တရုတ်- ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံ မီဒီယာများ စားပွဲဝိုင်း ဆွေးနွေးပွဲကို အာစတာနာမြို့၌ ကျင်းပ

(GMT+08:00)2024-07-04 10:57:14  

၂၄ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များကောင်စီ အစည်းအဝေး ကျင်းပနေသည့် အခါသမယတွင် China Media Groupမှ ဦးစီးကျင်းပသော တရုတ်- ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံ မီဒီယာများ စားပွဲဝိုင်း ဆွေးနွေးပွဲကို ဇူလိုင်လ ၃ ရက်နေ့က အာစတာနာမြို့၌ ကျင်းပခဲ့ပါသည်။ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံများမှ အစိုးရ အရာရှိများ၊ အဓိကမီဒီယာအေဂျင်စီများမှ တာဝန်ခံများသည် "မီဒီယာ အင်အားများကို စုစည်းပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်ကို ထွန်းကား စေခြင်း" ဆောင်ပုဒ်ကို ဝိုင်းဝန်းပြီး နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲ ပါဝင်သူများသည် မီဒီယာ ပူးပေါင်းဆောင်ရွက်ရေး စသည့် နယ်ပယ်များတွင် ရရှိခဲ့သည့် အောင်မြင်မှုများကို ချီးကျူးကြပြီး အနာဂတ်တွင် တစ်ဆင့်တိုး ပူးပေါင်းဆောင်ရွက်ကာ ပိုမို ရင်းနှီးသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြပါသည်။

   ဆွေးနွေးပွဲတွင် တရုတ်ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက အဆိုပြုချက်သုံးရပ်ကို တင်ပြခဲ့ပါသည်။ ယင်းတို့သည် မီဒီယာသစ် ထုတ်လွှင့်ပြသမှုကို ဆန်းသစ်ပြီး ပြည်သူများ စိတ်ချင်းဆက်နွှယ်ထားသော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အကြောင်းအရာများကို ကောင်းမွန်စွာ ပူးတွဲ ထုတ်လွှင့်ပြသရန်၊ မီဒီယာ အဖြစ် တာဝန်ဝတ္တရားများကို ထမ်းဆောင်ပြီး တရားမျှတပြီး ပကတိကျသည့်၊ တက်ကြွပြီး အပြုသဘောဆောင်သည့် နိုင်ငံတကာ သတင်းထုတ်လွှင့်ပြသရေးဆိုင်ရာ အခြေအနေကို လက်တွဲ ဖန်တီးပေးရန်နှင့် မီဒီယာများ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံ မီဒီယာများအကြား အပြန်အလှန် ကူးလူးဖလှယ်ရေးနှင့် လေ့လာသင်ယူရေးကို လက်တွဲ တွန်းအားပေးရန်တို့ ဖြစ်သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။