ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အနေနှင့် အပြောင်းအလဲ များပြားသော အခြေအနေနှင့် အစပြုရာအခြေအနေသစ်ကို မည်သို့ ရင်ဆိုင်သင့်သနည်း၊ တရုတ် အဆိုပြုချက်များသည် ဦးတည်ချက်ကို ဖော်ပြပေး

(GMT+08:00)2024-07-05 16:13:08  

 

   ဒေသစံတော်ချိန် ဇူလိုင်လ ၄ ရက်နေ့က ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံ ထိပ်သီးခေါင်းဆောင်များကောင်စီ အစည်းအဝေးနှင့် "ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ +" အာစတာနာ ထိပ်သီးအစည်းအဝေးတို့ကို ရှေ့ဆင့်နောက်ဆင့် ကျင်းပခဲ့ပြီး အောင်မြင်မှုရလဒ်များ၊ သဘောတူညီမှုများ ရရှိခဲ့ပါသည်။ အပြောင်းအလဲ များပြားသော ကမ္ဘာကြီးကို ရင်ဆိုင်လျက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သည် အားကောင်းသော ရှင်သန်မှုကို ပြသနေပါသည်။ တစ်ချိန်တည်းတွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် နိုင်ငံတကာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းရန်အတွက် ပိုမိုအရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည်ဟု ကမ္ဘာကြီးအား ပြသနေပါသည်။

   တရုတ်နိုင်ငံဆိုင်ရာ တာဂျစ်စတန် သံအမတ်ကြီးဟောင်း Baktygulova ပြောသလိုပင် သမ္မတ ရှီကျင့်ဖိန်၏ အရေးကြီးသည့် အဆိုပြုချက်များနှင့် တိုက်တွန်းချက်များသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် တရုတ်နိုင်ငံ၏ ဦးဆောင် လမ်းပြသည့် အခန်းကဏ္ဍကို နောက်ထပ်တစ်ကြိမ် ပြသလိုက်ပါသည်။

   စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အောင်မြင်သည့် အတွေ့အကြုံ ဖြစ်သလို ခရီးစဉ်သစ်တွင် အပြောင်းအလဲ များပြားသော အခြေအနေများကို ရင်ဆိုင်ဖြေရှင်းရန် မရှိမဖြစ်သော ရွေးချယ်ချက်လည်း ဖြစ်ပါသည်။ အာစတာနာ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီးနောက် တရုတ်နိုင်ငံသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ အဖြစ် ထမ်းဆောင်မည် ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် အဖွဲ့ဝင် မိတ်ဖက်နိုင်ငံများနှင့်အတူ "ရှန်ဟိုင်း စိတ်ဓာတ်" ထွန်းကားလာအောင် ဆောင်ရွက်ပြီး ပိုမို ရင်းနီးသော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်းကို တွန်းအားပေးကာ နိုင်ငံတကာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ စီမံခန့်ခွဲရေးများကို တွန်းအားပေးရန်အတွက် "ရှန်ဟိုင်း အင်အား"ကို ဆောင်ကြဉ်းပေးလိုပါသည်။ သမ္မတ ရှီကျင့်ဖိန် ပြောသလိုပင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် သမိုင်း၏ မှန်ကန်သောဘက်နှင့် တရားမျှတမှု ဘက်တွင် ရပ်တည်သွားမည် ဖြစ်ပြီး ယင်းသည် ကမ္ဘာကြီးအတွက် လွန်စွာ အရေးကြီးပါကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။