နိုင်ငံခြားလုပ်ငန်းရှင်များ ဘာဖြစ်လို့ တရုတ်ဈေးကွက်ကို ရွေးချယ်ကြတာလဲ

(GMT+08:00)2024-06-18 15:42:52  

 တရုတ်အစိုးရက ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မေလအတွင်း စီးပွားရေး လည်ပတ်မှု အခြေအနေ စာရင်းဇယားဟာ နိုင်ငံခြား လုပ်ငန်းရှင်များအတွက် တရုတ်ပြည် စီးပွားရေး အခြေအနေကို အကဲခတ်ဖို့ ပြတင်းပေါက် တစ်ချပ်ကို ဖွင့်ပေးထားတယ်။ မေလအတွင်း တရုတ်ပြည် အတိုင်းအတာ အသင့်အတင့်ရှိတဲ့ စက်မှု လုပ်ငန်းများ၏ တန်ဖိုး တိုးတက်မှုပမာဏဟာ ပြီးခဲ့တဲ့နှစ် မေလကထက် ၅.၆ ရာခိုင်နှုန်း တိုးလာခဲ့တယ်။ လုပ်ငန်းကုမ္ပဏီများရဲ့ ကုန်ထုတ်လုပ်မှု ခန့်မှန်းခြေ အညွှန်းကိန်းဟာ ၅၄.၃ ရာခိုင်နှုန်း ရှိပြီး ဝန်ဆောင်မှုလုပ်ငန်းများ လည်ပတ်မှု ခန့်မှန်းခြေ အညွှန်းကိန်းဟာ ၅၇ ရာခိုင်နှုန်း ရှိကာ အသင့်အတင့် မြင့်မားတဲ့ နေရာမှာ ဆက်လက် ထိန်းထားနိုင်ခဲ့တယ်။ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ အတိုင်းအတာ အသင့်အတင့်ရှိတဲ့ စက်မှုလုပ်ငန်းများရဲ့ အမြတ်အစွန်းဟာ ပြီးခဲ့တဲ့နှစ် အလားတူ အချိန်ပိုင်းကထက် ၄.၃ ရာခိုင်နှုန်း တိုးလာခဲ့တယ်။ ခြုံပြီး ပြောရင် တရုတ်ပြည် စီးပွားရေး လည်ပတ်မှု အခြေအနေ တည်ငြိမ်ပြီး အဓိက အညွှန်းကိန်းများ ပြန်လည် တိုးမြင့်လာခဲ့ပါတယ်။ အဲဒါတွေဟာ နိုင်ငံခြား လုပ်ငန်းရှင်များရဲ့ တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရေးဆိုင်ရာ ယုံကြည်စိတ်တွေ ပိုမို ခိုင်ခံ့လာစေပါတယ်။

   တရုတ်ဈေးကွက်များ အတိုင်းအတာ ကြီးမားခြင်းဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်တဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ ဒီနှစ် မေလအတွင်း တရုတ်ပြည်မှာ စားသုံးကုန် လက်လီရောင်းချမှု စုစုပေါင်းပမာဏဟာ ပြီးခဲ့တဲ့နှစ် မေလကထက် ၃.၇ ရာခိုင်နှုန်း တိုးလာပြီး ယခုနှစ် ဧပြီလကထက် ၁.၄ ရာခိုင်နှုန်း တိုးလာခဲ့တယ်။ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ စားသုံးမှု ပမာဏဟာ အသင့်အတင့် လျင်မြန်စွာ တိုးတက် လာပြီး ယခုနှစ် ပထမ ၅ လအတွင်း ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ လက်လီရောင်းချမှု စုစုပေါင်း ပမာဏဟာ ပြီးခဲ့တဲ့နှစ် အလားတူအချိန်ပိုင်းကထက် ၇.၉ ရာခိုင်နှုန်း တိုးလာခဲ့တယ်။

  အဆင့်မြင့်နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများ မြန်ဆန်ခြင်းဟာလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်တဲ့ အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။ ယခုနှစ် မေလ အတွင်း အတိုင်းအတာ အသင့်အတင့်ရှိတဲ့ အဆင့်မြင့်နည်းပညာ ကုန်ထုတ်လုပ်မှု တန်ဖိုး တိုးတက်မှု ပမာဏဟာ ပြီးခဲ့တဲ့နှစ် မေလကထက် ၁၀ ရာခိုင်နှုန်း တိုးလာပြီး အတိုင်းအတာ အသင့်အတင့်ရှိတဲ့ စက်မှုလုပ်ငန်း တစ်ခုလုံးထက် ၄.၄ ရာခိုင်နှုန်း ပိုမြင့်ပါတယ်။ တရုတ် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ရေး၊ စမတ်ဖြစ်ရေး၊ အစိမ်းရောင် အသွင်ကူးပြောင်းရေး  ထင်ရှားသိသာကာ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားများကို လျင်မြန်စွာ ဖြစ်တည် ဖော်ဆောင်လျက်ရှိပါတယ်။

   ဆန်းသစ်တီထွင်စွမ်းအားများ အဆက်မပြတ် မြှင့်တင်လာခြင်း၊ မက်ခရို မူဝါဒများ အားကောင်းစွာ ဖော်ဆောင်ခြင်း၊ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးကို ဇောက်ချ တိုးချဲ့လာခြင်းတို့နဲ့အညီ တရုတ်စီးပွားရေးဟာ ဆက်လက် ဦးမော့ တိုးတက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး တရုတ်ဈေးကွက်ဟာ နိုင်ငံခြား လုပ်ငန်းရှင် အများအပြားတို့ရဲ့ ရင်းနှီးမြှုပ်နှံဖို့ ရွေးချယ်စရာ ဖြစ်လာခြင်းဟာ သဘာဝကျ ကြောင်း China Media Groupမှ ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။