိနေတဲ့အပြင် ၁၉၇၈ ခုနှစ်ကစပြီး ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှု မူဝါဒကို ကျင့်သုံးလာခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အကြွယ်ဝဆုံး၊ အကျယ်ပြန့်ဆုံး၊ စည်းစနစ်အကျဆုံး ပြုပြင်ပြောင်းလဲမှုအစီအစဉ် ဖြစ်လာခဲ့ပါတယ်။

 

ဒီအစီအစဉ်အတိုင်း ပြုပြင်ပြောင်းလဲမှု ဘက်စုံနက်ရှိုင်းမှုရှိစေရေး အထွေထွေရည်မှန်းချက်ကို ဦးထိပ်ထားပြီး ရှီကျင့်ဖိန်က ခေတ်သစ်မှာ အမျိုးသားစနစ်နဲ့ စီမံအုပ်ချုပ်ရေးစနစ် တည်ဆောက်ရေးကို မြှင့်တင်ရန်အတွက် လမ်းပြမြေပုံကို ဦးစွာ ရေးဆွဲခဲ့ပါတယ်။ နိုင်ငံရေးရာ စီမံအုပ်ချုပ်ရေးစနစ်နဲ့ စီမံအုပ်ချုပ်ရေးစွမ်းရည် ခေတ်မီတိုးတက်စေရေးကို အဓိကထားပြီး ရှီကျင့်ဖိန်က “ဉာဏ်ပညာဖြင့် အကြောင်းကိစ္စများကို စီမံဆောင်ရွက်ရမည်၊ ဉာဏ်အမြော်အမြင်ကြီးစွာဖြင့် စနစ်ယန္တရားများကို စီမံဆောင်ရွက်ရမည်” ဆိုတဲ့ တရုတ်လူမျိုးတို့ရဲ့ နိုင်ငံရေးရာစီမံအုပ်ချုပ်မှုဆိုင်ရာ အစဉ်အလာ အတွေးအခေါ်ကို လိုက်နာကာ စနစ်တည်ဆောက်ရေးကို သိသာပေါ်လွင်မှုရှိစေပါတယ်။ ဒါဟာ ပြုပြင်ပြောင်းလဲမှု ဘက်စုံနက်ရှိုင်းစေရေး မဟာဗျူဟာရဲ့ အထင်ရှားဆုံး ထူးခြားချက်  ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံကို စီမံအုပ်ချုပ်ရာမှာ စနစ်က အခြေခံအကျဆုံးနဲ့ အလုံးစုံ ရေရှည် အခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။ ဆက်လက်ပြီး ရှီကျင့်ဖိန်က တရားဥပဒေနဲ့အညီ နိုင်ငံစီမံအုပ်ချုပ်ရာမှာ အရေးပါလှတဲ့ ပြုပြင်ပြောင်းလဲမှုအစီအမံ အချက် ၁၉၀ ကို အဆိုပြုခဲ့ပြီး တရားဥပဒေနဲ့အညီ ဘက်စုံနိုင်ငံစီမံအုပ်ချုပ်မှုကို ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးရဲ့ အားအကောင်းဆုံး စနစ်အာမခံချက် ဖြစ်လာစေပါတယ်။ ဒါဟာ “ပေါင်းကူးတံတားတည်ဆောက်ရေး” ဆိုင်ရာ ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

△ ချုံချင့်မြို့တွင် တရားသူကြီးများ ကျေးလက်သို့ကွင်းဆင်း၍ ထူကျားတိုင်းရင်းသူများအား တရားမဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဥပဒေ ဆိုင်ရာ ဥပဒေဗဟုသုတများကို မိတ်ဆက်ပေးနေစဉ်။

 

