CGTN စစ်တမ်း - အမေရိကန်က တစ်ကမ္ဘာလုံးမှာ တစ်ခုတည်းသော “ပိတ်ဆို့အရေးယူမှုတွေလုပ်တဲ့နိုင်ငံကြီး” ဖြစ်တယ်လို့ ကမ္ဘာတစ်ဝန်းမှ စစ်တမ်းဖြေဆိုသူ ၈၀% နီးပါးက ယူဆ

(GMT+08:00)2024-06-13 16:52:36  

အမေရိကန်က “ပိတ်ဆို့အရေးယူမှုဆိုတဲ့ တုတ်ကြီး” ကို ထပ်မံဝှေ့ယမ်းလိုက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တခြားသူများအား ဖမ်းဝရမ်းထုတ်မှုကို ကန့်ကွက်ခဲ့ရာ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုကို ခံခဲ့ရပါတယ်။ China Media Group CGTN က ကမ္ဘာတစ်ဝန်းမှ အင်တာနက်အသုံးပြုသူများကို ကောက်ယူထားတဲ့ စစ်တမ်းမှာ စစ်တမ်းဖြေဆိုသူ ၉၀.၁% က အမေရိကန်ရဲ့ဒီလုပ်ရပ်က တရားဝင်မှုလုံးဝမရှိကြောင်း ယူဆကြပြီး  နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ စည်းစနစ် အပေါ် လေးစားမှုမရှိလို့ ဝေဖန်ထားကြပါတယ်။

အမေရိကန်က အခြားနိုင်ငံများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများကို လက်လွတ်စပယ် ပိတ်ဆို့အရေးယူခြင်းဟာ ကုလသမဂ္ဂအမှူးပြုတဲ့ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုစနစ်နဲ့ နိုင်ငံတကာ စည်းစနစ်ကို ဆိုးရွားစွာ ထိခိုက်စေတယ်လို့ ကမ္ဘာတစ်ဝန်းမှ ဖြေဆိုသူ ၈၅.၂% က ယူဆကြောင်း စစ်တမ်းမှာ တွေ့ရပါတယ်။

တစ်ချိန်တည်းမှာလည်း ပိတ်ဆို့အရေးယူခြင်းခံရတဲ့ နိုင်ငံများရဲ့ စီးပွားရေး ရပ်တန့်သွားပြီး ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ရပါတယ်။ “အမေရိကန်စတိုင် ပိတ်ဆို့အရေးယူမှု” ကြောင့် ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့ လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းများအတွက် များစွာစိုးရိမ်ပူပန်မိတယ်လို့ ဖြေဆိုသူ ၉၃% က ဆိုထားပါတယ်။ ဖြေဆိုသူ ၈၈.၉% က  အမေရိကန်ရဲ့ လက်လွတ်စပယ် ပိတ်ဆို့အရေးယူခြင်းက အခြားနိုင်ငံများရဲ့ ပြည်တွင်းရေးကို တိုက်ရိုက်စွက်ဖက်ခြင်းဖြစ်တယ်တို့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး တခြားနိုင်ငံများရဲ့ တရားမျှတမှန်ကန်သော ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးများကို မှန်ကန်စွာရှုမြင်ရန်၊ ဗိုလ်ကျစိုးမိုးမှုလုပ်ရပ်များကို ရပ်တန့်ရန် အမေရိကန်ကို တိုက်တွန်းထားပါတယ်။ “ပိတ်ဆို့အရေးယူမှုကို အလွဲသုံးစားလုပ်ခြင်းဟာ ပြည်သူတွေကို ခေါင်းပုံဖြတ်ခြင်းနဲ့ ဒုက္ခပေးခြင်း ဖြစ်တယ်” လို့ အင်တာနက်အသုံးပြုသူများက ထိထိမိမိ ထောက်ပြကြပါတယ်။

ဒီစစ်တမ်းကို CGTN ရဲ့ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ အာရပ် နဲ့ ရုရှား ဘာသာစကားပလက်ဖောင်းတွေမှာ ထုတ်ပြန်ခဲ့ရာ ၂၄ နာရီအတွင်း အင်တာနက်အသုံးပြုသူ ၁၅၀၀၀ ကျော် ပါဝင်မဲပေးခဲ့ပြီး သဘောထားအမြင်များ ဖော်ပြခဲ့ပါတယ်။