ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနား၌ သမ္မတ ရှီကျင့်ဖိန်ပြောကြားသည့်မိန့်ခွန်း

(GMT+08:00)2024-06-29 16:18:46  

လေးစားအပ်ပါသော ဧည့်သည်များ၊ သံတမန်များ

လူကြီးမင်းများ၊ မိတ်ဆွေများခင်ဗျား

 

လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ က ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို တရားဝင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာဆက်ဆံရေးသမိုင်းမှာ ကြီးမြတ်တဲ့ဖန်တီးမှု ဖြစ်လာ ခဲ့တာကြောင့် ခေတ်သစ်ကိုဖော်ဆောင်တဲ့ အရေးပါသည့် အနက်အဓိပ္ပာယ်ရှိပါတယ်။ ယနေ့ ကျွန်တော်တို့ ဒီနေရာမှာစုစည်းကြပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်ကျင်းပတာဟာ အနေအထားအသစ်အောက်မှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကိုပြန့်ပွားအောင်လုပ်ဆောင်ပြီး အေးအတူ ပူအမျှအသိုက်အဝန်းကို အတူလက်တွဲတည်ဆောက်ကာ လူသားယဉ်ကျေးမှု တိုးတက်ဖို့ အတွက် အားကောင်းတဲ့ ခွန်အားပေးဖို့ဖြစ်ပါတယ်။

 

ရှေးဦးစွာ ကျွန်တော်က တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်ပြည်သူများကို ကိုယ်စားပြုပြီး ကျွန်တော့်ရဲ့အမည်နဲ့ ဧည့်သည်တော်များ၊ မိတ်ဆွေများ တက်ရောက်လာတာကို လှိုက်လှဲစွာကြိုဆိုကြောင်း ပြောကြားလိုပါတယ်။

 

ယနေ့ခေတ် လူမှု့အဖွဲ့အစည်းတိုးတက်လာတဲ့ သမိုင်းဖြစ်စဉ်အတွင်းမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ဆက်ဆံရေးစီမံခြင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို အတူတကွ ထိန်းသိမ်းခြင်း၊ လူသားအားလုံး ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုကို မြှင့်တင်ခြင်းတို့ဟာ နိုင်ငံများက အမြဲမလျှော့သော ဇွဲဖြင့် စူးစမ်းလေ့လာနေတဲ့ အရေးပါသည့် အကြောင်းအရာ ဖြစ်နေပါတယ်။

 

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကိုဖန်တီးတာဟာ ခေတ်ရဲ့ တောင်း ဆိုမှုနဲ့ သမိုင်းရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက် အမျိုးသား လွတ်လပ် မှုနဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုတွေ အရှိန်အဟုန်ပြင်းစွာ ထကြွလာပြီး ကမ္ဘာ့ကိုလိုနီ စနစ် ပြိုကွဲလာပါတယ်။ တစ်ချိန်တည်းမှာ စစ်အေးရဲ့အရိပ်မည်းက ကမ္ဘာကြီးကိုဖုံးလွှမ်းနေပြီး “အင်အားကြီးမှုဟာ တရားမျှတမှုဖြစ်တယ်” ဆိုတာ အုတ်အုတ် သောင်းသောင်း  ဖြစ်ပေါ်လာပါ တယ်။ လွတ်လပ်မှု ရရှိခါစနိုင်ငံတွေက နိုင်ငံတော် အချုပ် အခြာအာဏာကိုစောင့်ထိန်းပြီး အမျိုးသားစီးပွားရေးဖော်ဆောင်ဖို့ မျှော်လင့် တောင့်တ ကြပါတယ်။ တရုတ်နိုင်ငံသစ်က လွတ်လပ် အမှီအခိုကင်းစွာ ကမ္ဘာ့နိုင်ငံများနဲ့အတူ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို တက်တက်ကြွကြွ ဖော်ဆောင်ကာ ပြင်ပ ပတ်ဝန်းကျင် အထူးသဖြင့် အိမ်နီးချင်းပတ်ဝန်းကျင်ကို ကြိုးပမ်းပြုပြင်ခဲ့ပါတယ်။ ဒီလိုနောက်ခံအခြေအနေအောက်မှာ တရုတ်နိုင်ငံခေါင်းဆောင်သည် ပထမဆုံးအကြိမ် အဖြစ် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို အပြန်အလှန် လေးစားရေး၊ တစ်ဦးကို တစ်ဦးက မကျူး ကျော်ရေး၊ တစ်ဦးက တစ်ဦး၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရေး၊ တန်းတူ ရည်တူ အပြန်အလှန် အကျိုးရှိစေရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်ကို ပထမဆုံးအကြိမ် ပြည့်စုံစွာ တင်ပြခဲ့ပြီး တရုတ်-အိန္ဒိယနှင့် တရုတ်-မြန်မာ ပူးတွဲ ကြေညာချက်များတွင် ထည့်သွင်းကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် နှင့်  နိုင်ငံချင်းဆက်ဆံမှုကို လမ်းညွှန်အခြေခံမူအဖြစ်ထားရန် ပူးတွဲ တိုက်တွန်းခဲ့ပါတယ်။

 

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ဟာ အာရှတိုက်ကနေ ပေါက်ဖွားလာပြီး ကမ္ဘာကြီးဆီသို့ လျင်မြန်စွာလျှောက်လှမ်းခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်မှာ အာရှ-အာဖရိက နိုင်ငံပေါင်း ၂၀ ကျော်က ဘန်ဒေါင်းညီလာခံကိုတက်ရောက်ခဲ့ပါတယ်။ ဒီမူကြီး ၅ ရပ် အခြေခံပေါ်မှာ နိုင်ငံများအကြားဆက်ဆံရေးကိုဖြေရှင်းတဲ့ အခြေခံ မူ ဆယ်ချက်ကို အဆိုပြုခဲ့ပြီး စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်မှု ဆိုတဲ့ ဘန်ဒေါင်းစိတ်ဓာတ်ကို အဆိုပြုခဲ့ပါတယ်။ ၂၀ ရာစု ၁၉၆၀ ခုနှစ်ခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့က အဆိုပါမူကြီး ၅ ရပ်ကို လမ်းညွှန်အခြေခံမူအဖြစ် ချမှတ် ခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ် (၂၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတည်ပြုခဲ့တဲ့ “နိုင်ငံတကာဥပဒေ အခြေခံမူကြေညာချက်”၊ ၁၉၇၄ ခုနှစ် (၆) ကြိမ်မြောက် အထူးကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတည်ပြုခဲ့တဲ့ “နိုင်ငံတကာစီးပွားရေး အစီအစဉ် အသစ်ထူထောင်ရေး ကြေညာချက်” တွေမှာ မူကြီး ၅ ရပ်ကို အတိအလင်း လက်ခံခဲ့ပါတယ်။ မူကြီး ၅ ရပ်ကို အရေးပါသော နိုင်ငံတကာစာရွက်စာတမ်း ကြေညာချက်တွေမှာ ဆက်တိုက် ထည့်သွင်းဖော်ပြခံရပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ် ပြုခြင်းနဲ့ လိုက်နာမှုရရှိခဲ့ပါတယ်။

 

