ယခုအကြိမ် အစည်းအဝေးတွင် ရှီကျင့်ဖိန်သည် "အဖြေ" နှစ်ခုကို လေးနက်စွာ ရှင်းလင်း ပြောကြားခဲ့

(GMT+08:00)2024-06-30 12:58:24  

   နိုင်ငံချင်း ဆက်ဆံမှု ကိုင်တွယ်ခြင်း၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခြင်းနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် နှစ် ၇၀ တုန်းက တရုတ်နိုင်ငံ ခေါင်းဆောင်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ် ဖြစ်သည့် "သမိုင်းပေး အဖြေ"ကို ပေးခဲ့ပါသည်။ နှစ် ၇၀ အပြီး ယနေ့တွင်လည်း တရုတ်နိုင်ငံက လူသား ကံကြမ္မာတူ အသိုက်အဝန်း ဖြစ်သည့် "ယနေ့ခေတ် အဖြေ"ကို ပေးခဲ့ပါသည်။

   ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ထုတ်ပြန်ခဲ့သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အစည်းအဝေးကို ဇွန်လ ၂၈ ရက်နေ့က ဘေကျင်း၌ ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားပြီး အထက်ပါ အဖြေ နှစ်ခုနှင့် ပတ်သက်ပြီး လေးနက်စွာ ရှင်းလင်းပြောကြားခဲ့ပါသည်။

   လွန်ခဲ့သည့် နှစ် ၇၀ တုန်းက တရုတ်နိုင်ငံခေါင်းဆောင်သည် ပထမဆုံးအကြိမ် အဖြစ် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို အပြန်အလှန် လေးစားရေး၊ တစ်ဦးကို တစ်ဦးက မကျူး ကျော်ရေး၊ တစ်ဦးက တစ်ဦး၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရေး၊ တန်းတူ ရည်တူ အပြန်အလှန် အကျိုးရှိစေရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်ကို ပထမဆုံးအကြိမ် ပြည့်စုံစွာ တင်ပြခဲ့ပါသည်။ ၁၉၅၄ ခုနှစ် ဇွန်လတွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းက အိန္ဒိယနှင့် မြန်မာနိုင်ငံသို့ ခရီးလှည့်လည်ခဲ့စဉ်အတွင်း တရုတ်-အိန္ဒိယနှင့် တရုတ်-မြန်မာ ပူးတွဲ ကြေညာချက်များကို အသီးသီး ထုတ်ပြန်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို အတူ တိုက်တွန်း ဖော်ပြခဲ့ကြပါသည်။ ထို့နောက်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်သည်  နိုင်ငံတကာ ဆက်ဆံရေး၏ အခြေခံမူနှင့် နိုင်ငံတကာ ဥပဒေ၏ အခြေခံမူ ဖြစ်လာပါသည်။

   ၂၈ ရက်နေ့က ကျင်းပသော အစည်းအဝေးတွင် ရှီကျင့်ဖိန်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ် ထုတ်ပြန်ခဲ့သည့် နှစ် ၇၀ ပြည့်မြောက်ခြင်းကို အထိမ်းအမှတ် ပြုသည့် ရည်ရွယ်ချက်သည် အခြေအနေသစ်တွင် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ် ထွန်းကားစေရန်၊ လူသား ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တည်ထောင်ရန်နှင့် လူသား ယဉ်ကျေးမှု တိုးတက်ရေးအတွက် အားကောင်းသော တွန်းအား ထည့်သွင်းပေးရန်အတွက် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

   ရှီကျင့်ဖိန်က ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်နှင့် လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်းသည် လွန်ခဲ့သည့် နှစ် ၇၀ တုန်းက "သမိုင်းပေး အဖြေ"နှင့် နှစ် ၇၀ ပြီးနောက် တရုတ်နိုင်ငံက ပေးလိုက်သော "ယနေ့ခေတ် အဖြေ" ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   "သမိုင်းပေး အဖြေ"နှင့် ပတ်သက်ပြီး ရှီကျင့်ဖိန်က ယင်းအဖြေသည် နိုင်ငံတကာ အခြေအနေ ပြောင်းလဲမှုများ၏ စမ်းသပ်ခြင်းကို ခံခဲ့ရပြီး ခေတ်လွန်ပြီ မဟုတ်ဘဲ လူအများ အာရုံစူးစိုက်လောက်သော ထွန်းလင်းမှုများ ပေါ်လွင်လာနေကြောင်း ပြောကြားခဲ့သည်။

   "ယနေ့ခေတ် အဖြေ"နှင့် ပတ်သက်ပြီး ရှီကျင့်ဖိန်က ယနေ့တွင် လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်းသည် တရုတ်နိုင်ငံ၏ အဆိုပြုချက်ကနေ နိုင်ငံတကာ သဘောတူညီမှု အဖြစ် တိုးချဲ့လာပြီ ဖြစ်ပြီး သာယာသော မျှော်မှန်းချက်ကနေ ပေါကြွယ်ဝသော လက်တွေ့ဆောင်ရွက်မှုများ အဖြစ် ပြောင်းလဲလာကာ ကမ္ဘာကြီးအား ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ စည်ပင်သာယာရေးနှင့် တိုးတက်ရေး ဖြစ်သည့် ထွန်းလင်းသော ရှေ့အလာအလာသို့ လျှောက်လှမ်းရန် အားကောင်းစွာဖြင့် တွန်းအားပေးနေကြောင်း ပြောကြားခဲ့ပါသည်။

   အဖြေ နှစ်ခု၏ ဆက်စပ်ခြင်းနှင့် ပတ်သက်ပြီး ရှီကျင့်ဖိန်က လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်း အတွေးအခေါ် အယူအဆသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ငါးရပ်ကို တစ်စိုက်မတ်မတ် ဆက်ခံလာခြင်းပင် ဖြစ်ကြောင်း ထောက်ပြခဲ့ပါသည်။

   "ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ထွန်းကားစေပြီး လူသားကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တည်ဆောက်ခြင်း"သည် သမ္မတ ရှီကျင့်ဖိန်၏ ယခုအကြိမ် မိန့်ခွန်းပြောကြားခြင်း၏ ခေါင်းစဉ် ဖြစ်ပြီး နိုင်ငံကြီးအဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်း၏ သရုပ်ပေါ်မှုနှင့် ပိုမို ကြိုးပမ်းဆောင်ရွက်ခြင်း၏ ဦးတည်ချက်လည်း ဖြစ်ပါသည်။

  ယခုနှစ်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ထုတ်ပြန်ခဲ့သည့် နှစ် ၇၀ ပြည့်မြောက်သည့်နှစ် ဖြစ်သလို လူသားကံကြမ္မာတူ အသိုက်အဝန်း လက်တွဲ တည်ဆောက်ခြင်း၏ ဒုတိယ ၁၀ နှစ်တာကာလ၏ ပထမနှစ်လည်း ဖြစ်ပါသည်။

   ရှီကျင့်ဖိန်က ငြိမ်းချမ်းရေး သို့မဟုတ် စစ်ပွဲများ၊ စည်ပင်သာယာရေး သို့မဟုတ် ဆုတ်ယုတ်မှုများ၊ စည်းလုံးညီညွတ်ရေး သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်သည့် သမိုင်း ရွေးချယ်မှုကို ရင်ဆိုင်လျက် မိမိတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် စိတ်ဓာတ် ထွန်းကားစေရန် အချိန်တိုင်း အမြဲတမ်း လိုလားနေကြောင်း ပြောကြားခဲ့ပါသည်။