ဆက်လက်ပြီး တရုတ်ကွန်မြူနစ်ပါတီ ၁၉ မြောက်ဗဟိုကော်မတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးမှာ ပါတီနဲ့ နိုင်ငံ့အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆုံးဖြတ်ချက်များနဲ့ အစီအစဉ်များကို ဆွေးနွေးအတည်ပြုခဲ့ပြီး ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုလုပ်ငန်း ဆောင်ရွက်ခဲ့စဉ်အတွင်း အကြီးမားဆုံးသော အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲမှု ကန့်လန့်ကာကို ဖွင့်လှစ်ခဲ့ကာ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးအတွက် အဖွဲ့အစည်းဆိုင်ရာ အာမခံချက်များ ပေးအပ်ခဲ့ပါတယ်။ ဒါကိုလည်း “လှေ” ပြဿနာကို ဖြေရှင်းနိုင်ခဲ့တယ်လို့ ကွက်ကွက်ကွင်းကွင်း ဥပမာပေးနိုင်ပါတယ်။ ယခုနှစ် ၂၀ ကြိမ်မြောက်ဗဟိုကော်မတီရဲ့ တတိယအကြိမ်စုံညီအစည်းအဝေး မကျင်းပခင်မှာ ရှီကျင့်ဖိန်က စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး “တရုတ်ဝိသေသဆောင်တဲ့ ခေတ်မီစီးပွားရေးလုပ်ငန်းစနစ်များ ပြည့်စုံမှုရှိစေရေး သဘောထားအကြံပြုချက်များ” စတဲ့ ပြုပြင်ပြောင်းလဲမှုအစီအစဉ်များကို ဦးဆောင်ဆွေးနွေး စိစစ်ခဲ့ပါတယ်။ “ပြုပြင်ပြောင်းလဲမှုကို ဘက်စုံနက်ရှိုင်းစွာ လုပ်ဆောင်ရာမှာ တရုတ်အသွင်ပုံစံခေတ်မီမှုဆိုတဲ့ အဓိကခေါင်းစဉ်ကို အချိတ်အဆက်မိမိ မြှင့်တင်ဆောင်ရွက်ရမယ်” လို့ အဆိုပြုခဲ့ပြီး ၂၀ ကြိမ်မြောက်ဗဟိုကော်မတီ တတိယအကြိမ်စုံညီအဝေးရဲ့ တိကျတဲ့အချက်ပြမှုကို ဖော်ပြခဲ့ပါတယ်။

 

△ ကျန်းစူးပြည်နယ် ရန်ချန်မြို့ တာ့ဖုန်းဒေသသည် ကမ္ဘာပေါ်တွင် ကမ်းလွန်လေအားလျှပ်စစ်ပစ္စည်းများ အထွေထွေထုတ်လုပ်မှုစွမ်းရည် အကြီးမားဆုံး အခြေစိုက်စခန်းများအနက် အပါအဝင်ဖြစ်သည်။ ဆယ်နှစ်တာအတွင်း တရုတ်နိုင်ငံသည် အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်းစွာ ဖွံ့ဖြိုးတိုးတက်ရေး အယူအဆကို လက်ကိုင်ထားခဲ့ပြီး လေအားလျှပ်စစ်ဆိုင်ရာ စုစုပေါင်း စက်တပ်ဆင်မှုပမာဏသည် ကမ္ဘာ့နံပါတ်တစ်နေရာတွင် ရပ်တည်နေခဲ့သည်။

 

တရုတ်နိုင်ငံ ခေတ်သစ်သို့ဝင်ရောက်လာခဲ့တဲ့ ဆယ်နှစ်ကျော်ကာလမှာ ရှီကျင့်ဖိန်က ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးကို နိုင်ငံစီမံအုပ်ချုပ်ရေးရဲ့ အလုံးစုံမဟာဗျူဟာ အခင်းအကျင်းထဲ ထည့်သွင်းခဲ့ပြီး ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးအတွက် အဆင့်မြင့်ဒီဇိုင်းရေးဆွဲမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဖြင့် ဘက်ပေါင်းစုံတဲ့၊ နက်ရှိုင်းတဲ့၊ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးမြှင့်တင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို တစ်စိတ်တစ်ပိုင်း စူးစမ်းလေ့လာခြင်း၊ အခက်အခဲများကိုထိုးဖောက်ခြင်းမှသည် စနစ်တကျစုစည်းခြင်း၊ ဘက်စုံနက်ရှိုင်းစေခြင်း ဆိုတဲ့ သမိုင်းဝင်အပြောင်းအလဲ ဖြစ်လာစေခဲ့ပါတယ်။


နောက်တစ်ပိုင်းမှာ ရှီကျင့်ဖိန် ဦးဆောင်ဦးရွက်ပြုတဲ့ ခေတ်သစ် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှုများဆိုင်ရာ နည်းလမ်းများနဲ့ လက်တွေ့ဆောင်ရွက်မှုခွန်အားများကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။