နှစ်ပေါင်း ၇၀ အတွင်းမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ဟာ အချိန်နှင့် အတားအဆီးများကို ကျော်ဖြတ်ပြီး ကြာရှည်လာတာနဲ့အမျှ ပိုမိုကြံ့ကြံ့ခံနိုင်လာပြီး ကြာရှည်သော်လည်း ကောင်းမွန်နေဆဲဖြစ်ကာ ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်သော၊ ယေဘုယျ အားဖြင့် အသုံးပြုရန်သင့်တော်သော နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းနှင့် နိုင်ငံတကာဥပဒေ အခြေခံမူဖြစ်လာတာကြောင့် လူသားတို့ တိုးတက်ရေးလုပ်ငန်းအတွက် ဖျောက်ဖျက်၍မရသော သမိုင်းဝင်အကျိုးထမ်းဆောင်မှုရှိခဲ့ပါတယ်။

  

တစ်အချက် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ဟာ နိုင်ငံတကာ ဆက်ဆံ ရေးနှင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးမှုအတွက် သမိုင်းဝင်စံနှုန်း ထူထောင် ပေးလိုက် ပါ တယ်။ မူကြီး ၅ ရပ်ဟာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းရဲ့ ရည်ရွယ်ချက်နဲ့အခြေခံမူကို အပြည့် အဝ ထင်ဟပ်စေပြီး နိုင်ငံတကာဆက်ဆံရေး တိုးတက်လာတဲ့ ခေတ် ရေစီးကြောင်းနဲ့ ကိုက်ညီကာ ကမ္ဘာ့နိုင်ငံအသီးသီးပြည်သူများရဲ့ အခြေခံအကျိုးစီးပွားနဲ့ကိုက်ညီပါတယ်။ တစ်ချိန်တည်းမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံဆက်ဆံရေး အပြန်အလှန်ဖြစ်မှု၊ တန်းတူညီမျှမှုဆိုတဲ့ လက်တွေ့ဖော်ဆောင်မှု တောင်းဆိုချက်ကို အလေးထားတာကြောင့် နိုင်ငံများရဲ့ လုပ်ပိုင်ခွင့်၊ ဝတ္တရား၊ တာဝန်များ တစ်ပြေးညီဖြစ်တဲ့ နိုင်ငံတကာ တရားဥပဒေစိုးမိုးမှုစိတ်ဓာတ်ကို ထင်ရှားစေပါတယ်။ မူကြီး ၅ ရပ်မှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံက နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ သံတမန်ဆက်ဆံရေး စတဲ့ကဏ္ဍတွေမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်တဲ့ အခြေခံ စည်းကမ်းချက်တွေပါဝင်တာကြောင့် နိုင်ငံများက နိုင်ငံတကာ တရားဥပဒေ စိုးမိုးမှု စိတ်ဓာတ်ဖော်ဆောင်ရန်နဲ့ မှန်ကန်တဲ့ဆက်ဆံရေးနည်းလမ်း ထူထောင်ရေးအတွက် တိကျ ရှင်းလင်းသော၊ လုပ်ဆောင်ရာမှာ ထိရောက်မှုရှိသော လုပ်ပုံလုပ်နည်း စံနှုန်း များ ထောက်ပံ့ပေးလိုက်ပါတယ်။

 

ဒုတိယအချက်က ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ဟာ လူ့အဖွဲ့အစည်းစနစ် မတူညီသောနိုင်ငံများ ဆက်ဆံရေးထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မှန်ကန်သောလမ်းညွှန်မှုများ ပေးလိုက်ပါတယ်။ မူကြီး ၅ ရပ်ကို လိုက်နာပါက နိုင်ငံများက စနစ်နဲ့ အတွေးအခေါ် အယူအဆဆိုင်ရာ ပုံစံမတူညီသော်လည်း သမိုင်းယဉ်ကျေးမှုနဲ့ သာသနာယုံကြည်ကိုးကွယ်မှု မတူညီသော်လည်း၊ ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းနဲ့ ပမာဏ မတူညီသော်လည်း ၊ အပြန်အလှန်ယုံကြည်ပြီး ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးကို အပြည့်အဝထူထောင်ပြီး တိုးတက်အောင် ဆောင်ရွက်နိုင်ပါတယ်။ မူကြီး ၅ ရပ်ဟာ နိုင်ငံများအကြား သမိုင်းကြောင်းအရ ကျန်ရှိတဲ့ပြဿနာနဲ့ နိုင်ငံတကာအငြင်းပွားမှုများကို ဖြေရှင်းရေးအတွက် လမ်းကြောင်းအသစ် ဖောက်လုပ်ပေးလိုက်ပြီး “အုပ်စုဖွဲ့နိုင်ငံရေး” ၊ “ဩဇာလွှမ်းမိုးမှု အတိုင်းအတာ” စတဲ့ ဟောင်းနွမ်းခေတ်နောက်ကျကာ အမြင်ကျဉ်းသော အယူအဆနဲ့ အတိုက်အခံလုပ်မှုအတွေးအခေါ်ကို ကျော်လွန်ခဲ့ပါတယ်။

 

တတိယအချက်က ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပူးတွဲကာ မိမိကိုယ်ကို အားကိုးခြင်း အတွက် ကြီးမားသောပေါင်းစပ်အင်အားများ စုစည်းပေးလိုက်ပါတယ်။ မူကြီး ၅ ရပ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက မိမိကံကြမ္မာပြောင်းလဲမှု၊ ပြောင်းလဲတိုးတက်မှုကို ဖော်ဆောင်မှု အတွက် နက်ရှိုင်းတဲ့အတွေးအခေါ်တွေ စုစည်းထားပါတယ်။ မူကြီး ၅ ရပ်ရဲ့ အားပေးမှုနဲ့ လှုံ့ဆော်မှုအောက်မှာ ပိုမိုများပြားတဲ့ အာရှ-အာဖရိက-လက်တင်အမေရိက နိုင်ငံတွေက အပြန်အလှန်ထောက်ခံအားပေးလာကြပြီး ပြည်ပဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကြကာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို အောင်မြင်စွာ လျှောက် လှမ်းနိုင်ခဲ့ပါတယ်။ မူကြီး ၅ ရပ်ကလည်း ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုက်ပြီး ကမ္ဘာ့တောင်ပိုင်းနိုင်ငံများနဲ့ မြောက်ပိုင်းနိုင်ငံများ ဆက်ဆံရေး ကောင်းမွန် တိုးတက်လာရန်လည်း မြှင့်တင်ပေးခဲ့ပါတယ်။

  

စတုတ္ထအချက်က ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ဟာ နိုင်ငံတကာ အစီအစဉ် ပြုပြင်ပြောင်းလဲရေးနှင့် ပြီးပြည့်စုံမှုအတွက် သမိုင်းဉာဏ်ပညာ ထောက်ပံ့ ပေးလိုက်ပါတယ်။ မူကြီး ၅ ရပ်ဟာ ပါဝါနိုင်ငံရေး ပတ်ဝန်းကျင်အောက်မှာ အားနည်း တဲ့ နိုင်ငံများရဲ့ အကျိုးစီးပွားနဲ့ တောင်းဆိုချက်ကို ကာကွယ်ပေးဖို့အတွက် ရည်ရွယ်ချက်နဲ့ စတင်ခဲ့ပါတယ်။ ၎င်းတို့ဟာ နယ်ချဲ့ဝါဒ၊ ကိုလိုနီဝါဒ၊ လက်ဝါးကြီးအုပ်မှု တွေကို ရှင်းလင်းစွာ ဆန့်ကျင်ပြီး စစ်ပွဲနှင့်အကြမ်းဖက်မှုလိုလားခြင်း၊ ကြီးနိုင်ငယ်ညှဉ်းဆိုတဲ့ သစ်တောတွင်း စည်းကမ်းတွေကို ဖယ်ရှားကာ နိုင်ငံတကာအစီအစဉ် ပိုမိုတရားမျှတ သော သဘော တရား ကျတဲ့ လားရာဆီ တိုးတက်လာဖို့အတွက် အရေးပါသည့် အတွေးအခေါ် အခြေခံ ကို ချမှတ် ပေးလိုက်ပါတယ်။

