အဘယ်ကြောင့် ဥရောပ သမဂ္ဂမှ အခွန်တိုးကောက်ခြင်းဖြင့် တရုတ် မော်တော်ယာဉ် အပေါ် ဖိနှိပ်သည့် လုပ်ရပ်ကို ဥရောပ မော်တော်ယာဉ် ကုမ္ပဏီများက ဆန့်ကျင်ကြသနည်း

(GMT+08:00)2024-06-14 13:34:22  

တရုတ် နိုင်ငံမှ တင်သွင်းသော လျှပ်စစ်ကားများ အပေါ် အမြင့်ဆုံး ၃၈.၁ရာခိုင်နှုန်း အထိ ဖြစ်သည့် ထောက်ပံ့ကြေး ဆန့်ကျင်ရေး ဆိုင်ရာ ယာယီ အခွန် ကောက်ယူရန် စီစဉ်ထားသည်ဟု မကြာခင်က ဥရောပ သမဂ္ဂ ကော်မရှင်၏ ကြေညာချက်နှင့် ပတ်သက်၍  ယခုလ ၁၃ရက်နေ့က ဂျာမဏီ နိုင်ငံ Volkswagen မော်တော်ယာဉ် ကော်ပိုရေးရှင်း အုပ်စုက CMGမှ အင်တာဗျူးကို လက်ခံဖြေကြားရာတွင် ဥရောပ၊ အထူးသဖြင့် ဂျာမဏီ မော်တော်ယာဉ် လုပ်ငန်းများ အတွက် ယင်းဆုံးဖြတ်ချက်သည် ကောင်းကျိုးထက် ဆိုးကျိုး ပိုများပြီး ဥရောပ မော်တော်ယာဉ် လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်း တိုးမြင့်ရေး အတွက် အကျိုးမရှိကြောင်း၊ ဥရောပ သမဂ္ဂသည် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒကို မကျင့်သုံး သင့်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့အပြင် Mercedes-Benzနှင့် BMW စသည့် ဥရောပ မော်တော်ယာဉ် လုပ်ငန်း ကုမ္ပဏီများသည်လည်း ယင်းဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြောင်း၊ အခွန်တိုးကောက်ခြင်းသည်  ဥရောပ မော်တော်ယာဉ် လုပ်ငန်း ကုမ္ပဏီများ၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးပြီး ဥရောပ၏ အကျိုးစီးပွားကို ထိခိုက်စေလိမ့်မည် ဖြစ်ကြောင်း ဖော်ပြခဲ့ကြပါသည်။ ဥရောပ မော်တော်ယာဉ် လုပ်ငန်း ကုမ္ပဏီများကို ကာကွယ်ပေးသည့် ၄င်းအခွန်တိုးကောက်ရန် ဆုံးဖြတ်ချက်က ဥရောပ မော်တော်ယာဉ် လုပ်ငန်း ကုမ္ပဏီများမှ ဆန့်ကျင်မှုများ ခံရခြင်းသည် ဥရောပ သမဂ္ဂ ကော်မရှင်မှ ၄င်းဆုံးဖြတ်ချက်က  ဥရောပ မော်တော်ယာဉ် လုပ်ငန်း ကုမ္ပဏီများကို ကာကွယ်ရန် ရည်ရွယ်သည် မဟုတ်ဘဲ နိုင်ငံရေး ကြိုးကိုင်ခြင်းပင် ဖြစ်ကြောင်း ပြဆိုနေပါသည်။

ဥရောပ သမဂ္ဂ အနေနှင့် ဆန့်ကျင်သည့် အသံများကို မငဲ့ကွက်ဘဲ အခွန်တိုးကောက်ခြင်း ဖြင့် တရုတ် လျှပ်စစ်ကားများ အပေါ် ဘာကြောင့်အတင်းအကျပ် ဖိနှိပ်သနည်း။ နောက်ကွယ် အကြောင်းရင်းများမှာ ဥရောပ အတွင်းပိုင်း ရှုပ်ထွေးသော အကျိုးစီးပွားဆိုင်ရာ အားပြိုင်ခြင်း ကြောင့် ဖြစ်သည့် အပြင် ဥရောပဘက်မှ လူအချို့၏ သဘောထား ၃ခုနှင့် ပတ်သက်ခြင်း ကြောင့်လည်း ဖြစ်ပါသည်။ ပထမ အချက်က တရုတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖိနှိပ်သည့် သဘောထား ရှိခြင်းကြောင့် ဖြစ်ပါသည်။ ဒုတိယ အချက် ကတော့ တရားမျှတစွာ ယှဉ်ပြိုင်မှုကို ကြောက်ရွံ့သည့် သဘောထား ရှိခြင်းကြောင့် ဖြစ်ပါသည်။ တတိယ အချက်က အမေရိကန်ကို အလိုလိုက် အကြိုက်ဆောင်သည့် သဘောထား ရှိခြင်းကြောင့် ဖြစ်ပါသည်။

အခွန်တိုးကောက်ခြင်းဖြင့် ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်နိုင်မည် မဟုတ်သလို ကုန်သွယ်မှု စစ်ပွဲတွင် အနိုင်ရရှိသူလည်း မရှိကြောင်း သမိုင်းမှ ရရှိသည့် သင်ခန်းစာများက ထပ်ခါတလဲလဲ သက်သေပြနိုင်ပါသည်။ တရုတ် လျှပ်စစ်ကား လုပ်ငန်း၏ အားသာချက်ကို လုပ်ငန်း ထောက်ပံ့ကြေးပေးခြင်းဖြင့် ရရှိတာ မဟုတ်ဘဲ အပြည့်အဝ ယှဉ်ပြိုင်မှုများဖြင့် ရရှိတာ ဖြစ်ပါသည်။ ဥရောပ သမဂ္ဂ အနေနှင့် အလွှာပေါင်းစုံမှ ပကတိ အတိုင်း ဆင်ခြင်မှု ရှိသည့် အသံများကို လေးနက်စွာ နာကြားပြီး မှားယွင်းသော လုပ်ရပ်ကို ချက်ချင်း ပြုပြင်ကာ စီးပွားကုန်သွယ်ရေး ပြဿနာကို နိုင်ငံရေး ကိစ္စ အဖြစ် လုပ်ဆောင်ခြင်းအား ရပ်စဲ၍ စီးပွားကုန်သွယ်ရေး အငြင်းပွားမှုကို ညှိနှိုင်းဆွေးနွေးခြင်းဖြင့် သင့်လျော်ပြေလည်စွာ ဖြေရှင်းသင့်ပါသည်။ ဥရောပ သမဂ္ဂဘက်မှ စိတ်ကြိုက်ဇွတ်အတင်း ဆက်လက်ဆောင်ရွက် ပါက တရုတ်ဘက်သည် WTOစည်းမျဉ်း ဥပဒေနှင့် ဈေးကွက် အခြေခံမူများကို ထိန်းသိမ်းကာကွယ်ရန်နှင့် တရုတ် လုပ်ငန်းကုမ္ပဏီများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်သော ဆောင်ရွက်ချက်များကို ခိုင်မာပြတ်သားစွာ ကျင့်သုံးဆောင်ရွက်မည် ဖြစ်ပါသည်။