တရုတ်-ကာဇက်စတန် ရေရှည် မိတ်ဖက် ဆက်ဆံမှုသည် ရှင်သန်မှုသစ် ပေါ်လွင်နေ

(GMT+08:00)2024-07-04 15:47:39  

 

တရုတ်နှင့် ကာဇက်စတန် နှစ်နိုင်ငံ ဆက်ဆံမှုသည် ရေရှည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ဖြစ်သည်။ ယင်းသည် တစ်ခုတည်းသော နိုင်ငံခြား ဆက်ဆံမှုအဖြစ် အိမ်နီးချင်းနိုင်ငံအကြား အေးအတူ ပူအမျှ၊ အပြန်အလှန် အကျိုးရှိစေရေး ဆက်ဆံမှု၏ စံနမူနာကို ထူထောင်ပေးပါသည်။ 

   ယင်းရေရှည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုကို မည်သို့ တိုးမြှင့်ပေး မည်နည်း။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ယခုလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကာဇက်စတန်နိုင်ငံ၌ ခရီးလှည့်လည်ခဲ့စဉ် အဖြေပေးလိုက်ပါသည်။ ခရီးစဉ် အတွင်း နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် အောင်မြင်မှုရလဒ် များပြားသော တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီး ပူးတွဲ ကြေညာချက်ကို လက်မှတ်ရေးထိုး ချုပ်ဆိုကာ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ သံတမန်ဆက်ဆံရေးကို ဦးဆောင်လမ်းပြမှုအဖြစ် ဆက်လက် ထားရှိပြီး ဘိုးစဉ်မြေးဆက်လက်ဆင့်ကမ်းခြင်း ၊ အပြန်အလှန် ယုံကြည်မှုရှိခြင်း၊ အေးအတူ ပူအမျှ ဖြစ်ခြင်း၊ စည်ပင်သာယာမှုကို အတူ မျှဝေခံစားခြင်းများ စသော ကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်ခြင်းကို တွန်းအားပေးမည်ဟု ဖော်ပြခဲ့ကြပါသည်။ 

  တရုတ်နှင့် ကာဇက်စတန် ပူးပေါင်းဆောင်ရွက်မှုတွင် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုသည် အခြေခံအုတ်မြစ် ဖြစ်ပါသည်။ သမ္မတ ရှီကျင့်ဖိန်က ကာဇက်စတန်နိုင်ငံ သမ္မတ တိုကာယက်ဗ်နှင့် တွေ့ဆုံရာတွင် " ဦးလည်မသုန် ‌ဆောင်ရွက်မှု လေးခု" ကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါသည်။ သမ္မတ တိုကာယက်ဗ်ကလည်း တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိရေးမူကို ဦးလည်မသုန် စွဲကိုင်သွားမည်ဟု ပြောကြားခဲ့သည်။ ဤကဲ့သို့ ယုံကြည်မှုနှင့် အားပေးထောက်ခံမှုသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၏ အကြီးဆုံးသော နိုင်ငံရေး အာမခံချက်ပင် ဖြစ်ပါသည်။

   စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ ဆက်ဆံမှု၏ တွန်းအား ဖြစ်သည်။ တရုတ်နိုင်ငံသည် ကာဇက်စတန်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် နိုင်ငံ ဖြစ်ပါသည်။ နှစ်နိုင်ငံအကြား ကဏ္ဍစုံ အပြန်အလှန် ဆက်သွယ်ရေး ကွန်ယက်ကို တည်ဆောက်ထားပြီ ဖြစ်ပြီး၊ စွမ်းအင်သစ်၊ big data ၊ နယ်စပ်ဖြတ်ကျော် Eကုန်သွယ်မှု စသည့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အသစ် စုံလင်များပြားပါသည်။

   တရုတ်နှင့် ကာဇက်စတန် ဆက်ဆံရေးသည် "နှစ် ၃၀ တာ ရွှေကာလ"သို့ ဝင်ရောက် နေပါပြီ။ ခေတ်မီမှု အကောင်အထည် ဖော်ဆောင်ရေး လမ်းကြောင်းပေါ်တွင် တရုတ်နှင့် ကာဇက်စတန် ရေရှည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် နှစ်ဦးတို့သည် လက်တွဲပြီး ရှေ့သို့ ချီတက်ကာ အောင်မြင်မှုများစွာ ရရှိပါလိမ့်မည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။