 

နှစ် ၇၀ ကြာ ထူးခြားတဲ့ခရီးစဉ်ကို ကျော်ဖြတ်ပြီးနောက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ရပ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းက တန်ဖိုးထား၊ လက်ဆင့်ကမ်း၊ ပြန့်ပွားအောင်လုပ်တဲ့ ဘုံဥစ္စာဓနဖြစ်လာပါပြီ။ ဒါကြောင့် ကျွန်တော်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကိုအတူတကွ အဆိုပြုခဲ့တဲ့ ယခင်မျိုးဆက် ခေါင်းဆောင်ကြီးများကို လေးနက်စွာသတိရကြောင်းနဲ့ ကာလကြာရှည်စွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို စွဲမြဲစွာပြန့်ပွားအောင်လုပ်ဆောင်တဲ့ နိုင်ငံများက အမြော်အမြင်ရှိသူများကိုလည်း လေးစားဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။

 

 

လူကြီးမင်းများ မိတ်ဆွေများခင်ဗျား

 

 

သမိုင်းဟာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းပြီးနောက် ရှေ့ကိုချီတက် နေပါတယ်။ လူသားတို့ တိုးတက်ရေးလုပ်ငန်းဟာလည်း ခေတ်မေးခွန်းတို့ရဲ့ အဖြေများ ကြားမှာ ခရီးစဉ်တစ်ခုပြီးတစ်ခု ရှေ့သို့ချီတက်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ တုန်းက စစ်ပွဲရဲ့ ကြေကွဲဖွယ်ရာကပ်ဆိုးကြီးနဲ့ စစ်အေးတိုက်ပွဲရဲ့ ပြိုကွဲအတိုက်အခံဖြစ်မှုကို ရင်ဆိုင်ရာမှာ ထိုခေတ်ကလူတွေဟာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းပြီး အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ဆိုတဲ့ သမိုင်းဝင်အဖြေကိုပေးခဲ့ပါတယ်။ ဒီအဖြေဟာ နိုင်ငံအခြေအနေပြောင်းလဲမှုရဲ့ စမ်းသပ် ချက်ကို ခံနိုင်ရည်ရှိခဲ့ပြီး အရောင်အသွေးမှေးမှိန်သွားခြင်းမရှိတဲ့အပြင် ပိုမိုဆွဲဆောင်ရည်ရှိတဲ့ အရောင်အသွေးများနဲ့ တောက်ပနေပါတယ်။ နှစ် ၇၀ အကြာ ယနေ့မှာတော့ “ဘယ်လိုမျိုး ကမ္ဘာကြီးကိုတည်ဆောက်မလဲ၊ ဒီကမ္ဘာကြီးကို ဘယ်လို တည်ဆောက်မလဲ” ဆိုတဲ့ အရေးပါအကြောင်းအရာကို ရင်ဆိုင်ရာမှာ တရုတ်နိုင်ငံက အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ခြင်းဆိုတဲ့ ခေတ်ရဲ့အဖြေကို ထပ်ပေးလိုက်ပါတယ်။ ယခုမှာတော့ အေးအတူ ပူအမျှအသိုက်အဝန်းတည်ဆောက်တာဟာ တရုတ်နိုင်ငံရဲ့အဆိုပြုချက်ကနေ နိုင်ငံတကာ သဘောတူညီချက်အဖြစ် တိုးချဲ့လာပါပြီ။ သာယာကောင်းမွန်တဲ့မျှော်မှန်းချက်ကနေ ပြည့်ဝတဲ့လက်တွေ့အဖြစ် ပြောင်းလဲလာပြီး ကမ္ဘာကြီးက ငြိမ်းချမ်းသော၊ လုံခြုံသော၊ စည်ပင်ဝပြောသော၊ တိုးတက်သော ထွန်းပြောင်တဲ့ အနာဂတ်ဆီ လျှောက်လှမ်းဖို့ အင်တိုက်အားတိုက် တိုးမြှင့်ပေးနေပါတယ်။

 

 

အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအယူအဆနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ဟာ အသက်သွေးကြောတစ်ခုတည်းကနေ လက်ဆင့်ကမ်းလာတာဖြစ်ပါတယ်။ ၎င်းတို့ဟာ အိမ်နီးချင်းများနဲ့သင့်မြတ်ခြင်း၊ နိုင်ငံနဲ့နိုင်ငံများအကြားယုံကြည်မှုနဲ့ သင့်မြတ်မှုဖော်ဆောင်ခြင်း၊ နိုင်ငံအားလုံးနဲ့ သင့်မြတ်မှု ဖော်ဆောင်ခြင်းဆိုတဲ့ တရုတ်နိုင်ငံရဲ့ သာလွန်ကောင်းမွန်သော ရိုးရာယဉ်ကျေးမှုမှာ အမြစ်တွယ်နေပြီး တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေးရဲ့ ယုံကြည်ချက်ရှိ၍ မိမိကိုယ်ကိုယ် အားကိုးခြင်း၊ တရားမျှတမှုကို စွဲ ကိုင် ထားခြင်း၊ အားနည်းသူကို ကူညီကာ အကြင်နာ တရားကို ပြန့်ပွားအောင်လုပ်ဆောင်ခြင်းဆိုတဲ့ စိတ်ဓာတ်အားမာန်ကို ပေါ်လွင်စေပါတယ်။ ၎င်းတို့ဟာ တရုတ်ကွန်မြူနစ်ပါတီဝင်များက လူသားတို့အတွက် ပိုမိုကြီးမားတဲ့ အကျိုး ထမ်းဆောင်ပေးမှုဆိုတဲ့ ကျယ်ပြန့်သောအမြင်ကို ထင်ဟပ်စေပြီး တရုတ်နိုင်ငံက ငြိမ်းချမ်း စွာ ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့လမ်း‌ကြောင်း လျှောက်လှမ်းတဲ့ ခိုင်မြဲသော ဆုံးဖြတ်ချက် ကို ဖော်ပြနေပါတယ်။ ဒါဟာလည်း အနေအထားအသစ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်အပေါ် အကောင်းဆုံးလက်ဆင့်ကမ်းမှု၊ ပြန့်ပွားအောင်လုပ်ဆောင်မှု၊ အဆင့်မြှင့်တင်မှုပဲဖြစ်ပါတယ်။

 

ဒီအယူအဆဟာ နိုင်ငံနှင့်နိုင်ငံများအကြား ကံကြမ္မာချင်းယှက်နွယ်နေပြီး အေးအတူ ပူအမျှဖြစ်တဲ့ ပကတိဖြစ်ရပ်မှန်ကို အခြေခံကာ တန်းတူညီမျှပြီး အတူယှဉ်တွဲနေထိုင်တဲ့ စံနမူနာသစ်သတ်မှတ်လိုက်ပါတယ်။ တရုတ်နိုင်ငံဟာ နိုင်ငံများက ကြီးသည်ငယ်သည်၊ အားကြီးသည် အားနည်းသည်၊ ဆင်းရဲသည် ချမ်းသာသည် ဆိုပြီး မခွဲခြားဘဲ တန်းတူညီမျှသော နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ကာ နိုင်ငံတကာအရေး ကိစ္စများမှာ တူညီသောအကျိုးစီးပွားရှိပြီး လုပ်ပိုင်ခွင့်များ အတူမျှ ဝေ၍ တာဝန်များကို အတူထမ်းဆောင်သင့်တယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံများဟာ စိန်ခေါ်မှုကို အတူလက်တွဲရင်ဆိုင်ပြီး အတူတကွစည်ပင်ဝပြောမှုကို ဖော်ဆောင်ကာ ရေရှည်ငြိမ်းချမ်းသော၊ ယေဘုယျအားဖြင့် လုံခြုံသော၊ တံခါးဖွင့်၍ အားလုံးပါဝင်သော၊ သန့်ရှင်း၍လှပသောကမ္ဘာကြီးကို အတူတည်ဆောက်၍ လူ့အဖွဲ့အစည်းက ပိုမိုလုံခြုံသော၊ ပိုမိုစည်ပင်ဝပြောသော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုကို ဖော်ဆောင်ရန် တွန်းအားပေးရမှာဖြစ်ပါတယ်။

