တရုတ်နှင့် သြစတြေးလျ နှစ်နိုင်ငံ ကောင်းမွန်သောဆက်ဆံရေး အရှိန်ကို မည်သို့ ထိန်းသိမ်းထားသနည်း

(GMT+08:00)2024-06-19 10:06:01  

ဇွန်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် သြစတြေးလျ နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ခဲ့ပါသည်။ နှစ်ဖက်တို့သည် တရုတ်နှင့် သြစတြေးလျ ဝန်ကြီးချုပ်များ နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးပွဲ အောင်မြင်မှု ရလဒ်များ ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး စီးပွားကုန်သွယ်ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူခဲ့ကြပါသည်။ သြစတြေးလျ ဝန်ကြီးချုပ် Albanese က တရုတ် ဝန်ကြီးချုပ်၏ ယခုအကြိမ် ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံမှု တည်ငြိမ်စေရေးဆိုင်ရာ လွန်စွာ အရေးကြီးသည့် ခြေလှမ်းတစ်လှမ်း ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

  ယခုနှစ်သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သြစတြေးလျနိုင်ငံ၌ တိုင်းရေးပြည်ရာ ကိစ္စဖြင့် ခရီးလှည့်လည်ခဲ့ခြင်းနှင့် တရုတ်နှင့် သြစတြေးလျတို့ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု ထားရှိခဲ့ခြင်း ၁၀ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း နှစ်နိုင်ငံ ဆက်ဆံမှုသည် တစ်လျှောက်လုံး တည်ငြိမ်သည် မဟုတ်ဘဲ မတည်မငြိမ်မှုများနှင့်လည်း ကြုံတွေ့ခဲ့ဖူးသည်။ တရုတ်နှင့် သြစတြေးလျ နှစ်နိုင်ငံ ကောင်းမွန်သော ဆက်ဆံရေး အရှိန်ကို မည်သို့ ထိန်းသိမ်းထားသနည်း။ အရေးအကြီးဆုံးမှာ အပြန်အလှန် လေးစားခြင်း၊ သဘောတူညီမှုများ ရှာကြံပြီး သဘောကွဲလွဲမှုများကို ဖယ်ရှားခြင်းနှင့် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။

  နိုင်ငံ အချင်းချင်း ဆက်ဆံရာတွင် အဓိကကျသည့်ကိစ္စသည် တစ်ဖက်သား၏ နိုင်ငံတော်အခြေအနေနှင့် အကျိုးစီးပွားများကို လေးစားခြင်းပင် ဖြစ်ပါသည်။ ယခုအကြိမ် နှစ်ဖက် ဝန်ကြီးချုပ်များ တွေ့ဆုံဆွေးနွေးပွဲတွင် သြစတြေးလျဘက်က ထိုင်ဝမ် သီးခြားတည်ရှိရေးကို မထောက်ခံဘဲ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ပြတ်ပြတ်သားသား ထောက်ခံကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှု ဆက်တိုက် တိုးတက် ကောင်းမွန်လာအောင် တွန်းအားပေးမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ယင်း သဘောထား ဖော်ပြချက်များကို အမှန်စင်စစ် ဖော်ဆောင်ပါက နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှု အခြေခံ အုတ်မြစ်ကို ဆက်တိုက် ခိုင်ခံ့စေမည် ဖြစ်ပါသည်။

   တရုတ်နှင့် သြစတြေးလျ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အားသာချက်များ အပြန်အလှန် ဖြည့်စွက်နိုင်ပြီး ပူးပေါင်းဆောင်ရွက်ရန် အလားအလာ ကောင်းမွန်ပါသည်။ တရုတ်နိုင်ငံသည် သြစတြေးလျ၏ ပထမ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်၊ တင်ပို့မှု ဈေးကွက်နှင့် တင်သွင်းမှု အရင်းအမြစ်နေရာ ၁၅ နှစ် ဆက်တိုက် ဖြစ်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်အတွင်း နှစ်ဖက်အကြား ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၂၉.၂ ဘီလီယံ အထိ ရှိခဲ့သည်။

   တရုတ်နှင့် သြစတြေးလျ ဆက်ဆံမှု ပြန်လည် တိုးတက်ကောင်းမွန်လာခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ ဘုံအကျိုးစီးပွားများနှင့် ကိုက်ညီရုံသာမက ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး ထိန်းသိမ်းကာကွယ်ရန် လိုအပ်ချက်လည်း ဖြစ်ကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါသည်။