CGTN ပြည်သူ့စစ်တမ်း - တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းက ကမ္ဘာကြီးအတွက် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိ၊ တရုတ်နိုင်ငံရဲ့ ခွန်အားများကို ကမ္ဘာတစ်ဝန်းမှ စစ်တမ်းဖြေဆိုသူများက ပိုမိုမျှော်လင့်နေကြ

(GMT+08:00)2024-07-11 16:09:23  

မကြာမီကျင်းပတော့မယ့် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေကြပါတယ်။ တရုတ်နိုင်ငံက တရုတ်အသွင်ပုံစံခေတ်မီမှုဖြင့် ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးကို တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိပါတယ်။ စစ်တမ်းဖြေဆိုသူ ၇၆.၉% က တရုတ်နိုင်ငံရဲ့ အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်မှုရလဒ်များကို များစွာအသိအမှတ်ပြုကြပြီး တရုတ်နိုင်ငံရဲ့ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းက ကမ္ဘာကြီးအတွက် အခွင့်အလမ်းများ ပိုမိုယူဆောင်လာပေးမယ်လို့ မျှော်လင့်နေကြတယ်လို့ China Media Group CGTN က ကမ္ဘာတစ်ဝန်းမှ စစ်တမ်းဖြေဆိုသူများကို ကောက်ယူထားတဲ့ ပြည်သူ့စစ်တမ်း ၃ခုမှာ ဖော်ပြနေပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပပြီးကတည်းက ပြုပြင်ပြောင်းလဲရေးမူဝါဒ အချက် ၂၀၀၀ ကျော်ကို အကောင်အထည်ဖော်ဆောင်ခဲ့ပါတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ ဂေဟစနစ်ယဉ်ကျေးမှု တည်ဆောက်ရေး စတဲ့နယ်ပယ်များစွာမှာ ဖော်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ စစ်တမ်းမှာ ဖြေဆိုသူ ၈၀.၃% က တရုတ်နိုင်ငံရဲ့စီးပွားရေး ယုံကြည်ချက်အပြည့်ရှိမှုကို ချီးကျူးကြပြီး ဒါက ကမ္ဘာကြီးအတွက် အကျိုးကျေးဇူးတွေ ပိုမိုယူဆောင်လာပေးလိမ့်မယ်လို့ ယူဆကြပါတယ်။ ဖြေဆိုသူ ၈၅.၂% ကလည်း တရုတ်နိုင်ငံရဲ့စီးပွားရေး ရေရှည် ကောင်းမွန်တည်ငြိမ်တဲ့ တိုးတက်မှုအလားအလာရှိတာကို အကောင်းမြင်ကြပါတယ်။ ဖြေဆိုသူ ၉၃.၂% က တရုတ်နိုင်ငံရဲ့ သိပ္ပံနည်းပညာစွမ်းပကား တိုးတက်အားကောင်းမှုအပေါ် ချီးကျူးကြပါတယ်။ ဖြေဆိုသူ ၈၅.၄% က လွတ်လပ်စွာ ဆန်းသစ်တီထွင်မှုနယ်ပယ်မှာ တရုတ်နိုင်ငံရဲ့ ကြီးမားစွာထည့်ဝင်မှုနဲ့ စိတ်ပိုင်းဖြတ်မှုကို အသိအမှတ်ပြုကြပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ညီညွတ်မှုရှိတဲ့ လုပ်ငန်းတွေက တရုတ်နိုင်ငံ အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းတဲ့ပံ့ပိုးမှုတွေ ပေးအပ်နေတယ်လို့ ဖြေဆိုသူ ၇၈.၅% က ယူဆကြပါတယ်။

ဦးတည်ချက်လားရာက အနာဂတ်ကို အဆုံးအဖြတ်ပေးနေပြီး လမ်းကြောင်းတွေက ကံကြမ္မာနဲ့ ဆက်စပ်နေပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လိုအပ်ချက်သစ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ တရုတ်နိုင်ငံက “ဒေသခံ ထူးခြားချက် ဝိသေသနဲ့လိုက်ဖက်ညီတဲ့ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားများကို ဖော်ဆောင်ရန်” အဆိုပြုခဲ့ပြီး အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကောင်းတဲ့ခွန်အားတွေ ဖြည့်တင်းပေးနေပါတယ်။ ဒါကို ကမ္ဘာတစ်ဝန်းမှ ဖြေဆိုသူ ၈၇.၁% က များစွာအသိအမှတ်ပြုကြပြီး အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားက တရုတ်အသွင်ပုံစံခေတ်မီမှုလုပ်ငန်းစဉ် ပိုမိုမြန်ဆန်ကောင်းမွန်စေရေးအတွက် တွန်းအားပေးနိုင်မယ်လို့ ယူဆကြပါတယ်။ ပြုပြင်ပြောင်းလဲရေးရဲ့ စမှတ်နဲ့ ပန်းတိုင်မှာ ပြည်သူများကို ကောင်းမွန်တဲ့ နေထိုင်မှုဘဝများ ပိုင်ဆိုင်နိုင်စေရေးဖြစ်ပါတယ်။ တရုတ်နိုင်ငံက ပြည်သူ့ဗဟိုပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအယူအဆများကို လက်ကိုင်ထားပြီး ပြုပြင်ပြောင်းလဲရေး ရလဒ်များဖြင့် ပြည်သူတစ်ရပ်လုံးကို ပိုမိုများပြားစွာ၊ ပိုမိုတရားမျှတစွာ အကျိုးပြုနိုင်ရန် အမြဲကြိုးပမ်းနေခြင်းကို ဖြေဆိုသူ ၈၄.၃% က ချီးကျူးကြပါတယ်။ တရုတ်နိုင်ငံရဲ့ “ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရဘူး” ဆိုတဲ့ အယူအဆကို ဖြေဆိုသူ ၉၁.၉% က များစွာအသိအမှတ်ပြုကြပြီး လူနဲ့သဘာဝတရား သဟဇာတရှိရှိ အတူယှဉ်တွဲနေထိုင်နိုင်ရေးကို တွန်းအားပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်နည်းလုပ်ဟန်တွေကို အသိအမှတ်ပြုကြပါတယ်။

