တရုတ်နိုင်ငံ၏ စီးပွားရေးသည် လှိုင်းတံပိုးများကြားမှ ရှေ့ဆက်သွားရန် ယုံကြည်မှုနှင့် ခွန်အားရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2024-06-14 14:59:25  

မကြာသေးမီက ကမ္ဘာ့ဘဏ်မှ နောက်ဆုံးထုတ် တစ်ကမ္ဘာလုံးစီးပွားရေးမျှော်မှန်းချက် အစီရင်ခံစာ၌ ၂၀၂၄ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေး ခန့်မှန်းခြေတိုးတက်နှုန်းကို ၄.၅ ရာခိုင်နှုန်းမှ ၄.၈ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပါသည်။ ဇွန်လ ၁၃ ရက်နေ့က ကျင်းပ သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က မိမိတို့အနေဖြင့် ကမ္ဘာ့ဘဏ်၏ သက်ဆိုင်ရာ အစီရင်ခံစာကို သတိပြုမိသကဲ့သို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှ မကြာသေးမီက တရုတ်နိုင်ငံ၏ စီးပွားရေး ခန့်မှန်းခြေ တိုးတက်နှုန်း ထပ်မံတိုးမြှင့်ခဲ့သည်ဟုလည်း သတိပြုမိကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တရုတ်နိုင်ငံ၏ စီးပွားရေး ခန့်မှန်းခြေ တိုးတက်နှုန်း အသီးသီးတိုးမြင့်ခြင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် ယုံကြည်စိတ်ရှိသည်ဟု အပြည့်အဝ ပြဆိုနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

    ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က ကမ္ဘာ့ဒုတိယအကြီးဆုံးသော စီးပွားရေး အုပ်စုနှင့် တစ်ကမ္ဘာလုံးစီးပွားရေး၏ အရေးကြီးသော အစိတ်အပိုင်းအဖြစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှု အတွက် တရုတ်နိုင်ငံ၏ စီးပွားရေး ပံ့ပိုးကူညီမှုနှုန်းသည် မြင့်မားသောအဆင့်နေရာတွင် ကာလရှည်ကြာစွာ ရှိနေခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေး ဆက်တိုက်ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခြင်းမှာ ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့လာခြင်းအတွက် ကြီးမားသော တွန်းအားပေးမှု ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က ရှုပ်ထွေးပြီး ပြောင်းလဲလျက်ရှိသော နိုင်ငံတကာ ပတ်ဝန်းကျင်နှင့် ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် လှိုင်းတံပိုးများကြားမှ ရှေ့ဆက်သွားရန် ယုံကြည်မှုနှင့် ခွန်အားရှိကြောင်း၊ မိမိတို့အနေဖြင့် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးအမြတ်နှင့် အခွင့်အလမ်းများကို ကမ္ဘာနှင့် မျှဝေ ခံစားပြီး ကမ္ဘာ့ခေတ်မီရေးဖြစ်စဉ် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရန် လက်တွဲကြိုးပမ်း ဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။