“ဖိလစ်ပိုင်သည် အမေရိကန်၏ မိတ်ဆွေ မဟုတ်ဘဲ အမေရိကန်၏ လက်ကိုင်တုတ်ဖြစ်”

(GMT+08:00)2024-06-27 16:23:46  

မကြာခင်က မလေးရှား နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mahathirက အင်တာဗျူးကို လက်ခံ ဖြေကြားရာတွင် အမေရိကန်သည် တောင်ပင်လယ် ဒေသတွင်း နိုင်ငံ မဟုတ်သော်လည်း သက်ဆိုင်ရာ ဒေသတွင်း နိုင်ငံများ အကြား ထိပ်တိုက်ရင်ဆိုင်မှု ပြုလုပ်စေပြီး ၄င်းနိုင်ငံများကို စစ်ပွဲအတွင်းသို့ ကျရောက်စေရန် လှုံ့ဆော်ခြင်း အပေါ် စိတ်ဝင်စားကြောင်း၊ အဘယ်ကြောင့် ဆိုသော် တစ်နေ့နေ့၌ စစ်ပွဲ ဖြစ်ပွားလျှင် အမေရိကန်သည် သက်ဆိုင်ရာ နိုင်ငံများသို့ လက်နက်များကို ရောင်းချနိုင်မည် ဖြစ်သောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဂျာမဏီ တတ်သိပညာရှင်များ အဖွဲ့ ဖြစ်သည့် Schiller သုတေသန ဌာနမှ မကြာခင်က ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် အထက်လွှတ်တော် အမတ်ဟောင်း Richard Blackသည် ဖိလစ်ပိုင် နိုင်ငံအား ခေါင်းအေးအေးထားပြီး အကဲဖြတ် သုံးသပ်ကာ အမေရိကန် နိုင်ငံ၏ လက်ကိုင်တုတ် မဖြစ်ရန် အသိပေးပြောကြားခဲ့ပါသည်။ ၄င်းက လက်နက်ကိုင် အချင်းပွားမှုတွင် ခြေစုံပစ် ပါဝင်မည် ဆိုလျှင် ဖိလစ်ပိုင် ပြည်သူများကို ဘေးဒုက္ခ အတွင်းသို့ ကျရောက်စေမည်သာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အချို့က အမှန်တကယ်တော့ အမေရိကန်သည် ဖိလစ်ပိုင်ကို အသုံးပြုပြီး တရုတ် နိုင်ငံနှင့် ဖြစ်နိုင် ဖွယ်ရာ ရှိသော ပဋိပက္ခကို ဖန်တီးနေခြင်း ဖြစ်ကြောင်း၊ ဖိလစ်ပိုင်သည် အမေရိကန်၏ မိတ်ဆွေ မဟုတ်ဘဲ အမေရိကန်၏ လက်ကိုင်တုတ်ဖြစ်ကြောင်း ပြောကြားခဲပါသည်။

အမှန်တကယ်တော့ ဖိလစ်ပိုင် နိုင်ငံသည် တောင်ပင်လယ် ပြဿနာနှင့် အမေရိကန် ဆက်ဆံရေးတွင် အခြေခံ မှားယွင်းမှု ၂ခုကို ကျူးလွန်နေခြင်း ဖြစ်ပါသည်။ ပထမ အချက်က အမေရိကန် နိုင်ငံခြားရေး မူဝါဒ၏ အရင်းခံ ရည်ရွယ်ချက်မှာ အာရှနှင့် ပစိဖိတ် ဒေသနှင့် တစ်ကမ္ဘာလုံးတွင် ၄င်း၏ ဗိုလ်ကျ လွှမ်းမိုးရေး အာဏာကို ထိန်းသိမ်းကာကွယ်ရန်ပင် ဖြစ်ပါသည်။ ယင်း အတွက် ငုပ်လျှိုးနေသည့် စိန်ခေါ်သူများကို ထိန်းချုပ်ဟန့်တားရန်နှင့် ဖိနှိပ်ရန် လိုအပ်ပါသည်။ တစ်နည်းအားဖြင့် ပြောရလျှင် အမေရိကန်သည် တောင်ပင်လယ် ဒေသ ရေးရာတွင် ပါဝင်သည့် ရည်ရွယ်ချက်မှာ ဖိလစ်ပိုင်-အမေရိကန် မဟာမိတ် ဆက်ဆံမှု အတွက်၊ သို့မဟုတ် ဖိလစ်ပိုင်နှင့် အကြားရှိ ချစ်ကြည်ရေး အတွက် မဟုတ်ဘဲ တရုတ် နိုင်ငံကို အမေရိကန်မှ ထိန်းချုပ်ဟန့်တားရေး မူဝါဒ၏ လက်ကိုင်တုတ်တစ်ခု အဖြစ် ဖိလစ်ပိုင်ကို အသုံးပြုချပါသည်။

ဒုတိယ အချက် ကတော့ ဖိလစ်ပိုင်သည် ပြင်ပ နိုင်ငံကြီး၏ ဗိုလ်ကျ လွှမ်းမိုးရေး အာဏာကို လိုက်ရှာရန် အတွက် လက်ပါးစေ အဖြစ် ဘေးပတ်ဝန်းကျင် အိမ်နီးချင်း နိုင်ငံနှင့် ပဋိပက္ခတွင် ခြေစုံပစ် ပါဝင်နေခြင်းသည် အလွန် မိုက်မဲသည့် လုပ်ရပ် ဖြစ်သည်။ ဖိလစ်ပိုင်သည် အမေရိကန်၏ ကိုလိုနီ ဖြစ်ခဲ့ဖူး၍ ယခုအထိ ဖိလစ်ပိုင်သား အချို့သည် အမေရိကန် အပေါ် မခွဲရက်မခွာရက်သည့် သဘောထား ရှိမြဲရှိနေသေးသည်။ ယင်း စိတ်နေ သဘောထားကြောင့် ဖိလစ်ပိုင်ရဲ့ နိုင်ငံခြား ရေးရာများတွင် အမေရိကန် အပေါ် လွန်စွာ မှီခိုအားထားရခြင်း ဖြစ်စေခဲ့သည်။ ဖိလစ်ပိုင်ရဲ့ နိုင်ငံတော် အာဏာကို ချုပ်ကိုင်ထားသော နိုင်ငံ‌ရေး သမားများသည် ဖိလစ်ပိုင် နိုင်ငံတော် အကျိုးစီးပွား စစ်စစ်ကို လျစ်လျူရှုပြီး နိုင်ငံကို ကိုယ်ကျိုးစီးပွား လိုက်ရှာရန် လက်ကိုင်တုတ် အဖြစ် အသုံးပြုနေသည်။ ယင်းသည် ဖိလစ်ပိုင် ပြည်သူများ အတွက် အန္တရာယ် ရှိပြီး ဝမ်းနည်းဖွယ် ကောင်းသည်။