ပြုပြင်ပြောင်းလဲရေးကို ဆက်တိုက်နက်ရှိုင်းစွာ လုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံက ကမ္ဘာကြီးအတွက် အခွင့်အလမ်းသစ်တွေ ယူဆောင်လာပေးကာ “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများအတွက် အရေးပါတဲ့ အတုယူလေ့လာနိုင်မှုများနဲ့ အဖိုးတန်အတွေ့အကြုံများ ပံ့ပိုးပေးခဲ့ပါတယ်။ စစ်တမ်းမှာ ဖြေဆိုသူ ၇၉.၆% က ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် တရုတ်နိုင်ငံရဲ့ အရေးပါတဲ့အကျိုးပြုမှုများကို အပြည့်အဝ အသိအမှတ်ပြုကြပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးလုပ်ကိုင်မှုပတ်ဝန်းကျင်က တစ်ကမ္ဘာလုံးမှ ရင်းနှီးမြှုပ်နှံသူများအတွက် ကြီးမားတဲ့ဆွဲဆောင်မှုဖြစ်တယ်လို့ ဖြေဆိုသူ ၇၃.၆% က ယူဆကြပါတယ်။ တရုတ်နိုင်ငံက အဆင့်မြင့်စွာ ပြင်ပသို့တံခါးဖွင့်လှစ်မှုကို ဆက်လက်လုပ်ဆောင်သွားပြီး ကမ္ဘာကြီးအတွက် အခွင့်အလမ်းများ ယူဆောင်လာပေးမယ်လို့ ဖြေဆိုသူ ၇၃.၃% က အခိုင်အမာယုံကြည်ထားပါတယ်။ တရုတ်နိုင်ငံက အဆိုပြုထားတဲ့ “Belt and Road” စီမံချက် စတဲ့ လူထုကိုအကျိုးပြုတဲ့ နိုင်ငံတကာ public goods များက နိုင်ငံအသီးသီးအတွက် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းတွေ ယူဆောင်လာပေးတယ်လို့ ဖြေဆိုသူ ၉၃.၈% က ယူဆကြပါတယ်။ “ဆန်းသစ်တီထွင်မှု” ဖြင့် “အရည်အသွေး” ကိုမြှင့်တင်ပေးတဲ့ တရုတ်စီးပွားရေးက အခြားနိုင်ငံများအတွက် လုံးဝသစ်လွင်တဲ့ မှီငြမ်းကိုးကားနိုင်မှုနဲ့ လေ့လာသင်ယူနိုင်မှုတွေ ပံ့ပိုးပေးနေတယ်လို့ ဖြေဆိုသူ ၈၄.၅% က ယူဆကြပါတယ်။ တရုတ်နိုင်ငံက စီးပွားရေး အရည်သွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံတွေကို ပိုမိုမျှဝေပေးပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် ဖြေဆိုသူ ၇၄% က မျှော်လင့်နေပါတယ်။ တရုတ်နိုင်ငံက အခွင့်အလမ်းတွေပြည့်နှက်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာကြီးအတွက် အခွင့်အလမ်းများ ဆက်တိုက်ပံ့ပိုးပေးလိမ့်မယ်လို့ ဖြေဆိုသူ ၈၁.၉% က ယူဆကြပါတယ်။

အဆိုပါစစ်တမ်းကို ကမ္ဘာတစ်ဝန်းမှ ဖြေဆိုသူ ၁၅၀၃၇ ဦး ပါဝင်ဖြေဆိုခဲ့ကြပါတယ်။ ဒီထဲမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ စပိန်၊ ဩစတြေးလျ စတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများမှာ ပါဝင်ဖြေဆိုခဲ့ကြတဲ့အပြင် ဘရာဇီး၊ ထိုင်း၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အီဂျစ်၊ တောင်အာဖရိက စတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှလည်း ပါဝင်ဖြေဆိုခဲ့ကြပါတယ်။