ထိုင်ဝမ် ရေလက်ကြား အခြေအနေ၏ အကြီးဆုံး စိန်ခေါ်မှုသည် "ထိုင်ဝမ် သီးခြားတည်ရှိမှု" သွေးခွဲရေး လှုပ်ရှားမှုများနှင့် ပြင်ပမှ အင်အားစုများ၏ နှောင့်ယှက် ဖျက်ဆီးမှုများ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-06-26 14:29:11  

  ဇွန်လ ၂၅ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့သည်။ တရုတ်နိုင်ငံက "ထိုင်ဝမ် သီးခြားတည်ရှိရေး တယူသန်သမားများ၏ နိုင်ငံတော် သွေးခွဲမှုနှင့် နိုင်ငံတော် သွေးကွဲအောင် သွေးထိုးလှုံ့ဆော်မှုများကို ဥပဒေနှင့်အညီ အရေးယူခြင်း လမ်းညွှန်အဆိုပြုချက်" ထုတ်ပြန်ခဲ့ခြင်းအား အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြစ်တင် ဝေဖန်ခြင်းနှင့် ပတ်သက်ပြီး သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားရာတွင် မော်နင်က အမေရိကန်၏ သက်ဆိုင်ရာ ပြောကြားချက်အပေါ် မိမိတို့ ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်ပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ထိန်းသိမ်းခြင်းသည် အချုပ်အခြာအာဏာ နိုင်ငံတိုင်း၏ မွန်မြတ်သော အခွင့်အရေး ဖြစ်ကြောင်း၊ မည်သည့် ပြင်ပမှ အင်အားစု မဆို ယင်းအပေါ် အရမ်းကာရောပြောခွင့်မရှိကြောင်း၊ နိုင်ငံတော် သွေးခွဲမှု ပြုလုပ်သည့်၊ နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးကို ဖျက်ဆီးသည့် "ထိုင်ဝမ် သီးခြားတည်ရှိရေး" တယူသန်သမားများအား ဥပဒေနှင့်အညီ အရေးယူခြင်းသည် ဥပဒေ စိုးမိုးရေးဆိုင်ရာ မရှိမဖြစ် လိုအပ်ချက် ဖြစ်ပြီး နိုင်ငံတော် အချုပ်အခြာအာဏာ၊ တစ်ပေါင်းတစ်စည်းတည်းဖြစ်ရေးနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ရန် လုပ်သင့်လုပ်ထိုက်သော ဆောင်ရွက်ချက် ဖြစ်၍ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိရေးမူကို စွဲကိုင်ရေးနှင့် ထိုင်ဝမ် ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းရေးဆိုင်ရာ အားကောင်းသော အာမခံပေးချက် ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် ထိုင်ဝမ် ရေလက်ကြား အခြေအနေ၏ အကြီးဆုံး စိန်ခေါ်မှုသည် "ထိုင်ဝမ် သီးခြားတည်ရှိမှု" သွေးခွဲရေး လှုပ်ရှားမှုများနှင့် ပြင်ပမှ အင်အားစုများ၏ နှောင့်ယှက် ဖျက်ဆီးမှုများ ဖြစ်ကြောင်း၊ အမေရိကန် အနေနှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို အမှန်စင်စစ် ထိန်းသိမ်းလိုပါက တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိရေးမူနှင့် တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း သုံးရပ်ကို ထိရောက်စွာ လိုက်နာပြီး ထိုင်ဝမ် သီးခြားတည်ရှိရေးကို မထောက်ခံ ဟူသော ကတိပြုချက်ကို လိုက်နာ၍ တရုတ်ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းနှင့် မည်သည့်အသွင်ပုံစံဖြင့်မဆို ထိုင်မဝမ် သီးခြားတည်ရှိမှု သွေးခွဲရေး အင်အားများအား မှားယွင်းသော အချက်ပြခြင်းကို ရပ်တန့်သင့်ကြောင်း ပြောကြားခဲ့ပါသည်။