ဒေသစံတော်ချိန် ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် "ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့+" အာစတာနာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး "ပိုမို သာယာလှပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိမ်ကို လက်တွဲ တည်ဆောက်ခြင်း" ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က မျက်မှောက်အချိန်တွင် ကမ္ဘာကြီး ပြောင်းလဲမှု၊ ခေတ်ပြောင်းလဲမှုနှင့် သမိုင်း ပြောင်းလဲမှုများသည် မကြုံစဖူးသော အသွင်ပုံစံဖြင့် ဖြစ်ပွားနေကြောင်း၊ မိမိတို့သည် ကံကြမ္မာတူ အသိုက်အဝန်းအသိစိတ်ကို ခိုင်ခံ့စွာ ထူထောင်ပြီး "ရှန်ဟိုင်းစိတ်ဓာတ်"ကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံ၊ ဒေသတွင်း အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်းအတိုင်း ဦးလည်မသုန် လျှောက်လှမ်းပြီး ပိုမို သာယာလှပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိမ်ကို လက်တွဲ တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်သည် အချက်ငါးချက်ကို အဆိုပြုခဲ့ပါသည်။ ယင်းတို့သည် တစ်အချက်က စည်းလုံးညီညွတ်ပြီး အပြန်အလှန် ယုံကြည်အားထားရသော ဘုံအိမ်ကို တည်ဆောက်ခြင်း၊ နှစ်အချက်က အေးချမ်းတည်ငြိမ်သော ဘုံအိမ်ကို တည်ဆောက်ခြင်း၊ သုံးအချက်က စည်ပင်သာယာပြီး ဖွံ့ဖြိုးတိုးတက်သော ဘုံအိမ်ကို တည်ဆောက်ခြင်း၊ လေးအချက်က အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ဘုံအိမ်ကို တည်ဆောက်ခြင်းနှင့် တရားမျှတသော ဘုံအိမ်ကို တည်ဆောက်ခြင်းတို့ ဖြစ်ပါသည်။
ရှီကျင့်ဖိန်က စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ လမ်းတစ်လျှောက်တွင် အောင်မြင်သည့် အတွေ့အကြုံ ဖြစ်သလို ခရီးစဉ်သစ်နှင့် အစပြုရာသစ်တွင် မရှိမဖြစ်သော ရွေးချယ်ခြင်းလည်း ဖြစ်ကြောင်း၊ အာစတာနာ ထိပ်သီးအစည်းအဝေး အပြီးတွင် တရုတ်နိုင်ငံသည် အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ အဖြစ် ထမ်းဆောင်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အဖွဲ့ဝင် မိတ်ဖက်များနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ရှန်ဟိုင်းစိတ်ဓာတ် ကို သဘောတူ လက်ခံကြသော နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲချီတက်ကာ လူသားများကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး၏ ရှေ့အလားအလာကို ပိုမို ထွန်းလင်းစေရန် ဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့ပါသည်။