 

ဒီအယူအဆဟာ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုဟူသော ခေတ်ရေစီးကြောင်းနှင့်အညီ ငြိမ်းချမ်းရေးနှင့်တိုးတက်မှုရဲ့ ပန်းတိုင်အသစ်ကို ဖော်ဆောင်လိုက်ပါတယ်။ နိုင်ငံများက လူသားရှေ့ရေးနဲ့ ပြည်သူများ အကျိုးစီးပွားကိုနှလုံးသွင်းကာ တန်းတူညီမျှ၍ အပြန်အလှန်အကျိုးဖြစ်ထွန်းသော၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော မူလစိတ်ကို စွဲ ကိုင်ဖို့ တရုတ်နိုင်ငံက တိုက်တွန်း ပါ တယ်။ လူသားအားလုံး ဘုံတန်ဖိုးကို ပြန့်ပွားအောင် လုပ်ဆောင်ပြီး အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေခြင်းဆိုတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို ဖော် ဆောင်ပြီး နိုင်ငံတကာ ဆက်ဆံရေးပုံစံအသစ်ကို တည်ဆောက်ရပါမယ်။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံတွေကို ဖော်ဆောင်ပြီး “Belt and Road” ကို အရည်အသွေးမြင့် အတူတည်ဆောက်ကာ နိုင်ငံအသီးသီးပြည်သူများ၏ ဘုံအကျိုးစီးပွားကို တိုးမြင့်အောင် လုပ်ဆောင်ရပါမယ်။

 

ဒီအယူအဆဟာ ဗဟု ဝင်ရိုးကမ္ဘာကြီးနှင့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းဆိုတဲ့ သမိုင်းဝင် အလားအလာကြီးအောက်မှာ ဖွံ့ဖြိုတိုးတက်မှုနှင့် လုံခြုံမှုရဲ့ လက်တွေ့ ဖော် ဆောင်မှု အသစ်ကို ပြည့်ဝတိုးတက်အောင် လုပ်ဆောင်လိုက်ပါတယ်။ တရုတ်နိုင်ငံက ဘက်အသီးသီးနဲ့အတူ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှု နက်ရှိုင်း လက်တွေ့ ကျလာစေရန် ဖော်ဆောင်နေပါတယ်။ နှစ်နိုင်ငံကနေ နိုင်ငံပေါင်းစုံအထိ၊ ဒေသတွင်းမှ တစ်ကမ္ဘာလုံးထိ၊ ဖွံ့ဖြိုးတိုးတက်မှုမှ လုံခြုံမှုအထိ၊ ပူးပေါင်းဆောင်ရွက်မှုမှ စီမံ အုပ်ချုပ်မှု အထိ ဖော်ဆောင်ပြီး တန်းတူညီမျှ၍ စနစ်ကျသော ဗဟု ဝင်ရိုးကမ္ဘာ၊ ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြု၍ အားလုံးပါဝင်မှုရှိသော စီးပွားရေး ဂလိုဘယ် လိုက်ဇေးရှင်းတို့ကို အင်တိုက်အားတိုက် ဦးဆောင်ဖော်ဆောင်လိုက်တာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ငြိမ်းချမ်းတည်ငြိမ်သော ရှေ့ရေးအနာဂတ် သယ်ဆောင်လာပြီး နိုင်ငံ အသီးသီးကပြည်သူများအတွက် စည်ပင်ဝပြော ဖွံ့ဖြိုးတိုးတက်မှု အကျိုး စီးပွား တိုးစေပါတယ်။

 

သမိုင်းရဲ့ အရေးကြီးအခိုက်အတန့်မှာ အတိတ်နဲ့အနာဂတ်ကိုမျှော်မှန်းပါက ကျွန်တော်တို့က လူသားယဉ်ကျေးမှုအပေါ် စူးစမ်းလေ့လာမှုဟာ အဆုံးသတ်မှု မရှိသလို သာယာလှပသောကမ္ဘာကြီးတည်ဆောက်ဖို့အတွက် ကြိုးပမ်းမှုဟာလည်း ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ကမ္ဘာကြီးဘယ်လိုပဲ တိုးတက်လာပါစေ အခြေခံဖြစ်ရပ်မှန်တစ်ခုကိုတော့ ပြောင်းလဲလို့မရပါဘူး။ အဲဒါကတော့ စကြဝ ဠာကြီးမှာ ကမ္ဘာကြီးတစ်ခုပဲရှိပြီး လူသားတို့မှာ တူညီတဲ့အသိုက်အမြုံတစ်ခုပဲရှိပါတယ်။ ကျွန်တော်တို့က တစ်ကမ္ဘာလုံး အေးအတူပူအမျှ စိတ်ဓာတ်နဲ့ ကမ္ဘာကြီးကို တန်ဖိုးထားဂရုစိုက်ပြီး နောင်လာနောင်သားများ အသက်ရှင်နေထိုင်ဖို့အတွက် ပျော်ရွှင်ကောင်းမွန်တဲ့ ကမ္ဘာကြီး ချန်ထားပေးရပါမယ်။

 

အနာဂတ်ဟာ မျှော်မှန်းသင့်သလို စိန်ခေါ်မှုကိုလည်း ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလား စစ်ပွဲလား၊ စည်ပင်ဝပြောတိုးတက်မှုလား ဆုတ်ယုတ်မှုလား၊ စည်းလုံးညီညွတ်မှုလား အတိုက်အခံပြုလုပ်မှုလားဆိုတဲ့ သမိုင်းဝင်ရွေးချယ်ချက်ကို ရင်ဆိုင်ရာမှာ ကျွန်တော်တို့ဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ရဲ့ စိတ်ဓာတ်အနှစ်သာရကို အချိန်တိုင်း ပြန့်ပွားအောင် လုပ်ဆောင်သင့်ပြီး အေးအတူပူ အမျှအသိုက်အဝန်း တည်ဆောက်ရေးဆိုတဲ့ မြင့်မြတ်တဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ ရောက်ရှိအောင် မလျှော့သောဇွဲဖြင့် ကြိုးပမ်းရမှာဖြစ်ပါတယ်။

 

