ဂျပန်ကားကုမ္ပဏီ အများအပြား လိမ်လည်မှုဖြင့် စွပ်စွဲခံရ

(GMT+08:00)2024-06-05 13:25:41  

ဂျပန်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ ဇွန်လ ၃ရက်နေ့က ကြေညာချက် တစ်ရပ် ထုတ်ပြန်ရာတွင် တိုယိုတာ၊ မာဇဒါ၊ Yamaha အင်ဂျင်၊ ဟွန်ဒါနှင့် ဆူဇူကီး မော်တော်ကားကုမ္ပဏီ ၅ ခုတို့သည် ထုတ်လုပ်မှု အသိအမှတ်ပြု လက်မှတ် လျှောက် ထားခြင်း ဖြစ်စဉ်အတွင်း တရားမဝင် ဆောင်ရွက်မှု ရှိခဲ့ပြီး စုစုပေါင်း ကားအမျိုးအစား ၃၈ မျိုး၏ အသိအမှတ်ပြုရာတွင် လိမ်လည်မှုရှိကြောင်း ဖော်ပြခဲ့ပါသည်။ အဆိုပါ ကြေညာချက်ထုတ်ပြန်ပြီးနောက် တိုယိုတာ၊ ဟွန်ဒါနှင့် မာဇဒါတို့မှ အမှုဆောင် အရာရှိ များသည် ဇွန်လ ၃ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ အသီးသီးပြုလုပ်ပြီး သက်ဆိုင်ရာ ဖြစ်ရပ်များအတွက် တောင်းပန်ခဲ့ပါသည်။ ဇွန်လ ၄ ရက်နေ့တွင် ဂျပန်နိုင်ငံ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာနသည် Aichi ရှိ တိုယိုတာ ရုံးချုပ်ကို စုံစမ်းစစ်ဆေးမှု စတင် ပြုလုပ်ခဲ့ ကြောင်း သတင်းအရ သိရသည်။