CGTN ရဲ့ စစ်တမ်း - ကမ္ဘာတစ်ဝန်းမှ စစ်တမ်းဖြေဆိုသူ ၈၃.၅% က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို ချီးကျူးခဲ့ကြ

(GMT+08:00)2024-06-28 20:29:35  

“တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊  တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေး ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ တန်းတူရည်တူရှိပြီး နှစ်ဦးနှစ်ဖက်အကျိုး ဖြစ်ထွန်းရန်နှင့်  ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရန်။” လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ မတိုင်မီက တရုတ်နိုင်ငံမှ အဆိုပြုခဲ့တဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ဟာ မငြိမ်မသက်ဖြစ်နေတဲ့ နိုင်ငံတကာအသိုက်အဝန်းအတွက် အားကောင်းတဲ့ ရှင်သန်မှုခွန်အားတွေ ဆက်တိုက် ပေးဆောင် နေပါတယ်။ တရုတ်နိုင်ငံက ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာမှာ အရေးပါတဲ့ အင်အားတစ်ရပ်ဖြစ်တယ်လို့ စစ်တမ်းဖြေဆိုသူ ၈၂% က ချီးကျူးကြကြောင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်မှာ ပါဝင်တဲ့ အချုပ်အခြာအာဏာ၊ တရား မျှတမှု၊ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး တို့ဆိုင်ရာ တန်ဖိုးအမြင်များကို ဖြေဆိုသူ ၈၃.၅% က များစွာ အသိအမှတ်ပြုကြပြီး နိုင်ငံတကာအသိုက်အဝန်းကို ပိုမို ကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက်ရန် တရုတ်နိုင်ငံက ကူညီအားဖြည့်ပေးလိမ့်မယ်လို့ ယူဆကြောင်း China Media Group CGTN က ထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖော်ပြနေပါတယ်။

နှစ်ပေါင်း ၇၀ ကြာ များပြားလှတဲ့လက်တွေ့ဆောင်ရွက်မှုတွေနဲ့အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ဟာ နိုင်ငံတွေအကြားဆက်ဆံရေးကို ကိုင်တွယ်ရာမှာ မြင်တွေ့နိုင်တဲ့၊ ခံစားမိနိုင်တဲ့၊ ကျင့်သုံးလိုက်နာနိုင်တဲ့ စံအပြုအမူများ ဖြစ်လာပါတယ်။ ၎င်းအနက် အချုပ်အခြာအာဏာ တန်းတူညီမျှရေး အဆိုပြုချက်ကို နိုင်ငံတကာ အသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားကြပြီး နိုင်ငံအသီးသီးဟာ အပြန်အလှန်ရဲ့ အဓိကအကျိုးစီးပွားနဲ့ ကြီးမားတဲ့ စိုးရိမ်ပူပန်မှုတွေကို လေးစားသင့်ပါတယ်။ ဒါကို ဖြေဆိုသူ ၈၀.၈% က ချီးကျူးကြပြီး နိုင်ငံအသီးသီးဟာ တန်းတူရည်တူဆက်ဆံမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှု တို့ကို လိုက်နာသင့်ကာ ကြီးစိုးရေးဝါဒ၊ ပါဝါနိုင်ငံရေးနဲ့ အခြားနိုင်ငံများအပေါ် လက်လွတ်စပယ် ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်သင့်တယ်လို့ ယူဆကြပါတယ်။

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို တရုတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ထည့်သွင်းရေးသားထားပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံ အုတ်မြစ်လည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု လုပ်ငန်းစဉ် အတွင်းမှာ ပိုမိုပါဝင်လာပြီး တရုတ်နည်းလမ်းတွေနဲ့ ဉာဏ်ပညာတွေ အဆက်မပြတ် ပံ့ပိုး ပေးနေပါတယ်။ တရုတ်နိုင်ငံက ပိုမိုတရားမျှတမှုရှိပြီး ကျိုးကြောင်းဆီလျော်မှုရှိတဲ့ နိုင်ငံတကာအစီအစဉ် တည်ဆောက်မှုအား ကြိုးပမ်းမြှင့်တင်ဆောင်ရွက်နေမှုအပေါ် ကမ္ဘာတစ်ဝန်းမှပြည်သူများက များစွာ အသိအမှတ်ပြုကြတယ်လို့ စစ်တမ်းရလဒ်မှာ ဖော်ပြနေပါတယ်။ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် အကျိုးပြုနေတယ်လို့ ဖြေဆိုသူ ၇၄.၄% က ယူဆကြပါတယ်။ ဖြေဆိုသူ ၈၄.၇% ကလည်း ၎င်းတို့ရဲ့နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ကောင်းမွန်တဲ့ဆက်ဆံရေးရှိမှုကို ထောက်ခံကြပါတယ်။ တရုတ်နိုင်ငံက တာဝန်သိတဲ့နိုင်ငံအနေနဲ့ နိုင်ငံတကာ အသိုက်အဝန်း အတွက် အပြုသဘောဆောင်တဲ့ အကျိုးပြုမှုတွေ ဆက်လက်ပေးအပ်နိုင်ရန် ဖြေဆိုသူ ၇၆.၄% က မျှော်လင့်ကြပါတယ်။

အထက်ပါအချက်အလက်များကို CGTN က ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့စစ်တမ်း ၂ ရပ်မှာ တွေ့ရတာဖြစ်ပါတယ်။ နိုင်ငံ ၃၆ နိုင်ငံမှ ဖြေဆိုသူဦးရေ ၁၁၇၀၆ ဦး ပါဝင် ဖြေဆိုခဲ့ကြပါတယ်။ ဒီထဲမှာ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ဂျပန် အပါအဝင် ဖွံ့ဖြိုးပြီး နိုင်ငံများနဲ့ ပါကစ္စတန်၊ အိန္ဒိယ၊ တောင်အာဖရိက၊ ဘရာဇီး၊ မက္ကဆီကို စတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများလည်း ပါဝင်ပါတယ်။