- ကျွန်တော်တို့ဟာ အချုပ်အခြာအာဏာ တန်းတူညီမျှရေး အခြေခံမူကို လိုက်နာရပါမယ်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ရဲ့ အနှစ်သာရမှာ နိုင်ငံအားလုံး အချုပ်အခြာအာဏာ တန်းတူညီမျှမှုရှိစေရေးဖြစ်ပါတယ်။ ဒီပေါ်မှာအခြေခံပြီး နိုင်ငံအသီးသီးရဲ့ လုပ်ပိုင်ခွင့်၊ အခွင့်အရေး၊ စည်းမျဉ်းတို့ တန်းတူညီမျှမှုရှိစေရန် မြှင့်တင်ဆောင်ရွက်ရပါမယ်။ ကြီးသူက ငယ်သူကို ဖိနှိပ်ခြင်း၊ အင်အားကြီးသူက အားနည်းသူကို အနိုင်ကျင့်ခြင်း၊ ချမ်းသာသူက ဆင်းရဲသူကို အနိုင်ကျင့်ခြင်း မဖြစ်ရပါဘူး။ တန်းတူညီမျှပြီး စနစ်ကျတဲ့ ဗဟုဝင်ရိုးကမ္ဘာကို အဆိုပြုထောက်ခံခြင်းဟာ နိုင်ငံတိုင်း ဘက်စုံစနစ်ထဲမှာ မိမိရဲ့ရပ်တည်ချက်နေရာကို ရှာတွေ့နိုင်စေရန် အဆိုပြုခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေအား လိုက်နာရာမှာ ၎င်းတို့ရဲ့ ရှိသင့်တဲ့အခန်းကဏ္ဍကို ဖော်ထုတ်နိုင်စေခြင်း ဖြစ်ပါတယ်။ ဗဟုဝင်ရိုးကမ္ဘာ လုပ်ငန်းစဉ်အတွင်း ယေဘုယျအားဖြင့် တည်ငြိမ်ပြီး အပြုသဘောဆောင်ကြောင်း သေချာစေပါတယ်။

 

- ကျွန်တော်တို့ဟာ အပြန်အလှန်လေးစားခြင်း အခြေခံအုတ်မြစ်ကို ခိုင်မာစေရမယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံရာမှာ ဦးစွာအနေနဲ့ တန်းတူညီတူဆက်ဆံမှုနဲ့ အပြန်အလှန်လေးစားယုံကြည်မှုကို ရှေ့တန်းတင်ရမယ်။ နိုင်ငံအသီးသီးရဲ့ မတူညီတဲ့ သမိုင်းယဉ်ကျေးမှုအစဉ်အလာနဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကာလတို့ကို လေးစားပြီး အပြန်အလှန်ရဲ့ အဓိကအကျိုးစီးပွားနဲ့ ကြီးမားတဲ့ စိုးရိမ်ပူပန်မှုများကို လေးစားရမယ်။ နိုင်ငံအသီးသီးမှ ပြည်သူများ လွတ်လပ်စွာရွေးချယ်ထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းနဲ့ စနစ်ပုံစံများကို လေးစားရမယ်။ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ဆိုတဲ့ “ရွှေရောင်စည်းမျဉ်း” ကို အတူတကွထိန်းသိမ်းပြီး သူတစ်ပါးအား မိမိရဲ့ဆန္ဒအတိုင်း အတင်းအကျပ်ဆောင်ရွက်စေခြင်းကို အတူတကွ ဆန့်ကျင်ရမယ်။ အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းနဲ့ “အသိုက်အဝန်းငယ်များဖွဲ့ခြင်း” ကို ဆန့်ကျင်ပြီး တခြားနိုင်ငံအား အတင်းအဓမ္မ ဘက်ရွေးရပ်တည်စေခြင်းကို ဆန့်ကျင်ရမယ်။

 

- ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး မျှော်မှန်းချက်တွေကို အကောင်အထည် ဖော်ရမယ်။ နိုင်ငံအသီးသီးဟာ ငြိမ်းချမ်းရေးထိန်းသိမ်းရန်တာဝန်ကို အတူတကွထမ်းရွက်ပြီး ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို အတူလျှောက်လှမ်းကာ ငြိမ်းချမ်းရေး အတွက် အတူကြံဆခြင်း၊ အတူထိန်းသိမ်း စောင့်ရှောက်ခြင်း၊ အတူမျှဝေခြင်း လုပ်ဆောင် ရမယ်လို့ သမိုင်းကြောင်းနဲ့ လက်တွေ့ဖြစ်စဉ်များက ကျွန်တော်တို့ကို ပြောပြနေပါတယ်။ နိုင်ငံများအကြား အပြန်အလှန်မှီခိုနေကြတဲ့ ယနေ့မှာ မိမိအတွက် အကြွင်းမဲ့လုံခြုံမှု ရှိစေရေး၊ လုံခြုံမှုကို တစ်ဦးတည်းစံစားနိုင်ရေး တို့ဟာ မဖြစ်နိုင်ပါဘူး။ တရုတ်နိုင်ငံက အဆိုပြုထားတဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံဟာ အတူတကွလုပ်ဆောင်ခြင်း၊ ဘက်ပေါင်းစုံခြင်း၊ ရေရှည်တည်တံ့ခြင်း ဆိုတဲ့ လုံခြုံရေးအမြင်များကို လက်တွေ့ကျင့်သုံးရန် အဆိုပြုခြင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် လုံခြုံမှုကို တိုးမြှင့်ရန်၊ ပိုမိုမျှတတဲ့၊ ထိရောက်တဲ့၊ ရေရှည်တည်တံ့တဲ့ လုံခြုံရေးဖွဲ့စည်းမှုပုံစံကို တည်ဆောက်ရန် အဆိုပြုခြင်းဖြစ်ပါတယ်။

 

- ကျွန်တော်တို့ဟာ စည်ပင်ဝပြောမှုကို အတူတည်ဆောက်ရန် ခွန်အားတွေကို စုစည်းရပါမယ်။ “သူတော်ကောင်းဆိုတာ တစ်ပါးသူကို မေတ္တာထားပြီး ဉာဏ်ပညာကြီးသူဟာ သူတစ်ပါးကို အကျိုးကျေးဇူးတွေ ဝေမျှပေးတယ်” လို့ တရုတ်နိုင်ငံမှာ ရှေးဆိုရိုးစကား ရှိပါတယ်။ “ကမ္ဘာကြီးကို အကျိုးပြုနိုင်မှ မိမိနိုင်ငံကိုလည်း အကျိုးပြုနိုင်မယ်” လို့ လက်တင်အမေရိကမှာလည်း စကားတစ်ခွန်း ရှိပါတယ်။ “စည်းလုံးညီညွတ်မှုဖြင့် မီးတောက်ကြီးကိုဖန်တီးနိုင်ပြီး စည်းလုံးညီညွတ်မှုမရှိရင် မီးငြိမ်းသွားလိမ့်မယ်” လို့ အာရပ်စကားပုံတစ်ခုလည်း ရှိပါတယ်။ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ပြိုကွဲမှုဖန်တီးခြင်းကို မလိုအပ်ဘဲ ချိတ်ဆက်တဲ့ ပေါင်းကူးတံတားကို သွယ်တန်း ရမှာဖြစ်ပါတယ်။ ထိပ်တိုက်ရင်ဆိုင်ခြင်းဆိုတဲ့ သံကန့်လန့်ကာကို ဖွင့်ရန်မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုလမ်းကို ခင်းပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြုပြီး အားလုံးပါဝင်မှုရှိတဲ့ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို အဆိုပြုပြီး အရည်အသွေးမြင့်စွာ “Belt and Road” အတူတည်ဆောက်ရေးကို တွန်းအားပေးကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံကို လက်တွေ့ကျင့်သုံးတဲ့ ရည်ရွယ်ချက်ကတော့ အခွင့်အလမ်းတွေကိုတိုးများစေတဲ့ ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြုမှုကို အကောင်အထည်ဖော်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းမှာ အားလုံးပါဝင်မှုကို တိုးမြှင့်ရန်၊ နိုင်ငံအသီးသီးမှပြည်သူများအား ဖွံ့ဖြိုးတိုးတက်ရေးရဲ့ရလဒ်ကောင်းများကို မျှဝခံစားနိုင်စေရန်၊ “ကမ္ဘာ့ရွာကြီး” ထဲက နိုင်ငံများကို ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်ပင်ဝပြောရေး အတွက် အတူကြံဆနိုင်စေရန်၊ အကျိုးတူဖြစ်ထွန်းရေး အယူအဆကို ဘုံသဘောတူညီမှု ဖြစ်လာစေရန် ဖြစ်ပါတယ်။

