“Leaders Talk” ပီရူးသမ္မတ Dina Boluarte နှင့် သီးသန့်အင်တာဗျူးမေးမြန်းခြင်း

(GMT+08:00)2024-07-06 19:23:38  

ဒီနေ့ ဖိတ်ကြားထားတဲ့ဧည့်သည်တော်ကတော့ တရုတ်နိုင်ငံနဲ့ မိုင်ပေါင်းများစွာ ကွာဝေးနေပေမယ့် ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ နိုင်ငံတစ်နိုင်ငံမှ ဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံဟာ ကွမ်တုန်းစကား “chifa” (ထမင်းစားမယ်) ဆိုတဲ့စကားလုံးနဲ့ တရုတ်စားသောက်ဆိုင်တွေကို ရည်ညွှန်းတဲ့ ကမ္ဘာပေါ်မှာ တစ်ခုတည်းသောနိုင်ငံ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေကလည်း စပိန်ဘာသာစကားမှာ “ဇာတိတူမိတ်ဆွေ” လို့အဓိပ္ပါယ်ရတဲ့စကားလုံးနဲ့ တရုတ်မိတ်ဆွေတွေကို ရည်ညွှန်းကြပါတယ်။ အဲ့ဒီနိုင်ငံကတော့ ပီရူးနိုင်ငံ ဖြစ်ပါတယ်။ ပီရူးနိုင်ငံသမ္မတ Dina Boluarte ဟာ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်လာရောက်ခဲ့ပြီး မြန်နှုန်းမြင့်ရထားစီးနှင်းခြင်း၊ လုပ်ငန်းကုမ္ပဏီများကို လေ့လာခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေကနေ တရုတ်အသွင်ပုံစံခေတ်မီမှုကို သူမ ဘယ်လိုနားလည်လာသလဲ။ ပီရူးနိုင်ငံအတွက် တရုတ်-ပီရူး ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေက ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေ ပံ့ပိုးပေးနေတာနဲ့ ပတ်သက်ပြီး သူမ ဘယ်လို ထင်မြင်သလဲ။ တရုတ်-လက်တင်အမေရိက အေးအတူပူအမျှအသိုက်အဝန်းဆိုတဲ့ သင်္ဘောကြီးရဲ့ ရေကြောင်းလမ်းပြမြေပုံကိုရော ဘယ်လိုရှုမြင်သလဲ။

စန်းကျန့်မြို့မှာ သမ္မတ Dina Boluarte ဟာ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုရဲ့ ဆွဲဆောင်မှုတွေကို အနီးကပ်ခံစားမိခဲ့ပါတယ်။ စမတ်မြို့ပြ၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင် စတဲ့ကဏ္ဍများမှ နည်းပညာနဲ့ ဖြေရှင်းမှုနည်းလမ်းတွေက Dina Boluarte ကို ဆွဲဆောင်လို့နေပါတယ်။ သူမက အီလက်ထရောနစ် ကျောက်သင်ပုန်းပေါ်မှာ “ကမ္ဘာ့ဖလားအတွက် ပီရူး ကြိုးပမ်းမယ်” ဆိုတဲ့ ဆုတောင်းစကားကို စမ်းသပ်ရေးသားကြည့်ခဲ့ပြီး Autostereoscopy နည်းပညာကိုလည်း စိတ်ဝင်တစား လေ့လာခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ စွမ်းအင်သစ်မော်တော်ကားရဲ့ နေရာမှာတင်ခေါင်းလှည့်ခြင်းနည်းပညာနဲ့ နေရာမှာတင်ထခုန်ခြင်း၊ “ကခုန်ခြင်း” စတဲ့ ပြသမှုတွေကိုလည်း ရပ်ဝေးကရောက်ရှိလာတဲ့ ဒီပုဂ္ဂိုလ်က ချီးကျူးခဲ့ပါတယ်။

ရှန်ဟိုင်းမြို့မှာ Dina Boluarte က “ခွဲစိတ်ဆရာဝန်” အဖြစ် အသွင်ပြောင်းလိုက်ပြီး တရုတ်နိုင်ငံထုတ် ခွဲစိတ်စက်ရုပ်မှ ငုံးဥအခွံခွာခြင်းကို ထိန်းချုပ်လုပ်ဆောင်ကြည့်ခဲ့ပါတယ်။

ပီရူးနိုင်ငံရဲ့မြို့တော် လီမာရဲ့ မြောက်ဘက်ရှိ Chancay ပင်လယ်အော်မှာ ရေကာတံတိုင်းရှည်ကြီးက Chancay ဆိပ်ကမ်းကို ဝိုင်းပတ်ထားပါတယ်။ Chancay ဆိပ်ကမ်းစီမံကိန်းဟာ တရုတ်နိုင်ငံနဲ့ ပီရူးနိုင်ငံရဲ့ “Belt and Road” အတူတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ဖြစ်ပါတယ်။ စီမံကိန်းအရ ဒီနေရာဟာ လက်တင်အမေရိကဒေသရဲ့ အရေးပါပြီး အချက်အချာကျတဲ့ဆိပ်ကမ်းနဲ့ ပစိဖိတ်သမုဒ္ဒရာ Gateway Port ဖြစ်လာပြီး ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစွာ မြှင့်တင်ပေးမှာဖြစ်ပါတယ်။

Chancay ဆိပ်ကမ်းတည်ဆောက်မှုကို မြှင့်တင်ပေးခြင်းဖြင့် ပိုမိုများပြားတဲ့ ပီရူးပြည်သူများ ဟာ “Chancay မှ Shanghai အထိကို” ပိုမိုရှင်းလင်းစွာ သိရှိနားလည်လာပါတယ်။ ဒီနေရာနှစ်ခုဟာ ဒေသခံ ဘာသာစကားမှာ အသံထွက်ချင်းဆင်တူပြီး တရုတ်-ပီရူး ချစ်ကြည်ရင်းနှီးစွာ စီးပွားရေး၊ ကုန်သွယ်ရေး လုပ်ဆောင်မှုရဲ့ ချိတ်ဆက်မှုနေရာသစ်လည်း ဖြစ်လာပါမယ်။

နှစ်နိုင်ငံဟာ မိုင်ပေါင်းများစွာကွာဝေးနေပေမယ့် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်နိုင်ပြီး အိမ်နီးချင်းလိုပဲ ရင်းရင်းနှီးနှီးရှိနေပါတယ်လို့ သမ္မတ Dina Boluarte က သီးသန့်အင်တာဗျူးမှာ အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။ ယခုတရုတ်နိုင်ငံခရီးစဉ်မှာ တရုတ်နိုင်ငံရဲ့ ခေတ်မီမှုနဲ့ အဆင့်မြင့်စွာ ဖွံ့ဖြိုးတိုးတက်မှုကို မြင်တွေ့ခဲ့ရကြောင်း၊ ပီရူးနိုင်ငံကိုလည်း ခေတ်မီနိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်နိုင်ရန် မျှော်လင့်ကြောင်း၊ နှစ်နိုင်ငံတို့က နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုနဲ့ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်နိုင်ပြီး တရုတ်-ပီရူး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်ဆီသို့ အဆက်မပြတ်တက်လှမ်းနိုင်ရန် မျှော်လင့်ကြောင်း သူမက ပြောကြားခဲ့ပါတယ်။