ရှီကျင့်ဖိန်သည် ဟန်ဂေရီ ဝန်ကြီးချုပ် Orbán Viktorနှင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00)2024-07-08 15:34:25  

     ယခုလ ၈ရက်နေ့ နံနက်ပိုင်းက တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်း တျောက်ယွီထိုင် နိုင်ငံတော် ဧည့်ဂေဟာတွင် ဟန်ဂေရီ နိုင်ငံ ဝန်ကြီးချုပ် Orbán Viktorနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

     ထို့သို့ တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ဟန်ဂေရီ နှစ်နိုင်ငံတို့သည် အဆင့်မြင့် ကူးလူးဖလှယ်မှုကို ထိန်းသိမ်းထားပြီး နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို နက်ရှိုင်းစေကာ မဟာဗျူဟာမြောက် ဆက်သွယ်မှုနှင့် ညှိနှိုင်း၊ ပူးပေါင်းဆောင်ရွက်မှုများကို ရင်းနှီးစွာ ပြုလုပ်၍ အပြန်အလှန် အားပေးထောက်ခံမှုကို ဆက်လက် ခိုင်မာပြတ်သားစွာ ပြုလုပ်သင့်ကြောင်း၊ နယ်ပယ် အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ကို အားဖြည့်ပြုလုပ်ပြီး Belt and Road အရည်အသွေး မြင့်မားစွာ အတူ တည်ဆောက်ကာ တရုတ်-ဟန်ဂေရီ ခေတ်သစ် ရာသီမပြတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး၏ အနှစ်သာရကို ဆက်တိုက် တိုးပွားစေ၍ နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြုသင့်ကြောင်း ပြောကြားခဲ့ပါသည်။

    ထို့အပြင် ရှီကျင့်ဖိန်က တရုတ်နှင့် ဥရောပ အကြား ပထဝီဝင် အရ နိုင်ငံရေး ပဋိပက္ခ မရှိသလို အရင်းခံ အကျိုးစီးပွား ဆိုင်ရာ အငြင်းပွားမှုလည်း မရှိကြောင်း၊ တရုတ်-ဥရောပ သမဂ္ဂ ဆက်ဆံမှုသည် မဟာဗျူဟာ‌မြောက် အနက်အဓိပ္ပါယ်နှင့် နိုင်ငံတကာ ဩဇာ သက်ရောက်မှု ရှိ၍ ယင်းဆက်ဆံမှု၏ ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်း ထားပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်သင့်ကြောင်းလည်း အလေးထား ပြောကြားခဲ့ပါသည်။

Orbán Viktorက လွန်ခဲ့သည့် ၂လတုန်းက သမ္မတ ရှီကျင့်ဖိန်သည် ဟန်ဂေရီ နိုင်ငံသို့ သမိုင်းဝင် ခရီးစဉ်ကို အောင်မြင်စွာ လှည့်လည်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ၂လ အတွင်း နှစ်နိုင်ငံတို့သည် ယင်းခရီးစဉ်မှ ရရှိခဲ့သော အရေးကြီး အောင်ကျိုးရလဒ်များကို လေးနက်စွာ လက်တွေ့ အကောင်အထည် ဖော်ဆောင်ပြီး ချစ်ကြည်ရေးနှင့် အပြန်အလှန် ယုံကြည်မှုများသည် ပိုမိုခိုင်မာလာကာ အနာဂတ် ဟန်ဂေရီ-တရုတ် ဆက်ဆံမှု ဖွံ့ဖြိုး တိုးတက်ရေး အတွက် ခိုင်မာသော အခြေခံ အုတ်မြစ်ကို ချမှတ်ခဲ့ကြောင်း၊ ဟန်ဂေရီသည် တရုတ်နှင့် မဟာဗျူဟာမြောက် ဆက်သွယ်မှုနှင့် ညှိနှိုင်း၊ ပူးပေါင်းဆောင်ရွက်မှု များကို ပိုမို ရင်းနှီးစွာ ပြုလုပ်လိုကြောင်း၊ ဟန်ဂေရီသည် ဥရောပ သမဂ္ဂ အလှည့်ကျ သဘာပတိ နိုင်ငံ အဖြစ် တာဝန် ထမ်းဆောင်ခြင်းကို အခွင့်ကောင်း အဖြစ် မှတ်ယူပြီး ဥရောပ သမဂ္ဂ-တရုတ် ဆက်ဆံမှု ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို တက်ကြွစွာ တွန်းအားပေးလို ကြောင်း ပြောကြားခဲ့ပါသည်။

ခေါင်းဆောင် ၂ဦးတို့သည် ယူကရိန်း အကျပ်အတည်းနှင့် ပတ်သက်၍လည်း နက်ရှိုင်းစွာ ဆွေးနွေးခဲ့ပါသည်။