 

- ကျွန်တော်တို့ဟာ တရားမျှတမှုနဲ့ ဖြောင့်မတ်မှု အယူအဆကို လက်ကိုင် ထားရပါမယ်။ တရားမျှတမှုနဲ့ ဖြောင့်မတ်မှု မရှိပါက ပါဝါနိုင်ငံရေးဟာ အထိန်းအကွပ် မဲ့လာပြီး အင်အားကြီးသူက အားနည်းသူကို အနိုင်ကျင့်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် လာပါလိမ့်မယ်။ အခြေအနေသစ်နဲ့ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်နေရချိန်မှာ ကုလသမဂ္ဂရဲ့ အခွင့်အာဏာနဲ့ အဓိကကျတဲ့ရပ်တည်မှုအခန်းကဏ္ဍဟာ အားနည်းသွားခြင်းမရှိဘဲ ပိုမိုအားကောင်းလာရန် လိုအပ်ပါတယ်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရဲ့ ရည်ရွယ်ချက်များနဲ့ အခြေခံမူများဟာ ဘယ်သောအခါမှ ခေတ်နောက်ကျခြင်းမရှိဘဲ ပိုပြီးအရေးကြီးလာပါတယ်။ အတူတကွဆွေးနွေးတိုင်ပင်ခြင်း၊ အတူတကွတည်ဆောက်ခြင်း၊ အတူတကွမျှဝေခြင်း ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်ရေးအယူအဆကို အဆိုပြုပြီး စစ်မှန်တဲ့ နိုင်ငံစုံ ပူးပေါင်း ဆောင်ရွက်ရေး စနစ်ကို ကျင့်သုံးခြင်းရဲ့ ရည်ရွယ်ချက်မှာ နိုင်ငံတကာစည်းမျဉ်းများကို နိုင်ငံ အားလုံးက အတူရေးဆွဲပြီး အတူထိန်းသိမ်းစောင့်ရှောက်ကြခြင်းကို လက်ကိုင်စွဲထားရန် ဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ အရေးကြီးကိစ္စရပ်များကို နိုင်ငံအသီးသီးမှ အတူတိုင်ပင်ဆောင်ရွက်ကြရန် လိုအပ်ပါတယ်။ အင်အားကြီးသူရဲ့စကားကို နားထောင် ရခြင်း မဖြစ်စေရပါဘူး။

 

- ကျွန်တော်တို့ဟာ ပွင့်လင်းပြီး သဘောထားကြီးတဲ့ စိတ်နှလုံးကို ပြသရပါမယ်။ ကမ္ဘာ့နိုင်ငံအသီးသီးဟာ တူညီတဲ့ကံကြမ္မာရှိနေတဲ့ သင်္ဘောကြီးပေါ်မှာ လိုက်ပါ စီးနင်းနေသလိုပါပဲ။ ဒီသင်္ဘောကြီးပေါ်မှာ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေ၊ စီးပွားရေး စည်ပင် ဝပြောမှုတွေ၊ သိပ္ပံနည်းပညာတိုးတက်မှုတွေကို သယ်ဆောင်ပေးထားရုံသာမက ယဉ်ကျေးမှု စုံလင်ကွဲပြားမှုနဲ့ လူသားတို့ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေး အိပ်မက် တွေကိုလည်း သယ်ဆောင်ပေးထားပါတယ်။ သမိုင်းကြောင်းမှာ မတူ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေ အပြန်အလှန်တွေ့ဆုံခဲ့ကြပြီး ရလဒ်ကောင်းတွေရရှိခဲ့ကာ လူ့အဖွဲ့အစည်းရဲ့ ကြီးမားတဲ့ဖွံ့ဖြိုးတိုးတက်မှု၊ ကြီးမားတဲ့စည်ပင်ဝပြောမှုတို့ကို အတူတကွမြှင့်တင် နိုင်ခဲ့ပါ တယ်။ အလှတရားများကို အတူသိမြင်ခံစားခြင်း၊ ကူးလူးဖလှယ်၍ အပြန်အလှန် လေ့လာသင်ယူခြင်းဆိုတဲ့ ခမ်းနားတဲ့စာမျက်နှာကို ဖွင့်လှစ်ရေးသားနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံကို အဆိုပြုခြင်းရဲ့ ရည်ရွယ်ချက်မှာ နိုင်ငံအသီးသီးမှပြည်သူများအကြား အပြန်အလှန် နားလည်မှုနဲ့ ခင်မင်ရင်းနှီးမှု တိုးမြှင့် နိုင်ရန်၊ ယဉ်ကျေးမှုအမျိုးမျိုးအကြား သဘောထားကြီးလက်ခံမှုနဲ့ အပြန်အလှန် လေ့လာ သင်ယူမှုများကို မြှင့်တင်နိုင်ရန် ဖြစ်ပါတယ်။ ဤကမ္ဘာကြီးဟာ နိုင်ငံအသီးသီး အတူတကွ ဖွံ့ဖြိုးတိုးတက်ခြင်းကို အပြည့်အဝ လက်ခံနိုင်ပါတယ်။ မတူကွဲပြားတဲ့ယဉ်ကျေးမှုတွေဟာ တန်းတူရည်တူဆက်ဆံခြင်း၊ အပြန်အလှန်လေ့လာသင်ယူခြင်း တို့ကိုအခြေခံပြီး မတူညီမှုများကိုလက်ခံကာ အပြန်အလှန်ဖြည့်ဆည်းပေးနိုင်ပါတယ်။

 

လူကြီးမင်းများ၊ မိတ်ဆွေများ ခင်ဗျာ။

 

စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး ချိတ်ဆက်ပြောဆိုမှုနဲ့ နားလည်မှုကို မြှင့်တင်ခြင်းဟာ နိုင်ငံအသီးသီးအတွက် စိန်ခေါ်မှုများကို အတူရင်ဆိုင်ပြီး အနာဂတ်ကိုအတူဖန်တီးရန် ထိရောက်တဲ့နည်းလမ်းဖြစ်တယ် ဆိုတာကို နှစ် ၇၀ ကြာ သမိုင်းကြောင်းက ထပ်တလဲလဲ သက်သေထူနေပါတယ်။ တစ်ကမ္ဘာလုံးကိုကြည့်ပါက “ကမ္ဘာ့တောင်ဘက်ခြမ်း” (Global South) ရဲ့ အရှိန်အဟုန် ကြီးထွားနေပြီး လူသားတိုးတက်မှုကို မြှင့်တင်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ သမိုင်းကြောင်းရဲ့ စမှတ်သစ်မှာ ရပ်တည်နေရင်း “ကမ္ဘာ့တောင်ဘက်ခြမ်း” က ပိုမိုပွင့်လင်းပြီး လက်ခံနိုင်စွမ်းရှိတဲ့ သဘောထားဖြင့် အတူလက်တွဲချီတက်ကာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို မြှင့်တင်ရာမှာ ရှေ့တန်းနေရာမှာရှိနေသင့်ပါတယ်။

 

ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးကိုထိန်းသိမ်းပေးတဲ့ တည်ငြိမ်တဲ့ခွန်အားအဖြစ် အတူတကွလုပ်ဆောင်ကြပြီး နိုင်ငံများအကြား ကွဲလွဲမှုနဲ့ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြင့် ဖြေရှင်းကြရန် တွန်းအားပေးကာ နိုင်ငံတကာနဲ့ ဒေသတွင်း အရေးပါပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရာမှာ အပြုသဘောဆောင်စွာ ပါဝင်ကြရပါမယ်။ ပွင့်လင်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ကျောရိုးအဖြစ် အတူရပ်တည်ပြီး ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတကာအစီအစဉ်ရဲ့ ဗဟိုအချက်အချာကျတဲ့နေရာသို့ ပြန်လည်တွန်းပို့ကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်ဆက်ဆံရေးကို ပြန်လည်ထူထောင်ရင်း ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၊ တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းအကြား ဆွေးနွေးမှု တို့ကို နက်ရှိုင်းစေရပါမယ်။ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုရဲ့ တည်ဆောက်ရေးခွန်အားအဖြစ် အတူဆောင်ရွက်ရင်း ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ တည်ဆောက်ရေးမှာ တက်တက်ကြွကြွပါဝင်ပြီး သက်ဆိုင်သူအသီးသီးရဲ့ ဘုံအကျိုးစီးပွားကို ကြိုးပမ်းချဲ့ထွင်ကာ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုဖွဲ့စည်းပုံကို ပိုမိုမျှတ၊ ထိရောက်မှုရှိစေရန် တိုးမြှင့်လုပ်ဆောင်ရပါမယ်။ ယဉ်ကျေးမှု အပြန်အလှန်လေ့လာသင်ယူခြင်းကို တွန်းအား ပေးတဲ့ခွန်အားတစ်ရပ်အဖြစ် အတူတကွလုပ်ဆောင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ မတူညီတဲ့ ယဉ်ကျေးမှုများအကြား ချိတ်ဆက်ဆွေးနွေးမှုများကို မြှင့်တင်ကာ နိုင်ငံ စီမံ အုပ်ချုပ်ရေးနဲ့စပ်လျဉ်းတဲ့ ကူးလူးဖလှယ်မှုများကို တိုးမြှင့်လုပ်ဆောင်ရပါမယ်။ ပညာရေး၊ သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှု၊ ဒေသတွင်း၊ အရပ်ဖက်၊ လူငယ် စတဲ့ကဏ္ဍများမှာ ထိတွေ့ ဆက်ဆံမှုများကို နက်ရှိုင်းအောင် လုပ်ဆောင်ရပါမယ်။

 

 “ကမ္ဘာ့တောင်ဘက်ခြမ်း” ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးကူညီပေးရန် အတွက် တရုတ်နိုင်ငံက “ကမ္ဘာ့တောင်ဘက်ခြမ်း” သုတေသနစင်တာကို တည်ထောင်ပြီး လာမယ့် ၅ နှစ်အတွင်း “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများအား “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် ထူးချွန်ပညာသင်ဆု” အရေအတွက် ၁၀၀၀ နှင့် လူဦးရေ ၁ သိန်းကို မွမ်းမံသင်တန်းပေးမှာဖြစ်ကာ “ကမ္ဘာ့တောင်ဘက်ခြမ်း” လူငယ်ခေါင်းဆောင်များ အစီအစဉ်ကို စတင်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက တရုတ်-ကုလသမဂ္ဂ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ တို့ကို ဆက်လက် ကောင်းမွန်စွာ အသုံးပြုပြီး သက်ဆိုင်သူများနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံဆိုင်ရာ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု သရုပ်ပြစင်တာကို အတူတည်ထောင်ကာ “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုးကူညီပေးမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံက နိုင်ငံတကာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအဖွဲ့မှာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနဲ့ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေများကို ဆက်လက်ထားရှိပြီး အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ညီမျှတဲ့ ယွမ်ငွေကို ထပ်မံလှူဒါန်းကာ “ကမ္ဘာ့တောင်ဘက်ခြမ်း” စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုးကူညီပေးမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများနဲ့အတူ လွတ်လပ်စွာကုန်သွယ်မှု အစီအစဉ်များကို ဆွေးနွေးတိုင်ပင်ရန် ဆန္ဒရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ အဆိုပြုခဲ့တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အကူအညီပေးရေးအစီအမံကို ဆက်လက် ထောက်ခံ အားပေးကာ “တရုတ်စီမံကိန်းများ” မှာ ငွေကြေးများ ဆက်လက် ထည့်ဝင် သွားမှာဖြစ်ပါတယ်။ “ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ စိမ်းလန်းစွာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာ စီးပွားရေးနဲ့ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်အစီအစဉ်” မှာ “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများ ပိုမိုပါဝင်လာရန် ကြိုဆိုပါတယ်။ ယခုမှစ၍ ၂၀၃၀ ပြည့်နှစ်အထိ ဖွံ့ဖြိုးဆဲနိုင်ငံများမှ တရုတ်နိုင်ငံသို့ သွင်းကုန်ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ ထရီလီယံကျော်ရှိရန် မျှော်မှန်းထားပါတယ်။

 

လူကြီးမင်းများ၊ မိတ်ဆွေများ ခင်ဗျား။

 

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို တရုတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းရေးသားထားပြီး တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်ဆုံးဖြတ်သည့် ငြိမ်းချမ်းရေး နိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံက တရုတ်အသွင်ပုံစံခေတ်မီမှုဖြင့် အင်အားတောင့်တင်းတဲ့နိုင်ငံ တည်ဆောက်ရေး၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ မွန်မြတ်တဲ့လုပ်ငန်းကို ဘက်စုံ မြှင့်တင်ဆောင်ရွက်နေပါတယ်။ ခရီးစဉ်သစ်မှာ တရုတ်နိုင်ငံက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို ဆက်လက်ပြန့်ပွားအောင်လုပ်ဆောင်ပြီး နိုင်ငံအသီးသီးနဲ့ အတူလက်တွဲကာ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို မြှင့် တင်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်၊ အတူတကွဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် အတွက် ပိုမိုအကျိုးထမ်းရွက်သွားမှာဖြစ်ပါတယ်။

 

ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းမယ့် တရုတ်နိုင်ငံရဲ့ သန္နိဋ္ဌာန်က ပြောင်းလဲမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ကိုလိုနီပြုပြီး လုယူတဲ့လမ်းဟောင်းကို ဘယ်တော့မှလျှောက်လှမ်းမည်မဟုတ်၊ နိုင်ငံအင်အားတောင့်တင်း လာတဲ့အခါ ကြီးစိုးရမယ်ဆိုတဲ့ လမ်းမှားကိုလည်း ဘယ်တော့မှ လျှောက်လှမ်းမည်မဟုတ်၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ လမ်းကြောင်းမှန်ကိုသာ လျှောက်လှမ်းမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကိစ္စရပ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး မှတ်တမ်းဝင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အရေးကြီးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တရုတ်ဝိသေသဆောင်တဲ့ ဖြေရှင်းရန်နည်းလမ်းကို ကြိုးပမ်းရှာဖွေပါတယ်။ ယူကရိန်း အကျပ်အတည်း၊ ပါလက်စတိုင်း-အစ္စရေးပဋိပက္ခ နဲ့ ကိုရီးယားကျွန်းဆွယ်၊ အီရန်၊ မြန်မာ၊ အာဖဂန်နစ္စတန် တို့နဲ့ဆက်နွှယ်တဲ့အရေးကိစ္စတွေမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ တရုတ်နိုင်ငံရဲ့အင်အား တိုးလာတိုင်း ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် တိုးလာခြင်းဖြစ်ပါတယ်။

