ကန်စသည့်အနည်းစုနိုင်ငံများမှ အခြားနိုင်ငံများအား တစ်ဖက်သတ်အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခြင်းကို တရုတ် ဆန့်ကျင်

(GMT+08:00)2024-06-14 15:01:28  

   ဇွန်လ ၁၃ ရက်နေ့က ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ “တစ်ဖက်သတ် စီးပွားရေး အရေးယူပိတ်ဆို့မှုဖြင့် နိုင်ငံရေးနှင့် စီးပွားရေး ခြိမ်းခြောက်မှုနည်းလမ်း အဖြစ်ထားခြင်းကို ပယ်ရှားရန်” ဟူသော ဆောင်ပုဒ်ဖြင့် အရေးယူ ပိတ်ဆို့မှုပြဿနာဆိုင်ရာ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းဒုတိယကိုယ်စားလှယ် Geng Shuang က မိန့်ခွန်းပြောကြားရာတွင် တစ်ဖက်သတ်အရေးယူ ပိတ်ဆို့မှုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် အကောင်အထည်ဖော်ရန် ဟန့်တားခြင်း ဖြစ်ကာ အခြားနိုင်ငံများ၏ လူ့အခွင့်အရေးကို ထိခိုက်ခြင်းဖြစ်၍ ဗိုလ်ကျစိုးမိုးမှုဝါဒနှင့် ဗိုလ်ကျမှု နိုင်ငံရေး၏ စုစည်းဖော်ပြမှုပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    Geng Shuang က အမေရိကန်နိုင်ငံစသည့် အနည်းစုနိုင်ငံများမှ အခြားနိုင်ငံများအား တစ်ဖက်သတ်အရေးယူ ပိတ်ဆို့မှုများကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းသည် သက်ဆိုင်ရာ နိုင်ငံများအကြား ပုံမှန်သော စီးပွားကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများအား ပြင်းထန်စွာ အနှောင့်အယှက်ပေးခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်မှုကွန်းဆက်နှင့် ထောက်ပံ့ရေး ကွန်းဆက် တည်ငြိမ်မှုနှင့် စားနပ်ရိက္ခာ၊ စွမ်းအင်၊ ငွေရေးကြေးရေး လုံခြုံမှုများကို ပြင်းထန်စွာ ခြိမ်းခြောက်ခြင်းဖြစ်ကာ ကမ္ဘာ့စီးပွားရေးစည်းစနစ်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် အကောင်အထည်ဖော်ရန် သက်ဆိုင်ရာနိုင်ငံများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ပြင်းထန်စွာ ထိခိုက်စေခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံ စသည့်အနည်းစုနိုင်ငံများအား နိုင်ငံတကာအသိုင်းအဝန်း၏ တရားမျှတသော အသံကို ကြားနာပြီး တစ်ဖက်သတ်အရေးယူ ပိတ်ဆို့မှုများကို ချက်ချင်း ဆုံးခန်းတိုင်ပြီးအောင် ဖျက်သိမ်းရန် ပန်ကြားလိုက်ပါသည်။