ရှီကျင့်ဖိန်သည် ပိုလန် သမ္မတ ဒူတာနှင့် တွေ့ဆုံ

(GMT+08:00)2024-06-25 11:26:58  

   ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်နေသော ပိုလန် သမ္မတ ဒူတာနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

  ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ပိုမိုများပြားသော အရည်အသွေး ကောင်းမွန်သည့် ပိုလန် လယ်ထွက်ကုန်များ တရုတ်ဈေးကွက်သို့ ဝင်ရောက်လာရန် ကြိုဆိုကြောင်း၊ နှစ်ဖက် ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့ရန် ထောက်ခံကြောင်း၊ ပိုလန်နိုင်ငံက တရုတ် လုပ်ငန်းကုမ္ပဏီများအတွက် တရားမျှတပြီး ခွဲခြားဆက်ဆံမှု ကင်းမဲ့သော ကုန်သွယ်ရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံသည် ပိုလန် နိုင်ငံသားများအတွက် ၁၅ ရက်တာ တစ်ဖက်သတ် ဗီဇာကင်းလွတ်ရေး မူဝါဒကို ကျင့်သုံးရန် ဆုံးဖြတ်ထားကြောင်း၊ တရုတ်နိုင်ငံ အနေနှင့် ပိုလန်အပါအဝင် အခြား နိုင်ငံများနှင့် အတူ တရုတ်- အလယ်အရှေ့ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး စည်းစနစ် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပြီး တရုတ်နှင့် ဥရောပ ဆက်ဆံမှု တည်ငြိမ်ကောင်းမွန်စွာ တိုးတက် ရေးကို တွန်းအားပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။

   ဒူတာက ပိုလန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ကဏ္ဍစုံ ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုကြောင်း၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု တစ်ဆင့်တိုးမြှင့်ရန် တွန်းအားပေးပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တိုးတက်ရေးအတွက် အကျိုးပြု စွမ်းဆောင်ပေးလိုပါကြောင်း၊ လာမည့်နှစ် ပထမ နှစ်ဝက်ပိုင်းတွင် ပိုလန်နိုင်ငံသည် ဥရောပသမဂ္ဂ အလှည့်ကျ သဘာပတိနိုင်ငံ အဖြစ် ထမ်းဆောင်မည် ဖြစ်ပြီး ပိုလန်နိုင်ငံသည် ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံမှု တွန်းအားပေးရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက် လိုပါ ကြောင်း ပြောကြားခဲ့ပါသည်။

   တွေ့ဆုံဆွေးနွေးပွဲအပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ ရှေ့မှောက်၌ နှစ်နိုင်ငံအကြား စီးပွားကုန်သွယ်ရေးနှင့် စိုက်ပျိုးရေး အပါအဝင် နယ်ပယ်များစွာ၌ ပူးပေါင်းဆောင်ရွက်ရေး စာတမ်းများကို ချုပ်ဆိုခဲ့ကြပါသည်။ နှစ်ဖက်တို့သည် တရုတ်နှင့် ပိုလန်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု တိုးမြှင့်ရေး ဆောင်ရွက်ချက် စီမံကိန်း ( ၂၀၂၄-၂၀၂၇)ကို ထုတ်ပြန်ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။