ရှီကျင့်ဖိန် သည် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ နှင့် တွေ့ဆုံ

(GMT+08:00)2024-07-11 18:08:44  

ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဘေးကျင်မြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ နှင့် တွေ့ဆုံခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များက တရုတ်-ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးသို့ မြှင့်တင်ရန် ကြေညာခဲ့ကြပါသည်။
    ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန် က တရုတ်နှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့သည် ချစ်ခင် ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြကြောင်း၊ နှစ်နိုင်ငံအကြား ချစ်ခင်ရင်းနှီးစွာ ကူးလူး ဆက်ဆံရေးမှာ နှစ်ထောင်ပေါင်းများစွာ ကြာရှည်ကြောင်း၊ နှစ်နိုင်ငံအကြား သံတမန် အဆက်အသွယ်ထားရှိပြီးနောက် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား အထူးသဖြင့် ကမ္ဘာ့ တောင်ဘက်ချမ်းနိုင်ငံများအကြား ချစ်ခင်ရင်းနှိးစွာ ကူးလူးဆက်ဆံပြီး အပြန်အလှန် အကျိုးရှိစေကာ ပူးပေါင်းဆောင်ရွက်သော စံနမူနာများကို ထူထောင်ခဲ့ကြောင်း၊ တရုတ် နိုင်ငံအနေဖြင့် တရုတ်-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ခေါင်းဆောင်ဟောင်းများမှ ထားရှိခဲ့သည့် နက်ရှိုင်းသော ချစ်ကြည်ရေးကို တန်ဖိုးထားချီးကျူးပြီး လာမည့်၂၀၂၅ခုနှစ်တွင် နှစ်နိုင်ငံ အကြား သံတမန်အဆက်အသွယ်ထားရှိသည့် အနှစ် ၅၀ ပြည့်မြောက်ခြင်းကို အခွင့် ကောင်းအဖြစ် ယူကာ Belt and Road အရည်အသွေးမြင့်မားစွာ အတူတကွတည်ဆောက် ရေးကို ဇောက်ချပြုလုပ်၍ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ ဆောင်ရွက်ပြီး တရုတ်-ဘင်္ဂလားဒေ့ရှ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
    ရှိတ်ဟာစီနာ က ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကို လေ့လာအတုယူပြီး နှစ်နိုင်ငံအကြား စီးပွားကုန်သွယ်ရေး၊ အခြေခံ အဆောက်အအုံ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက် မှုများကို တိုးချဲ့ဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို လိုက်နာကျင့်သုံးပြီး ထိုင်ဝမ်အရေးကိစ္စနှင့် ပတ်သက်သော တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ထောက်ခံကာ ပြင်ပအင်အားဖြင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်းကို ကန့်ကွက်၍ ကိုယ်တိုင်အမြုတေအကျိုးစီးပွား ကာကွယ်ထိန်းသိမ်းရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံကြောင်း၊ ဘင်္ဂလားဒေ့ရှ်-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံရေး ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြား ခဲ့ပါသည်။