ရှီကျင့်ဖိန်နှင့် ကာဇက်စတန် သမ္မတ တိုကာယက်ဗ်တို့ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပ

(GMT+08:00)2024-07-03 18:13:05  

  ဒေသစံတော်ချိန် ဇူလိုင်လ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကာဇက်စတန် နိုင်ငံ သမ္မတ တိုကာယက်ဗ်တို့သည် အာစတာနာမြို့ရှိ သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။

  ရှီကျင့်ဖိန်က ယခုအကြိမ် ခရီးစဉ်သည် မိမိအနေဖြင့် အိမ်နီးချင်းကောင်းနိုင်ငံ ဖြစ်သည့် ကာဇက်စတန်နိုင်ငံသို့ ပဉ္စမ အကြိမ် ချစ်ကြည်ရေး ခရီးလှည့်လည်ခြင်း ဖြစ်သလို မိမိနှင့် သမ္မတ တိုကာယက်ဗ်တို့ ၉ လကြာပြီးနောက် ထပ်မံ တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်ကြောင်း၊ မိမိသည် သမ္မတ တိုကာယက်ဗ်နှင့် ခင်မင်ရင်းနှီးသော၊ အောင်မြင်မှုရလဒ် များပြားသော တွေ့ဆုံဆွေးနွေးမှုကို ပြုလုပ်ပြီး သဘောတူညီမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိကာ တရုတ်နှင့် ကာဇက်စတန် ပူးတွဲကြေညာချက်ကို အတူ ချုပ်ဆိုခဲ့ကြကြောင်း၊ မိမိတို့သည် နှစ်နိုင်ငံ၏ အနာဂတ် ပူးပေါင်းဆောင်ရွက်ရန် အဓိက ဦးတည်ချက်များကို စီမံချမှတ်ပြီး မိမိတို့ ရှေ့မှောက်၌ နှစ်နိုင်ငံ အစိုးရချင်း၊ ဌာနချင်း ပူးပေါင်းဆောင်ရွက်ရေး စာတမ်းများကို ချုပ်ဆိုခဲ့ကာ နှစ်နိုင်ငံ ဆက်ဆံမှု အရည်အသွေး မြင့်မားစွာ တိုးတက်ရေးအတွက် တွန်းအား သစ် ထည့်သွင်းပေးလိုက်ကြောင်း ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်က တရုတ်နှင့် ကာဇက်စတန် ဆက်ဆံရေးသည် ရေရှည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖြစ်သည့် အဆင့်မြင့်မားမှုသို့ ရောက်ရှိ နေပြီ ဖြစ်ပြီး ဘိုးစဉ်မြေးဆက် ချစ်ကြည်ရေး၊ အဆင့်မြင့် အပြန်အလှန် ယုံကြည်ရေး၊ အေးအတူ ပူအမျှ ဖြစ်ရေးတို့သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၏ အဓိက ဖြစ်လာပြီ ဖြစ်ကြောင်း၊ မိမိတို့သည် နှစ်နိုင်ငံ ချစ်ကြည်ရေးအစဉ်အလာနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်ခံရေးအပေါ် ယုံကြည်စိတ်အပြည့် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

  သမ္မတ တိုကာယက်ဗ်က သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်သည် အထူး သမိုင်းဝင် အဓိပ္ပာယ် ပါရှိပြီး နှစ်ဖက်ဆက်ဆံမှု အဆင့်မြှင့်တင်ရန် အစနေရာသစ် ဖြစ်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကာဇက်စတန်နိုင်ငံ၏ အိမ်နီးချင်းကောင်းနှင့် ရေရှည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဖြစ်ကြောင်း၊ ချစ်ကြည်ရေးသည် ကာဇက်စတန်နှင့် တရုတ်နိုင်ငံတို့၏ ဘုံဓန ဖြစ်ပြီး ရွှေထက် ပိုတန်ဖိုးရှိပါကြောင်း၊ ကာဇက်စတန် နိုင်ငံသည် တရုတ်နိုင်ငံနှင့် လက်တွဲ ကြိုးပမ်းပြီး နှစ်နိုင်ငံ ဆက်ဆံမှု နှစ် ၃၀ တာ ရွှေဝါကာလ အတွင်း ပိုမိုများပြားသော အောင်မြင်မှုများကို ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။