တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်ရေးသည် စိန်ခေါ်မှုများကို မကြောက်ရွံ့

(GMT+08:00)2024-06-13 14:53:26  

ယခုလ ၁၁ရက်နေ့က တရုတ် ခရီးသည်တင် မော်တော်ယာဉ် ဈေးကွက် သတင်း အချက်အလက် ပူးတွဲ အစည်းအဝေးမှ ထုတ်ပြန်ခဲ့သော စာရင်းအရ ယခုနှစ် ဇန်နဝါရီလမှ မေလ အထိ ပြည်ပသို့ တရုတ် မော်တော်ယာဉ် တင်ပို့ရောင်းချမှု ပမာဏမှာ စီးရေပေါင်း ၂.၄၅သန်းရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၂၇ရာခိုင်နှုန်း တိုးလာကြောင်း သိရပါသည်။ ယင်းအနက် စွမ်းအင်သစ်သုံး မော်တော်ယာဉ်များ ပြည်ပသို့ အဆက်မပြတ် တင်ပို့ရောင်းချပြီး တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှု တိုးတက်စေသည့် အရေးကြီး တွန်းအား ဖြစ်လာပါသည်။

ယခုနှစ် ဇန်နဝါရီလမှ မေလ အထိ တရုတ် ကုန်ပစ္စည်း ကုန်သွယ်မှု သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏမှာ ယွမ်ငွေ ၁၇.၅ ထီရီယံ ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၆.၃ရာခိုင်နှုန်း တိုးလာကြောင်း တရုတ် အစိုးရဘက်မှ ထုတ်ပြန်သော စာရင်းအရ သိရ ပါသည်။ ရှုပ်ထွေး‌သော ပြင်ပ စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရသော်လည်း တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်ရေးသည် တိုးတက်လာပါသည်။ အထူးသဖြင့် စွမ်းအင်သစ်သုံး မော်တော်ယာဉ်၊ လီသီယမ် ဘက်ထရီနှင့် photovoltaic ကုန်ပစ္စည်း ကိုယ်စားပြုသော ကုန်ပစ္စည်းသစ်များ၏ အရည်အသွေး မြင့်တင်လာပြီး ဆန်းသစ်တီထွင်ရေး ဆိုင်ရာ အောင်မြင်မှုများ ရရှိကာ တစ်ကမ္ဘာလုံးတွင် ကြိုက်နှစ်သက်သူ တစ်နေ့တခြား များပြားလာ၍ “တရုတ်နိုင်ငံမှ စမတ်ကျ ထုတ်လုပ်ခြင်း”၏ ယှဉ်ပြိုင်နိုင်စွမ်းကို အပြည့်အဝ ပြသနေပါသည်။

အမှန်တကယ်တော့ တရုတ် နိုင်ငံသည် ကမ္ဘာ အတွက် ကုန်ပစ္စည်းသစ်များ ထောက်ပံ့ပေးနေသည့် အပြင်၊ နိုင်ငံ အသီးသီးနှင့် အတူ အခွင့်အလမ်းသစ်များနှင့် တရုတ် ဈေးကွက်ကြီးကို အတူ မျှဝေနေကြပါသည်။ သက်ဆိုင်ရာ စာရင်းအရ ယခုနှစ် ဇန်နဝါရီလမှ မေလ အထိ တရုတ် ကုန်ပစ္စည်း ကုန်သွယ်မှု၏ သွင်းကုန် ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၆.၄ရာခိုင်နှုန်း တိုးလာပြီး သွင်းကုန် ပမာဏ ခြေလှမ်းမှန်မှန်ဖြင့် တိုးလာကြောင်း သိရပါသည်။ ထို့အပြင်၊ ယင်းအချိန်ပိုင်းတွင် တရုတ် ဈေးကွက်သို့ ဝင်ရောက်ရန် သတ်မှတ်ထားသည် သက်ဆိုင်ရာစံနှုန်းများကို လျှော့ပေါ့ပေးရေး၊ အကောက်ခွန် ရှင်းလင်းရေး အဆင်ပြေစေရေး မြှင့်တင်းခြင်းစသည့် ဆောင်ရွက်ချက်များကို ကျင့်သုံးခြင်းကြောင့် ဂျာမဏီနိုင်ငံမှ လတ်ဆတ်သော ပန်းသီး၊ ချီလီနိုင်ငံမှ သစ်ကျားသီး အဆန် စသည့် နိုင်ငံ အသီးသီးမှ ထူးခြားချက်ပါရှိသော ကုန်ပစ္စည်းများသည် တရုတ် ဈေးကွက်သို့ အသီးသီး ဝင်ရောက်လာခဲ့ပါသည်။ တစ်ချိန်တည်းတွင် ပိုမိုများပြားသည့် နိုင်ငံခြား လုပ်ငန်း ကုမ္ပဏီများသည် တရုတ် နိုင်ငံတွင် ဖောက်သည်သစ်များ ရရှိပြီး လုပ်ငန်း သစ်များ တိုးချဲ့ဖော်ဆောင်ကာ အခွင့်ကောင်းများနှင့် အကျိုးအမြတ်များလည်း ရရှိခဲ့ပါသည်။

နိုင်ငံခြား ကုန်သွယ်ရေးသည် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေးကို အကဲဖြတ်သုံးသပ်သည့် အရေးကြီး အချက် တစ်ချက် ဖြစ်ပါသည်။ တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်ရေး ကောင်းမွန်လာသည့် အရှိန်အဟုန် အဆက်မပြတ် ခိုင်မာလာသည်နှင့်အမျှ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့၊ ပြင်သစ် နိုင်ငံ ပါရီဘဏ်၊ အမေရိကန်ဘဏ် စသည့် နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများသည် ၂၀၂၄ခုနှစ် တရုတ် စီးပွားရေး ခန့်မှန်းခြေ တိုးတက်နှုန်းကို ၅ရာခိုင်နှုန်း အထိ တိုးမြှင့်ခဲ့သည်ဟု အသီးသီး ကြေညာခဲ့ပါသည်။ တရုတ် နိုင်ငံသည် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကြီးဆုံး တွန်းအားပေးမှု ဖြစ်မြဲဖြစ်နေသေးကြောင်း နိုင်ငံတကာ မီဒီယာများစွာက ဖော်ပြပါသည်။