ညှိနှိုင်းဆွေးနွေးခြင်းသည် တရုတ်-ဥရောပ သမဂ္ဂ အကြား ကုန်သွယ်ရေး အငြင်းပွားမှုကို ဖြေရှင်းရန် မှန်ကန်သည့် လမ်းကြောင်းဖြစ်

(GMT+08:00)2024-06-25 14:46:48  

ယခုလ ၂၂ရက်နေ့က တရုတ် ကုန်သွယ်ရေး ဝန်ကြီး Wang Wentaoသည် ဥရောပ သမဂ္ဂ ကော်မရှင် အမှုဆောင် ဒုဥက္ကဋ္ဌ၊ ကုန်သွယ်ရေး ကော်မတီဝင် Valdis Dombrovskisနှင့် ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ တရုတ် လျှပ်စစ်ကားများ အပေါ် ဥရောပ သမဂ္ဂမှ ထောက်ပံ့ကြေး ဆန့်ကျင်ရေး စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုကို စတင်ရန် နှစ်ဖက်တို့က သဘောတူကြပါသည်။ ယင်းသည် တရုတ်-ဥရောပ နှစ်ဖက်တို့က ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ကုန်သွယ်ရေး အငြင်းပွားမှုကို စီမံထိန်းချုပ်ရန် ဆန္ဒရှိကြောင်း ပြဆိုနေပါသည်။

တရုတ် လျှပ်စစ်ကားများ အပေါ် ဥရောပ သမဂ္ဂမှ အခွန်တိုးကောက်ခြင်းကို မကြာခင် ရက်များတွင် ဥရောပ နိုင်ငံရေး လောကနှင့် စက်မှုလုပ်ငန်း လောကမှ ဆန့်ကျင်သည့် အသံများ ပိုမိုကျယ်လောင်လာပါသည်။ လွန်ခဲ့သည့် သီတင်းပတ် နောက်ဆုံးနေ့ တရုတ် ခရီးစဉ် အတောအတွင်း ဂျာမနီ ဒုတိယ ဝန်ကြီးချုပ်၊ စီးပွားရေးနှင့် ရာသီဥတု ထိန်းသိမ်းကာကွယ်ရေး ဝန်ကြီး Robert Habeckက လက်ရှိအခြေအနေတွင် အခွန်တိုးကောက်ခြင်းသည် အဆိုးရွားဆုံး နည်းလမ်းဖြစ်ပြီး ကုန်သွယ်ရေး အငြင်းပွားမှုကို အရှိန်မြင့်လာသည့် ဆိုးရွားသော စက်ဝန်းအတွင်း ဝင်ရောက်စေမည် ဖြစ်ကြောင်း၊ ညှိနှိုင်းဆွေးနွေးခြင်းသည်သာ ဖြေရှင်းရေး နည်းလမ်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဥရောပ မော်တော်ယာဉ် လုပ်ငန်း နယ်ပယ်မှ ပုဂ္ဂိုလ်များက တရုတ် လျှပ်စစ်ယာဉ်များ အပေါ် မြင့်မားသော အခွန်ကောက်ယူမှု အတားအဆီး ထားရှိခြင်းသည် ဥရောပ စားသုံးသူများ၏ အကျိုးစီးပွားကို ထိခိုက်စေပြီး ဥရောပ သမဂ္ဂ-တရုတ် မော်တော်ယာဉ် စက်မှု လုပ်ငန်း ကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုကို ဖျက်ဆီးကာ ဥရောပ သမဂ္ဂ၏ မြစိမ်းရောင်နှင့် ကာဗွန်ထုတ်လွှတ်မှု နည်းပါးစေခြင်း ဆိုင်ရာ အသွင်ကူးပြောင်းရေး ကို နှောင့်နှေးစေမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။

ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဖြင့် ယှဉ်ပြိုင်နိုင်စွမ်းကို ကာကွယ်ပေးနိုင်မည် မဟုတ်ပါ။ တရုတ် နိုင်ငံ၏ စွမ်းအင်သစ် လုပ်ငန်းသည် ထောက်ပံ့ကြေးနှင့် တရားမျှတမှု မရှိသည့် ယှဉ်ပြိုင်မှု အပေါ် အားကိုးခြင်း မဟုတ်ဘဲ ပြင်းထန်သော ဈေးကွက် ယှဉ်ပြိုင်မှုများတွင် ဖွံ့ဖြိုးတိုးတက်လာခြင်း ဖြစ်ပါသည်။ တရုတ်ဘက်သည် တရုတ်-ဥရောပ ကုန်သွယ်ရေး အငြင်းပွားမှု အရှိန်မြင့်လာခြင်းကို မမြင်လိုဘဲ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် တစ်ဖက်၏ စိုးရိမ်မှုကို တစ်ဖက်က ထောက်ထားပြီး ဆင်ခြင်မှု ရှိကာ ပရော်ဖက်ရှင်နယ် ပုံစံဖြင့် ပြဿနာကို ကိုင်တွယ်ဖြေရှင်းလိုပါသည်။ တစ်ချိန်တည်းတွင် ဥရောပ သမဂ္ဂ အနေနှင့် နိုင်ငံရေး ဆိုင်ရာ အတွေးအခေါ် အယူအဆနှင့် ကာလတို အကျိုးစီးပွားမှ ခြယ်လှယ်ချုပ်ကိုင်မှုကို ဖယ်ရှားပြီး ညှိနှိုင်းဆွေးနွေးခြင်းဖြင့် နှစ်ဖက်တို့ လက်ခံကြသော၊  နှစ်ဖက်တို့၏ အကျိုးစီးပွားများနှင့် ကိုက်ညီသော အကျိုးရလဒ် ရရှိရန်လည်း တရုတ်ဘက်က မျှော်လင့်ထားပါသည်။