 

နိုင်ငံအသီးသီးနဲ့ ခင်မင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လိုတဲ့ တရုတ်နိုင်ငံရဲ့ သန္နိဋ္ဌာန်က ပြောင်းလဲမှာမဟုတ်ပါဘူး။ ကျွန်တော်တို့က တန်းတူညီမျှမှု၊ ပွင့်လင်းမှု၊ ပူးပေါင်း ဆောင်ရွက်မှု တို့ကိုအခြေခံတဲ့ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို တက် တက်ကြွကြွ တိုးမြှင့်ပြီး နိုင်ငံအသီးသီးနဲ့ အကျိုးစီးပွားများ ပေါင်းစည်းမှုကို တိုးမြှင့်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပါတယ်။ တရုတ်နိုင်ငံက အင်အားကြီးနိုင်ငံများ အကြား ညှိနှိုင်းဆောင်ရွက်မှုနဲ့ အပြုသဘောဆောင်တဲ့ အပြန်အလှန်ဆက်ဆံမှုတို့ကို တိုးမြှင့်လုပ်ဆောင်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ အလုံးစုံတည်ငြိမ်ရေး၊ ဟန်ချက် ညီစွာဖွံ့ဖြိုးတိုးတက်ရေး တို့နဲ့ပြည့်စုံတဲ့ အင်အားကြီးနိုင်ငံများ ဆက်ဆံရေးအခင်းအကျင်းကို တည်ဆောက်ရန် တွန်းအားပေးပါတယ်။ တရုတ်နိုင်ငံက ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာ ဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်း ဆိုတဲ့ အယူအဆ၊ အိမ်နီးချင်းများနဲ့ ရိုးသားစွာ ပေါင်းသင်းဆက်ဆံခြင်း ဆိုတဲ့ နိုင်ငံခြားရေးမူဝါဒ တို့ကို လိုက်နာပြီး ဘေးပတ်ဝန်းကျင်နိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်မှု၊ အကျိုးစီးပွားများ ပေါင်းစည်းမှုတို့ကို နက်ရှိုင်းစေပါတယ်။ တရုတ်နိုင်ငံက စစ်မှန်မှု၊ ခင်မင် ရင်းနှီးမှု၊ ရိုးသားမှု အယူအဆနဲ့ တရားမျှတမှုနဲ့အကျိုးစီးပွားဆိုင်ရာ မှန်ကန်တဲ့ အတွေးအမြင်များကို လက်ကိုင်စွဲပြီး ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဘုံအကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်ပါတယ်။ တရုတ်နိုင်ငံက စစ်မှန်တဲ့ နိုင်ငံစုံပူးပေါင်း ဆောင်ရွက်ရေး စနစ်ကို လက်တွေ့ကျင့်သုံးပြီး ကမ္ဘာလုံးဆိုင်ရာ စီမံ အုပ်ချုပ်မှု စနစ် ပြုပြင်ပြောင်းလဲရေးနဲ့ ပြီးပြည့်စုံစေရေး လုပ်ငန်းစဉ်မှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပါတယ်။

 

တစ်ကမ္ဘာလုံး အတူတကွဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးလိုတဲ့ တရုတ်နိုင်ငံရဲ့ သန္နိဋ္ဌာန်က ပြောင်းလဲမှာမဟုတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ စီးပွားရေး အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် အားကောင်းတဲ့ခွန်အားတစ်ရပ် ဖြစ်ပါတယ်။ တရုတ်ပြည်သူ ၁.၄ ဘီလီယံကျော် ခေတ်မီမှုဆီသို့ လှမ်းချီ ဝင်ရောက် လာခြင်းဟာ လက်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများရဲ့ စုစုပေါင်းပမာဏထက် ကျော်လွန်တဲ့ ကြီးမားတဲ့စျေးကွက်တစ်ရပ် ဖြစ်လာတာကို ဖော်ပြနေပါတယ်။ တရုတ်နိုင်ငံက ဖွင့်လှစ် ထားတဲ့တံခါးကြီးဟာ ပိုမိုကျယ်ပြန့်လာမှာဖြစ်ပြီး မည်သည့်အခါမျှ ပိတ်သွားမှာမဟုတ်ပါ။ ကျွန်တော်တို့က ပြုပြင်ပြောင်းလဲရေးကို ဘက်စုံနက်ရှိုင်းစွာ တိုးမြှင့်ဖော်ဆောင်ရေးဆိုတဲ့ အရေးကြီးအစီအမံကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပြီး စနစ်စည်းမျဉ်းများ ပွင့်လင်းမြင်သာမှုရှိစေရေး ဆက်လက်တိုးချဲ့လုပ်ဆောင်ကာ ပိုမိုစျေးကွက်ဆန်တဲ့၊ တရား ဥပဒေစိုးမိုးမှုရှိတဲ့၊ နိုင်ငံတကာအဆင့်မီ စီးပွားရေးပတ်ဝန်းကျင်ကို ဖြစ်လာ စေပါ တယ်။ “ခြံဝင်းလေးထဲမှာ တံတိုင်းအမြင့်ကြီး ကာထားခြင်း” ၊ “အချိတ် အဆက် ဖြတ်တောက်ခြင်း” တို့ဟာ သမိုင်းရေစီးကြောင်းနဲ့ ဆန့်ကျင်နေပြီး နိုင်ငံတကာ အသိုက်အဝန်းရဲ့ ဘုံအကျိုးစီးပွားကိုသာ ထိခိုက်စေမှာဖြစ်ပါတယ်။

 

လူကြီးမင်းများ၊ မိတ်ဆွေများ ခင်ဗျား။

 

 “သမိုင်းလမ်းကြောင်းဟာ အမြဲတမ်းချောမွေ့နေတာ မဟုတ်ပါဘူး။ တစ်ခါတရံမှာ အန္တရာယ်များ ခက်ခဲတဲ့အခြေအနေကို ရောက်နေနိုင်ပါတယ်။ ဒါကို ခိုင်မာတဲ့စိတ်ဓာတ်နဲ့သာ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။” ဒါကလွန်ခဲ့တဲ့ နှစ် ၁၀၀ မတိုင်မီက တရုတ်နိုင်ငံရဲ့ တော်လှန်ရေးရှေ့ဆောင်များ ပြောကြားခဲ့တဲ့စကား ဖြစ်ပါတယ်။ ယနေ့မှာ လူသားတို့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကြီးကို မြှင့်တင်ရေးဆိုတဲ့ လက်ဆင့်ကမ်းမှုဟာ ကျွန်တော်တို့ယနေ့ခေတ်ရဲ့မျိုးဆက်များ လက်ထဲကို သမိုင်းဝင် ရောက်ရှိလာပါပြီ။ ကျွန်တော်တို့အတူ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် ထုတ်ပြန်ကြေညာခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်ကို စမှတ်အဖြစ် မှတ်ယူပြီး သမိုင်းပေးတာဝန်များကို ထမ်းရွက်ကာ ရဲဝံ့စွာ အတူလက်တွဲချီတက်ကြရင်း အေးအတူပူ အမျှအသိုက်အဝန်း တည်ဆောက်ရေး၊ လူ့အဖွဲ့အစည်းအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ် ဖန်တီးရေး တို့ကို အတူတကွ တွန်းအားပေးဆောင်ရွက်ကြပါစို့။

 

အားလုံးကိုကျေးဇူးတင်ပါတယ်။